ပင်လယ်ပြာ(ငါးဦးစီး)
ကဏန်းသည် စီးပွားရေးအရအရေးပါသော နိုင်ငံခြားရေထွက်ပို့ကုန်တစ်မျိုး ဖြစ်ပါသည်။ ကဏန်းမျိုးစိတ်များမှာ ပင်လယ်ကဏန်း၊ ရွှံ့ကဏန်း၊ သဲကဏန်း၊ ကဏန်းနီ၊ လယ်ကဏန်း၊ ကဏန်းစင်း၊ ဖောင်စီးကဏန်း၊ ချေးပုန်းကဏန်း စသဖြင့် ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုး ရှိကြပါသည်။ ဖောင်စီးကဏန်းမှာ “ကွန်မက”ဆိုသည့် ရေပိုးကောင်ကတစ်ဆင့် ကြီးထွားလာသော ကဏန်းမျိုးဖြစ်သည်ဟု သိရပါသည်။ တချို့ဒေသများတွင် ကဏန်းကို ကဏန်းထီး၊ ကဏန်းမ၊ မိန်းမလျာကဏန်း၊ ကဏန်းပျော့ဟူ၍လည်း ခေါ်ဆိုကြပါသေးသည်။ ကဏန်းပျော့မှာ အရေခွံလဲထားသောကဏန်းဖြစ်ပြီး ဈေးကောင်းလှပေ သည်။
ကဏန်းများမှာ Phylum (မျိုးပေါင်းစု)မှ ဆင်းသက်လာပြီး အခွံမာရေနေသတ္တဝါများဖြစ်ကြသည်။ သမုဒ္ဒရာရေပြင်၊ ရေချိုပိုင်းနှင့် ကုန်းတွင်းပိုင်းတို့တွင် နေထိုင်လေ့ရှိကြပြီး ကမ္ဘာအနှံ့အပြားတွင် ကဏန်းမျိုးစိတ်ပေါင်း ၆၇၀၀ ကျော်ခန့်ရှိကြပြီး ကဏန်းအုပ်စုပေါင်း ၉၃ စုခန့်ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။
![]() |
ဓာတ်ပုံ - ydnp |
ကဏန်းများမှာ အသက်တစ်နှစ်မှ နှစ်နှစ်အရွယ်တွင် မျိုးပွားနိုင်ကြပြီး ကဏန်းအမမှာ ဥပေါင်း တစ်သိန်းကျော်ထိ ဥဥနိုင်ကြပါသည်။ အသက် ၁၈ နှစ်မှ ၁၃ နှစ်ထိ သက်တမ်းရှည်ကြပြီး Decapod Crustaceans များဖြစ်သည်နှင့်အညီ ကဏန်းများတွင် လက်မတစ်စုံအပါအဝင် စုစုပေါင်း ခြေလက်ငါးစုံ ပါဝင်ပါသည်။
ကဏန်းများတွင် ကဏန်းမာထက် ကဏန်းပျော့ကို လူကြိုက်များကြပြီး မွေးမြူရေးလုပ်ငန်းများတွင် တွင်ကျယ်စွာ လုပ်ကိုင်အောင်မြင်နေကြသည့် ကဏန်းပျော့တွင် သဘာ၀ကဏန်းပျော့နှင့် မွေးမြူရေးကဏန်းပျော့ဟူ၍လည်း ရှိကြပါသည်။ သဘာ၀ကဏန်းပျော့မှာ အခွံမာလာပြီဆိုပါက တစ်ကိုယ်လုံးအရေခွံလဲလေ့ ရှိတတ်ကြပါသည်။ သနားစရာအကောင်းဆုံးမှာ ကဏန်းအထီးများပင် ဖြစ်ပါသည်။ ကဏန်းထီးမှာ ကဏန်းအမ အရေခွံလဲပြီဆိုပါက ခြေလက်ငါးစုံနှင့် ကဏန်းအမတစ်ကောင်လုံးကို ဖက်တွယ်ထားတတ်ပါသည်။ ကဏန်းကိုယ်လုံးဘေးတစ်ဖက်တစ်ချက်တွင် အဖျားချွန်ပြီး အဆစ်များပါသည့် ခြေလက်များရှိကြပါသည်။ ကုန်းပေါ်သွားလျှင် ခြေထောက်အဖြစ် သုံးပြီး ရေထဲတွင် လက်အဖြ စ် ရေကူးသွားနိုင်ပါသည်။ လှော်တက်ပြားကဲ့သို့ ရေကို ယက်ပြီး ကူးခတ်နိုင်ဖို့ သဘာ၀က ဖန်တီးပေးထားပါသည်။ လက်မကြီးနှစ်ချောင်းမှာလည်း ပြုတ်တူကဲ့သို့ အဖျားချွန်ထက်ပြီး လိုသလိုညှပ်၍ ရပါသည်။
ကဏန်းသဘာ၀မှာ အလွန်အသက်ပြင်းလှပါသော်လည်း မျက်စိနှစ်လုံးမှာ အညှာတံရှိပြီး မျက်ခွံမရှိသောကြောင့် ဖုံးကွယ်မထားနိုင်၍ မျက်လုံးကို မတော်တဆ ခြင်ကိုက်ပါက ကဏန်းသေတတ်ပါသည်။ မျက်လုံးနှစ်လုံးအောက်ဘက်တွင် အခွံမာ နှစ်ခုစီ ဖုံးထားသည့် ကဏန်းပါးစပ်ပေါက်ရှိပြီး ပါးစပ်ထဲတွင် သွားသေးသေးလေးရှိပါသည်။ ကဏန်းဖိုမှာ ကဏန်းမကို လက်မကြီး နှစ်ချောင်းနှင့် အချိန်ပြည့်အကာအကွယ်ပေးထားပါသည်။ ကဏန်းမမှာ လေး၊ ငါးရက်ကြာသည်အထိ အရေခွံနုရာမှာ အရေခွံမာလာပြီးပါက ကဏန်းဖိုမှအရေခွံမာကို ခွာချပေးပါသည်။ ထိုရက်များတွင် ကဏန်းထီးမှာ အစာလုံး၀မစားဘဲ ကဏန်းမကို စောင့်ရှောက်ပါသည်။ သို့သော် ကဏန်းထီးအရေခွံလဲပါက ကဏန်းမရောက်လာပြီး ကဏန်းထီးတစ်ကောင်လုံးကို သူ့လက်မနှင့်ညှပ်ပြီး စားပစ်လေ့ရှိကြပါသည်။ ကဏန်းထီးမှာ သနားစဖွယ်ကောင်းလှပေသည်။ ထိုကား သဘာ၀ကဏန်းပျော့များ အရေခွံလဲခြင်းဖြစ်ပါသည်။
မွေးမြူရေးကဏန်းပျော့မှာမူ ခြင်းများထဲသို့ ကဏန်းတစ်ကောင်ချင်းစီကို တစ်ခြင်းစီထည့်ထားကြပြီး အခွံလဲမှုကို စောင့်ကြည့်ရပါသည်။ အခွံလဲ/မလဲ တစ်နေ့ လေးကြိမ်စစ်ကြပြီး အခွံလဲပြီးသား အကောင်တွေ့ပါက ခြင်းထဲမှ ဆယ်ထားရပါသည်။ အခွံလဲပြီးသားကဏန်းကို အချိန်အတိုင်းအတာတစ်ခုထိ ထားထားပါက အခွံမှာလဲပြီးပြီးချင်း ပြန်မာသွားတတ်ပါသည်။ ထို့ကြောင့် အခွံမမာခင် ဆယ်ပြီး ရေခဲရိုက်ထားရသည်ဟု သိရပါသည်။ ကဏန်းပျော့မှာ တစ်ကောင်လုံးစားသုံး၍ရပြီး လူကြိုက်များလှပါသည်။ ကဏန်းပျော့မှာ တစ်ကီလိုဂရမ်ကို ၈၅၀၀ မှ ၁၃၀၀၀ ကျပ်ထိ ရှိကြပြီး ဈေးနှုန်းမျိုးစုံ ရှိကြပါသည်။ ကဏန်းအမ အရှင်ဈေးနှုန်းမှာ ၂၃၀ ဂရမ်အထက် တစ်ကီလိုဂရမ်လျှင် ၈၅၀၀ ကျပ်၊ ၁၃၀ ဂရမ်အထက်တစ်ကီလိုဂရမ်လျှင် ၇၅၀၀ ကျပ်၊ ၁၀၀ ဂရမ်အထက် တစ်ကီလိုဂရမ်လျှင် ၆၅၀၀ ကျပ်ဟူ၍ အသီးသီးရှိကြ ပါသည်။
![]() |
ဓာတ်ပုံ - voh-cdn |
ကဏန်းတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်ပြီး အဆီဓာတ်နည်းကာ Omega-3 ပါဝင်ပါသည်။ ပါဝင်သည့် Omega-3 သည် အသီးနှံ၊ ဆီများတွင် ပါဝင်သည့် သာမန် Omega-3 မဟုတ်ဘဲ Long-chain Omega-3 ဖြ စ်သောကြောင့် ကျန်းမာရေးကို အထောက်အကူပြုပြီး စိတ်လှုပ်ရှားမှုပြင်းခြင်းကို တားဆီးပေးခြင်း၊ ကဏန်း ၁၀၀ ဂရမ်တွင် တစ်နေ့တာလိုအပ်သည့် Omega-3 သုံးပုံတစ်ပုံ ပါဝင်သည်ဟု သိရပါသည်။
ကဏန်းတွင် Selenium ဓာတ်ပါဝင်ပြီး Selenium ဓာတ်မှာ ခန္ဓာကိုယ်ခုခံအားစနစ်မှာ အရေးပါသည့်နေရာမှ ပါဝင်ပြီး Cell, Tissue များ ထိခိုက်ခြင်းမှ အကာအကွယ်ပေးပါသည်။ ကဏန်းမှာ ပါဝင်သည့် Selenium ပမာဏမှာ အမဲသားတွင် ပါဝင်သည်ထက် ၁၂ ဆ ပိုများသည်ဟု သိရပါသည်။
ကဏန်းတွင် Vitamin B2 လည်း ပါဝင်သည်။ Vitamin B2 မှာ သွေးနီဥများထုတ်လွှတ်ရန်အတွက် အရေးပါပြီး အရေပြား၊ မျက်လုံးနှင့် အာရုံကြောများအတွက် လိုအပ်သည့် သက်စောင့်ဓာတ်တစ်မျိုးလည်း ဖြစ်ပါသည်။ ကဏန်းတွင် ကြေးနီဓာတ်နှင့် ဖော့စ်ဖိတ်ဓာတ်လည်း ပါဝင်သည်။ ကြေးနီဓာတ်မှာ သွေးနီဥဖွဲ့စည်းတည်ဆောက်ပုံအတွက် အရေးပါပြီး ဖော့စ်ဖိတ်ဓာတ်မှာ ကျောက်ကပ်လုပ်ငန်းစဉ်၊ နှလုံးကြွက်သားနှင့်အစာခြေစနစ်အတွက် များများလိုအပ်သည့် ဓာတ်တစ်မျိုးဖြစ်ပါသည်။
ကဏန်းစားသုံးခြင်းဖြင့် အထက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိမည်ဖြစ်ပါသည်။ ကဏန်းအနက် ပြာသိုကဏန်းသည် အကောင်းဆုံးဖြစ်သည်ဟု သိရပြီး ပြာသိုလမိုက်ည ကဏန်းဆိုပါက အကောင်ကြီးကာ အဆီဥများ၏။ အသားပြည့်၏။ အသားပေါ၍ အချိန်စီးပြီး ရောင်းပန်းလှသည်ဟု သိရပါသည်။ကဏန်းအသားမှာ အလွန်ချိုပြီး နူးညံ့သောကြောင့် လူကြိုက်များလှပြီး ကဏန်းမာရော၊ ကဏန်းပျော့ပါ ဈေးကောင်းကြပါသည်။
သို့ပါသောကြောင့် အခွံမာရေနေသတ္တဝါကဏန်းများမှာ လူသားများအတွက် ကျန်းမာရေးအထောက်အကူလည်းပြု၊ အရသာလည်း ထူးခြားကောင်းမွန်၊ ပြည်တွင်းသာမက နိုင်ငံခြားဈေးကွက်ထိ တင်ပို့နေရပြီး နှစ်စဉ် နိုင်ငံခြားဝင်ငွေ ရရှိစေသော ရေထွက်ကုန်ကဏန်းများအကြောင်းကို လေ့လာမိသမျှ ရေးသားလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၀)
No comments:
Post a Comment