အောင်ဆန်း (စိုက်ပျိုးရေး)
အော်ဂင်းနစ်စိုက်ပျိုးရေး ဘာကြောင့်ပေါ်လာရသလဲ။ တစေ့တစောင်း အကဲခတ်ကြည့်ရင် စားနပ်ရိက္ခာသီးနှံတွေ လုံခြုံမှုမရှိတော့ဘဲ အန္တရာယ်ဘေးကြုံလာရခြင်းက အခြေခံပါပဲ။ ဓာတုဓာတ်မြေဩဇာတွေကြောင့် ရိက္ခာတွေဘေးဖြစ်လာတယ်။ ဓာတုဆေးတွေကြောင့် စားနပ်ရိက္ခာတွေ အဆိပ်သင့်လာတယ်။ ဒီအကြောင်းရင်းများကို ရိုးမယ်ဖွဲ့သော်လည်း ဓာတ်မြေဩဇာကြောင့် စားနပ်ရိက္ခာများ ဘေးတွေ့ပြီး လူနှင့်သတ္တဝါတို့ အသက်အန္တရာယ်ကြုံ အနိဋ္ဌာရုံဆိုတာ သိသိသာသာ မခံစားကြသေးပါ။ ဓာတုဆေးတွေကြောင့် လူနှင့် သတ္တဝါတို့ရဲ့ ကျန်းမာရေးထိခိုက်ခံရပြီး အသက်ပါ စတေးခံလိုက်ရတဲ့ဖြစ်စဉ်များက ဒုနဲ့ဒေးပင် အထင်းသား တွေ့နေရပါတယ်။
၂၀၅၀ ပြည့်နှစ်မှာ တိုးပွားဖြစ်ပေါ် လာမယ့် ကမ္ဘာ့လူဦးရေ ၉ ဘီလီယံကျော်ကို ဝဝလင်လင် ကျွေးနိုင်ဖို့ ရိက္ခာသီးနှံများ ဧရိယာတိုးချဲ့ဆောင်ရွက်ခြင်း၊ အထွက်နှုန်းတိုးအောင် ဆောင်ရွက်ခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာခဲ့ပါတယ်။ သီးနှံများနဲ့အတူ ယှဉ်တွဲပေါ်လာတဲ့ ဖွားဖက်တော်များကတော့ သီးနှံဖျက်ပိုးမွှားရောဂါများ ဖြစ်ပါတယ်။ ဒီသီးနှံဖျက်ပိုးရောဂါတွေကို ကာကွယ်နှိမ်နင်းနိုင်ဖို့ အင်းဆက်ပိုးမွှားရောဂါများအား ကာကွယ်နှိမ်နင်းနိုင်မယ့် ဆေးများကို အကွက်မြင်မြင် ထုတ်လုပ်လာကြပါတယ်။
ယခုအခါမှာ ဓာတုပိုးသတ်ဆေးအမျိုးပေါင်း ၁၅၀၀ ကျော်၊ ဆေးစုစုပေါင်း ၁၆ သန်းကျော်ထိ ရှိလာပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ထောက်ပြထားပါတယ်။ နိုင်ငံတကာမှတစ်ဆင့် မြန်မာ့လယ်ယာကဏ္ဍအတွင်းသို့ ပိုးသတ်ဆေးတစ်မျိုးမျိုး တန်ချိန် ၃၀၀၀၀ ကျော် ဝင်ရောက်နေရာယူ ဖြန့်ဖြူးထုတ်လုပ် ရောင်းချနေပြီဟု ဆိုပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ ၂၅ သန်းခန့်ဟာ ဓာတုပိုးသတ်ဆေးများ၏ ဓာတ်ကြွင်းအဆိပ်သင့်ခြင်းကို ခံစားနေကြရပြီး နှစ်စဉ် လူပေါင်းနှစ်သောင်းခန့် အသက်စတေးခံနေကြရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း နှစ်စဉ် လူသတ္တဝါတို့ ဓာတုပိုးသတ်ဆေးဓာတ်ကြွင်းများကြောင့် အသက်ဆုံးရှုံးရမှုများ ကြုံတွေ့နေရပါတယ်။ ၁၉၉၄ ခုနှစ်က တရုတ်နိုင်ငံ Shandong ပြည်နယ်တွင် ကန်စွန်းဥမှာ Parathion ပိုးသတ်ဆေးအသုံးပြုခဲ့တဲ့အတွက် ဒေသခံပြည်သူ ၃၀၀ ကျော် အဆိပ်သင့်ခံခဲ့ရပြီး လူသုံးဦး အသက်စတေးခဲ့ရပါတယ်။ တရုတ်နိုင်ငံမှာပဲ ဓာတုပိုးသတ်ဆေးဓာတ်ကြွင်း ကျန်နေတဲ့ ဟင်းသီးဟင်းရွက်တွေကိုစားမိတဲ့ ကျောင်းသားအမြောက်အများ အစာအဆိပ်သင့်ခံရပြီး ၂၃ ဦး ဆေးရုံတင်လိုက်ရတဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်။
ဒီအနိဋ္ဌာရုံများကို တွေးဆမြော်မြင်လာတဲ့ အမေရိကန်နိုင်ငံမှာ စာရေးဆရာမ Rachel Carson (1962) က နွေဦးပုံရိပ် သပိတ်လွယ်ငှက်ငယ်ကလေးများ တေးမဆိုနိုင်တော့ပါ။ “Silent Spring” စာအုပ်ရေးဖွဲ့၍ ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲနေခြင်းကို ဟန့်တားခဲ့ပါတယ်။ ဆရာမရဲ့အာဘော်ကတော့ “အင်းဆက်ပိုးသတ်ဆေးများ၊ ဓာတုဆေးပစ္စည်းများကို ဘယ်တော့မှ လုံးဝမသုံးပါနဲ့ဟု တိုက်တွန်းခြင်းမဟုတ်။ အဆိပ်အတောက်ပြင်းပြီး သတ္တဝါများနှင့် သစ်ပင်များအပေါ် သက်ရောက်မှုအား ကြီးမားတဲ့ဓာတုပစ္စည်းများကို ၄င်းတို့၏ အန္တရာယ်အကြောင်း ကောင်းစွာမသိသူ သို့မဟုတ် လုံးဝမသိသူများ၏ လက်ထဲသို့ အဆင်အခြင်အတွက်အဆမရှိပေးခဲ့ခြင်းသာ ဆိုလိုခြင်းဖြစ်သည်”ဟု ပြောခဲ့ပါတယ်။ ဆရာမရေးခဲ့တဲ့ အဆိုပါ “Silent Spring” စာအုပ်ကြောင့် အမေရိကန်ကွန်ဂရက်လွှတ်တော်မှ အဖျက်စွမ်းအားကြီးမားတဲ့ ပြင်းအားကောင်းတဲ့ ရေရှည်တည်တံ့ အာနိသင်ရှိတဲ့ ကလိုရင်းအုပ်စုဝင် ဒီဒီတီ၊ လင်ဒိန်၊ အင်ဒရင်း၊ အော်ဒရင်းဆေးများကို စိုက်ပျိုးရေးနယ်ပယ်မှာ အသုံးမပြုရန် ပိတ်ပင်ခဲ့ပါတယ်။
![]() |
ဓာတ်ပုံ - အောင်မြင့် (ပြန်/ဆက်) |
စာရေးဆရာမ Rachel Carson မှ ဓာတုအဆိပ်ဆေးများနှင့်ပတ်သက်ပြီး စာအုပ်တစ်အုပ်ပြီးတစ်အုပ် ရေးသားဟန့်တားခဲ့သော်လည်း အော်ဂင်နိုကလိုရင်းကြောင့် အသဲရောင်အသားဝါဖြစ်လာခြင်း၊ ကင်ဆာရောဂါဖြစ်လာခြင်း၊ ၁၉၉၆ ခုနှစ် အမေရိကန်နိုင်ငံတွင် ရက်စ်ဘယ်ရီသီးမှ ဓာတ်ကြွင်းကြောင့် လိမ္မော်ရည်အဆိပ်သင့်မှုခံစားရခြင်း၊ ၂၀၀၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ကြက်သွန်နီမှ ဓာတ်ကြွင်းအဆိပ်သင့်မှုဖြစ်ပွားခြင်း၊ ၂၀၀၄ ခုနှစ်တွင် အီတလီနိုင်ငံ၌ ခရမ်းချဉ်သီးမှ ဓာတ်ကြွင်းအဆိပ်သင့်မှုခံစားရခြင်းများ ကြုံတွေ့ခံစားလာကြရပါတယ်။
စားနပ်ရိက္ခာများတွင် ဓာတုဆေးများ ဓာတ်ကြွင်းကြောင့် အဆိပ်သင့်ခံရခြင်းသာ မဟုတ်ဘဲ စားနပ်ရိက္ခာများမှတစ်ဆင့် ရောဂါပိုးကူးစက်ခံရသည့် ဖြစ်စဉ်များလည်း ရှိပါတယ်။ ၁၉၉၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နှစ်စဉ် အသက်ငါးနှစ်အောက် ကလေးဦးရေ ၁၅၀၀ ကျော် အစားအစာမှတစ်ဆင့် ကူးစက်၍ ဝမ်းပျက်ဝမ်းလျှောရောဂါကို ခံစားကြရပြီး သုံးသန်းကျော်မှာ အသက်စတေးခံလိုက်ကြရသည်ဟု ဆိုပါတယ်။ စားနပ်ရိက္ခာများမှတစ်ဆင့် ကူးစက်ပြန့်ပွားတဲ့ရောဂါဟာ နောက်ဆယ်စုနှစ်တစ်နှစ်အတွင်း အဆပေါင်း ၃၀၀ မှ ၅၀၀ အထိ မြင့်မားလာနိုင်တယ်လို့ WHO က ဆိုထားပါတယ်။ စားနပ်ရိက္ခာများမှတစ်ဆင့် ရောဂါသယ်ဆောင်မှုမှာ လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များက သယ်ဆောင်လာကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဂွာတီမာလာနိုင်ငံတို့မှာ ရက်စ်ဘယ်ရီသီးမှ ကူးစက်တဲ့ ဘက်တီးရီးယားပိုးကြောင့် လူပေါင်း ၁၄၆၅ ဦး နာမကျန်းဖြစ်တဲ့ဒုက္ခ ခံစားခဲ့ကြရပါတယ်။ အမေရိကန်နိုင်ငံမှာ Green Onion မှပါလာတဲ့ အသည်းရောင်အသားဝါပိုးကြောင့် လူပေါင်း ၄၀၀ ကျော် နာမကျန်းဖြစ်ခဲ့ရပြီး လေးဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
၂၀၀၄ ခုနှစ်က ကနေဒါနိုင်ငံမှာ ခရမ်းချဉ်မှတစ်ဆင့် ပါလာတဲ့ Salmonella ဘက်တီးရီးယားပိုးကြောင့် လူပေါင်း ၅၆၁ ဦး မကျန်းမမာဖြစ်ခဲ့ပြီး လူပေါင်း ၁၂ ဦး သေဆုံးခဲ့ပါတယ်။ တစ်ဖန် စားနပ်ရိက္ခာထွက်ကုန်များမှ (E.Coil 0104:H4) ရောဂါပိုးတွေ့ရှိရတဲ့အတွက် ဥရောပအဖွဲ့အစည်းများမှ စားနပ်ရိက္ခာလုံခြုံရေးကို တင်းကြပ်စွာ ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ အင်းလေးဒေသရှိ လူ ၇၀ ရာခိုင်နှုန်း၏သွေးထဲတွင် ပိုးသတ်ဆေးများ စစ်ဆေးတွေ့ရခြင်းသည် အလွန်အန္တရာယ်ကြီးမားသောဖြစ်စဉ် ဖြစ်ပါတယ်။
ယခုအခါ ကမ္ဘာအနှံ့တွင် လူသားတိုင်းသည် လုံခြုံမှုမရှိသည့် စားနပ်ရိက္ခာများကို နေ့စဉ်နဲ့အမျှအထိတ်တလန့် ခံစားနေကြရပါတယ်။ အရည်အသွေးမပြည့်မီတဲ့ စားနပ်ရိက္ခာများရဲ့ ခြောက်လှန့်မှုကို ကျီးလန့်စာစားဖြစ်နေကြရပါတယ်။ လုံခြုံစိတ်ချပြီး အရည်အသွေးကောင်းမွန်သော စားနပ်ရိက္ခာများကို အာသာငန်းငန်း တောင့်တလာကြပါတယ်။
ဤသို့သော စားနပ်ရိက္ခာလုံခြုံမှု၊ အရည်အသွေးကောင်းမွန်မှုရှိတဲ့ စားနပ်ရိက္ခာများ ထုတ်လုပ်ရန် စားသုံးသူများ၊ သိပ္ပံပညာရှင်များက အပူတပြင်း စဉ်းစားလာရာ ပထမခြေလှမ်းအဖြစ် အော်ဂင်းနစ်သီးနှံ ထုတ်လုပ်ရေးကို ခြေလှမ်းစလှမ်းခဲ့ကြပါတယ်။ ဒီအရှိန်ကြောင့် ကမ္ဘာမှာ အော်ဂင်းနစ်သီးနှံ စိုက်ပျိုးရေးဟက်တာသန်းပေါင်း ၄၃ ဒသမ ၇ သန်းထိ တိုးတက်လာခဲ့ပါတယ်။ အော်ဂင်းနစ်သီးနှံများအနက် နှံစားသီးနှံ ဟက်တာသန်းပေါင်း ၃ ဒသမ ၄ သန်း၊ ဆီထွက်သီးနှံ ဟက်တာသန်းပေါင်း တစ်သန်းကျော်၊ ဟင်းသီးဟင်းရွက် ဟက်တာသန်းပေါင်း သုည ဒသမ ၃ သန်း၊ ပဲမျိုးစုံ ဟက်တာသန်းပေါင်း သုည ဒသမ ၄ သန်းနဲ့ တိရစ္ဆာန်အစာစိမ်း ဟက်တာသန်းပေါင်း ၂ ဒသမ ၆ သန်း စိုက်ပျိုးလျက်ရှိပါတယ်။ ကော်ဖီ၊ ကိုကိုးနဲ့ စပျစ်ကတော့ ဟက်တာသန်းပေါင်း ၁ ဒသမ ၂၇ သန်း ဖြစ်ပါတယ်။ အော်ဂင်းနစ်သီးနှံများ စျေးကွက်အကြီးဆုံးဟာ အမေရိကန်နိုင်ငံဖြစ်ပြီး စုစုပေါင်း ကမ္ဘာ့စျေးကွက်ရဲ့ ၄၃ ရာခိုင်နှုန်းခန့်ရှိပြီး EU နိုင်ငံများက ၃၈ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံမှာ ၆ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။
ဤသို့ အော်ဂင်းနစ်သီးနှံများကို အရှိန်အဟုန်ဖြင့် ထုတ်လုပ်ရင်းပင် သိပ္ပံပညာရှင်များအကြား ဝိရောဓိများဖြင့် ငြင်းခုံနေကြသည်မှာ ယနေ့ထိပင်ဖြစ်ပါတယ်။ အော်ဂင်းနစ်စနစ်နဲ့ ထုတ်လုပ်တဲ့ စားနပ်ရိက္ခာတွေဟာ သာမန်စနစ်နဲ့ ထုတ်လုပ်ထားတဲ့ စားနပ်ရိက္ခာတွေထက် ရိက္ခာလုံခြုံမှုရှိတယ်ဆိုတာ ခိုင်လုံတဲ့အထောက်အထား မရှိသေးကြောင်း သိပ္ပံပညာရှင် J. Benton Jones Jr(2012)က ထောက်ပြထားပါတယ်။ အော်ဂင်းနစ်စနစ်တွင် အသုံးပြုသော အော်ဂင်းနစ်မြေဆွေးများ၊ သဘာဝမြေဆွေးများ၊ နွားချေး၊ ကြက်ချေးများ၊ အမှိုက်ပုံဆွေးများမှတစ်ဆင့် ပါလာနိုင်သော လူသားတို့အား အသက်အန္တရာယ်ဖြစ်စေသည့် ဘက်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်ပိုးများ၊ မှိုများ ကင်းစင်မှုကို အာမခံ နိုင်၊ မနိုင် သိပ္ပံပညာရှင်အချို့က မေးခွန်းထုတ်လျက်ရှိပါတယ်။
အမှန်မှာ ဓာတ်မြေဩဇာဓာတ်ကြွင်းကြောင့် စားနပ်ရိက္ခာများ အဆိပ်သင့်မှုဖြစ်ရခြင်းမှ ဓာတ်မြေဩဇာများကို စနစ်တကျမှန်လေးမှန်နဲ့ အသုံးမပြုဘဲ စည်းကမ်းမဲ့တွေ အလွန်အကျွံအသုံးပြုကြခြင်းက တရားခံဖြစ်ပါတယ်။ အမျိုးအစားမှန်ရမယ်၊ အချိုးအစားမှန်ရမယ်၊ အသုံးပြုတဲ့စနစ် မှန်ရမယ်၊ အချိန်မှန်ရမယ်ဆိုတဲ့ မှန်လေးမှန်ကို အခြေခံထားသုံးစွဲရင် ဓာတ်ကြွင်းများ အဆိပ်သင့်စရာ အကြောင်း မရှိပါ။ ဓာတုပိုးသတ်ဆေးများ ဓာတ်ကြွင်းဖြစ်ပြီး အဆိပ်သင့်ခံရခြင်းကို ကြည့်လျှင်လည်း သတ်မှတ်ထားသော ဓာတုဆေးများကို အသုံးပြုခြင်း၊ အရည်အသွေးမပြည့်မီသော ဓာတုဆေးများကို အသုံးပြုခြ င်း၊ ကျရောက်သော ပိုးမွှားရောဂါနှင့် ဆေးကိုက်ညီမှုမရှိခြင်း၊ သတ်မှတ်ထားသောအကြိမ်ထက် ပို၍ ဖျန်းခြင်း၊ ဆေးပုံးနှင့် နော်ဇယ်ခေါင်းများ ပုံမှန်မဟုတ်ဘဲ အသုံးပြုခြင်း၊ နည်းစနစ်မှန်ကန်စွာ မဖျန်းခြင်း၊ ဆေးဖျန်းပြီးပါက ဆေးပုံး၊ ဆေးဘူးများကို သေချာစွာ ဆေးကြောစွန့်ပစ်မှုမရှိခြင်း၊ သီးနှံများ ရိတ်သိမ်းဆွတ်ခူးချိန်နီးမှ ကပ်၍ ဆေးဖျန်းခြင်း၊ ဓာတုဆေးများ၏ ဓာတ်ပြယ်ကာလအထိ စောင့်ဆိုင်းခြင်းမရှိဘဲ သီးနှံများ ရိတ်သိမ်းဆွတ်ခူးခြင်းများကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ ဤအချက်များကို အဆိပ်သင့်ခြင်း ဖြစ်စရာအကြောင်းမရှိပါ။
အော်ဂင်းနစ်စနစ်သည် (၁) အစားအစာဘေးကင်းလုံခြုံရေး၊ (၂) သီးနှံများ၏အရည်အသွေး ကောင်းမွန်ရေး၊ (၃) ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းရေး၊ (၄) လုပ်သားများ ကျန်းမာ၍ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူမှုဘဝသာယာရေးဆိုတဲ့ အချက်များကို အာမခံချက်မပေးနိုင်ဘူးဟု အချို့ပညာရှင်များက ငြင်းဆိုထောက်ပြလျက်ရှိနေပါတယ်။
သို့ပါ၍ အချို့သော သိပ္ပံပညာရှင်များက အော်ဂင်းနစ်စနစ်ကို ကျော်လွန်၍ တစ်ဆင့်တက် စဉ်းစားတွေးဆလာကြပါတယ်။ အထက်ပါ အနိဋ္ဌာရုံများကို ကျော်လွှားနိုင်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices-GAP)စနစ်ကို အခြေချလာခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းမှ ဦးဆောင်၍ ကမ္ဘာ့နိုင်ငံအားလုံးနဲ့ သက်ဆိုင်တဲ့ ကမ္ဘာ့ GAP ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ ASIAN နိုင်ငံများနဲ့ သက်ဆိုင်တဲ့ ASIAN Guide Lineနဲ့အညီ ရေးဆွဲပြီး မြန်မာ့ GAP ကို ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ GAP၊ ASIAN GAP၊ မြန်မာ့ GAP များရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ (၁) အစားအစာဘေးကင်းလုံခြုံရေး၊ (၂) စားနပ်ရိက္ခာများရဲ့ အရည်အသွေးကောင်းမွန်ရေး၊ (၃) ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ်နိုင်ရေး၊ (၄) လုပ်သားများ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူမှုဘဝ သာယာလှပရေးဆိုတဲ့ အာမခံချက်ပေးနိုင်တဲ့ Modules များပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာမှာ GAP စနစ်နဲ့ ထုတ်လုပ်တဲ့ ထုတ်ကုန်များကို ဦးစားပေးအနေနဲ့ Export, Import လက်ခံလာခြင်း ဖြစ်ပါတယ်။
သို့ပါ၍ အော်ဂင်းနစ်စနစ်လား...?၊ GAP စနစ်လား...? ဘယ်စနစ်က စားနပ်ရိက္ခာလုံခြုံရေးနှင့် အရည်အသွေးကောင်းမွန်ရေးကို အာမခံချက်ပေးနိုင်မလဲ၊ စားသုံးသူပြည်သူများ ဆုံးဖြတ်ပါ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၇)
No comments:
Post a Comment