January 13, 2021

ကလေးဘဝ ကူးစက်တတ်သောရောဂါများ

ဒေါက်တာလွင်သန့်

        ကလေးဘ၀ ကူးစက်တတ်တဲ့ရောဂါတွေ များပြားလှပါတယ်။ အခြားတစ်ဖက်ကကြည့်လျှင် ကလေးဘ၀မှာ ခုခံမှုစနစ်မပြည့်စုံသေးတာကြောင့် ရောဂါပိုးတို့ ကူးစက်ပျံ့နှံ့နေခြင်းတို့ ဖြစ်နိုင်တယ်။

အအေးမိ နှာစေး ချောင်းဆိုးခြင်း

        အအေးမမိအောင်၊ နှာမစေးအောင် ယနေ့ထိ အောင်မြင်စွာမကာကွယ်နိုင်သေးဘူး။ နို့တိုက်မိခင် နှာစေး၊ ချောင်းဆိုးလျှင် မိခင်မှ နို့တိုက်နေတဲ့ကလေးဆီ ကူးစက်မှာပဲဖြစ်ပါတယ်။ မိခင်အနေနဲ့ နှာခေါင်း၊ ပါးစပ်စည်းထားပြီးမှ ကလေးငယ်ကို နို့တိုက်ခြင်း၊ ရေချိုးပေးခြင်း၊ အဝတ်အစားလဲခြင်းတို့ ပြုလုပ်ပေးသင့်တယ်။ ဒါမှ ကလေးငယ်ထံ ရောဂါပိုးမရောက်အောင် ကာကွယ်နိုင်မယ်။

        နှာစေးအအေးမိနေတဲ့ အခြားသူများကလည်း ကလေးနဲ့ ဝေးဝေးနေသင့်တယ်။ ကလေးကို အဆိုပါသူတွေမှ မြူခြင်း၊ နမ်းရှုပ်ခြင်း မလုပ်သင့်ဘူး။ မွေးစကလေးမှလွဲပြီး အခြားကလေးငယ်တွေကို အအေးမမိအောင်၊ နှာမစေးအောင် အထူးဂရုစိုက် ကာကွယ်ပေးဖို့ မလိုပါဘူး။ ကလေး ခုနစ်နှစ်အရွယ်မှာ နှာစေးအအေးမိခြင်း ခုခံကာကွယ်နိုင်တဲ့ကိုယ်ခံအား ဖြစ်ပေါ်စမြဲဖြစ်တယ်။ ကလေးကို ရာသီအလိုက် သင့်တော်တဲ့အဝတ်အစား ဝတ်ဆင်ပေးသင့်ပါတယ်။ ချွေးစို ရေစို အဝတ်လဲပေးရမယ်။ ကလေးကို အအေးမိမှာစိုးလို့ မထွက်ရ၊ မကစားရ တားမြစ်ခြင်းဟာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကို တားဆီးခြင်းဖြစ်နေလို့ အကျိုးမဲ့စေပါတယ်။

        ရာသီတုပ်ကွေး(A/H1N1) ဖြစ်ချိန်မှာ တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးသင့်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၂၇ ရက်နေ့ထိ တုပ်ကွေးကပ်ရောဂါ မြန်မာနိုင်ငံတွင် ခံစားနေရပြီး ပိုးတွေ့ရှိမှု ၅၉၃ ဦးမှာ သေဆုံးသူ ၁၀၅ ဦးရှိခဲ့ကြောင်း သိရှိရပါတယ်။ သေဆုံးသူတွေဟာ အသက်အရွယ်ကြီးသူများ၊ အသက်ငယ်လွန်းသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသက်ရှူလမ်းကြောင်းရောဂါ စတဲ့ နာတာရှည်ရောဂါအခံရှိသူတွေ ဖြစ်တာကြောင့် ကလေးငယ်တွေ ကာကွယ်ဆေးထိုးသင့်ပါတယ်။

        ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါဘီတို့ဟာ တစ်ပြိုင်တည်း ကာကွယ်ပေးနိုင်တဲ့ ဆေးငါးမျိုးဖြစ်ပါတယ်။ ကာကွယ်ဆေးကို အသက်နှစ်လ၊ လေးလနဲ့ ခြောက်လ အရွယ်မှာ သုံးကြိမ်ဆက်တိုက် ထိုးပေးရပါမယ်။

        ဝက်သက်နှင့် ဂျိုက်သိုးဝက်သက် ကာကွယ်ဆေးကို ကလေးကိုးလနဲ့ တစ်နှစ်ခွဲအရွယ်တွေမှာ ထိုးနှံကာ တစ်ကြိမ်ထိုးရုံနဲ့ ၉၆ ရာခိုင်နှုန်း ရောဂါကင်းစင်တယ်လို့ ဆိုတယ်။ ဂျိုက်သိုး(ပါးချိတ်ရောင်)ရောဂါဟာ ကူးစက်တတ်ပြီး ကလေးကို အိမ်မှာ ပြုစုပေးနိုင်တယ်။ ကလေးငါးယောက်မှာ တစ်ယောက် ရောဂါကူးနိုင်တယ်။ ကလေးဘ၀ ပါးချိတ်ရောင်ခြင်းက ၁၄ နှစ်ကျော်မှ ပါးချိတ်ရောင်ခြင်းထက် အန္တရာယ်ကင်းတယ်။ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံက အသက် ၁၅ နှစ်အောက်ကလေးတိုင်းကို ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံခဲ့ဖူးသလို ၂၀၁၉-၂၀၂၀ မြို့နယ် ၉၆ မြို့နယ်မှာ အသက် ငါးလခွဲမှ ငါးနှစ်ကြား ကလေးများကို ထိုးနှံပေးဖို့ရှိတယ်။ အချို့ဒေသများနဲ့ ချင်းပြည်နယ်မှာ ထိုးနှံပေးနေပါတယ်။

ဓာတ်ပုံ - ဓာတ်ပုံ - publicfinance

        ရေကျောက်၊ ပဲသီတာကို ကာကွယ်ဆေး ထိုးနှံနိုင်ပေမယ့် ဈေးကြီးလို့ မထိုးနှံပေးပါဘူး‌။ ကလေးငယ်တွေမှာ ရေကျောက်ဖြစ်လျှင် ကြီးကျယ်တဲ့ရောဂါမဟုတ်ဘဲ ကလေးမချူချာလျှင် အထူးကာကွယ်ပေးဖို့ မလိုဘူး။မိသားစုမှ ကလေးတစ်ယောက် ရေကျောက်ပေါက်ရင် ကျန်ကလေး လေးပုံသုံးပုံမှာ ကူးစက်လေ့ရှိတယ်။ ရေ ကျောက်တစ်ကြိမ်ပေါက်ပြီး နောက်တစ်ကြိမ် ပေါက်ဖို့ ခဲယဉ်းပါတယ်။

ပိုလီယိုအကြောသေရောဂါ

        အချို့ ကမ္ဘာ့စက်မှုဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုလီယိုမတွေ့ရတော့ပေမယ့် မြန်မာနိုင်ငံ ဖာပွန်ခရိုင်မှာ ပိုလီယိုအရိုင်းပိုးကို ကလေးငယ်တစ်ယောက်မှာ တွေ့ရှိခဲ့ရတယ်။၂၀၁၉ ခုနှစ်မှာ ကရင်ပြည်နယ် ခုနစ်မြို့နယ်၊ မွန်ပြည်နယ်၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်တို့မှာ ပိုလီယိုအစက်ချဆေး ပြန်လည်တိုက်ကျွေးခဲ့သလို ရှမ်းပြည်နယ်(အရှေ့ပိုင်း) နဲ့ ရခိုင်ပြည်နယ်တို့မှာလည်း ပိုလီယိုအစက်ချကာကွယ်ဆေး ပြန်သုံးနေပါတယ်။

        အကြောသေရောဂါဟာ နှာခေါင်း၊ လည်ချောင်းမှအသက်ရှူနည်းနှင့်လည်းကောင်း၊ ရောဂါပိုးသယ်ဆောင်သူနဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့်လည်းကောင်း၊ ရောဂါပိုးမွှား သယ်ဆောင်လာတဲ့ မစင်၊ ယင်နားစာ အမှတ်တမဲ့စားတဲ့ အစားနဲ့ သောက်ရေထဲ ပါဝင်သွားရာမှ ကလေးထံ ကူးစက်တယ်။ သီးသန့်ထားပြီး ကုသရတယ်။ ၁၄ ရက်ကြာ အဖျားမတက်လျှင် အခြားသူထံ ရောဂါကူးစက်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ သုံးသပ်ရပါတယ်။

        ဝမ်းကိုက်ဝမ်းလျှောခြင်းဟာ အစာ၊ ရေ မသန့်လို့ ယင်ကောင်တွေက လူနာရဲ့မစင်ကိုနားပြီး ကလေးစားသောက်မယ့်အစာအာဟာရကို ထပ်နားတဲ့အခါ ဝမ်းလျှောဝမ်းကိုက် ဖြစ်တတ်ပါတယ်။ အစာမစားမီ အိမ်သာတက်ပြီး ညစ်ပေနေလျှင် လက်ကို ဆပ်ပြာ၊ ရေ တို့နဲ့ စက္ကန့် ၂၀ ကြာ ဆေးကြောသင့်ပါတယ်။ အစားအစာများ ယင်မနားအောင် ဖုံးအုပ်ထားသင့်ပြီး တတ်နိုင်သမျှ လမ်းဘေးအစာ မကျွေးသင့်ပါဘူး။

        အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါဟာ ဆာမိုနဲလားတိုင်ဖီကြောင့် ဖြစ်ရပါတယ်။ တိုက်ဖွိုက်ကာကွယ် ဆေးထိုးနှံခြင်းနဲ့ ကာကွယ်နိုင်တယ်။ လူနာရဲ့မစင်၊ ယင်နားခြင်း၊ မသန့်ရှင်းသောလက်များနဲ့ စားသောက်ခြင်းကနေ တိုက်ဖွိုက်ဖြစ်တဲ့အတွက် စနစ်တကျ မြေမြှုပ်လျှော်ဖွပ်ရမယ်။

        အဆုတ်တီဘီရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ကူးစက်ရောဂါထဲမှာ ပါဝင်တယ်။ လူနေမှုအဆင့်တန်း နိမ့်ကျခြင်း၊ အာဟာရချို့တဲ့ခြင်းကြောင့် ရောဂါရနိုင်ပေမယ့် ကာကွယ်လို့ရပါတယ်။ အသက် နှစ်လရွယ်မှာ အဆုတ်ကာကွယ်ဆေး (BCG) ထိုးနှံပေးတယ်။ အဆုတ်ရောဂါပိုးပါရှိတဲ့ နွားနို့ကို မကျက်တကျက်သောက်မိလျှင်လည်း နွားမှာဖြစ်တဲ့ တီဘီက လူသားရဲ့ အူသိမ်မှာ ရောက်ရှိဖြစ်ပွားကာ အမြဲဗိုက်အောင့်နေ တတ်ပါတယ်။ ကိုယ်ခံအား မကောင်းသေးလျှင်၊ နေအိမ်မှာ တီဘီလူနာဆေးသောက်ဆဲလူနာရှိနေလျှင် ကလေးတွေ ကူးစက်တတ်တယ်။ ကလေးတွေမှာ သလိပ်စစ်ဆေးဖို့ မဖြစ်နိုင်လို့ ရင်ဘတ်ဓာတ်မှန်ရိုက်ကာ အဆုတ်တီဘီပိုး ရှိ မရှိ သိရှိပြီး ဒေသန္တရဆေးရုံ ဆေးခန်းမှ တိုက်ရိုက်ကြည့်ရှု အချိန်တိုနဲ့ကု DOT ကုသချက် ခြောက်လ၊ ရှစ်လကြာရင် ဓာတ်မှန်ရိုက်ပြီး ရှိ၊ မရှိ ကြည့်ပေးသင့်ပါတယ်။ ကျိုချက်ပြီး နွားနို့ကိုသာ သောက်သင့်ပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၀)

No comments:

Popular Posts