မောင်ငြိမ်းအောင်(တန့်ဆည်)
ယခုခေတ်မှာ သီးနှံတွေအထွက်တိုးရေးအတွက် နိုက်ထရိုဂျင် (N)၊ ဖော့စဖရပ် (P)၊ ပိုတက်စီယမ်ဓာတ် (K) တွေပါတဲ့ ကွန်ပေါင်းဓာတ်မြေသြဇာတွေ၊ အရွက်ဖျန်းမြေသြဇာအရည်တွေ တော်တော်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာတွေ့ရတယ်။ အာဟာရပါဝင်မှုပမာဏ ပါဝင်မှုစစ်မှန်ရင်တော့ အာနိသင်ထိရောက်မှု ကောင်းတာ တွေ့ရတယ်။
ဒါပေမဲ့ နိုင်ငံခြားက တင်သွင်းကြတာဆိုတော့ စျေးနှုန်းကြီးတယ်။ တစ်ခါတလေ တချို့သီးနှံတွေမှာ စီးပွားရေးတွက်ခြေ မကိုက်တာ တွေ့ရတယ်။
Facebook စာမျက်နှာ၊ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး Group ကနေ မျှဝေထားတဲ့ NPK ဓာတ်တွေ ပါတဲ့ သဘာဝမြေဩဇာအရည်(အရွက်ဖျန်း)ကို ပြည်တွင်းရှိပြီးဖြစ်တဲ့ သဘာဝပစ္စည်းတွေနဲ့ လွယ်လွယ်ပြုလုပ်သုံးစွဲနည်းလေးကို တောင်သူလယ်သမားကြီးများရဲ့ အကျိုးအတွက် ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့ -
၁။ ထမင်းခြောက် (စားကြွင်းစားကျန်ပိုနေတဲ့ထမင်းကို ရေဆေးနေလှန်း၊ အခြောက်ခံထားတဲ့ပစ္စည်း) ကီလိုဝက်။
၂။ ဟင်းသီးဟင်းရွက် (ရောင်းမကုန်၊ ချက်ပြုတ်ပိုလျှံ လွှင့်ပစ်ရမယ့် အသီးအရွက်အတိုအစများ)
ကီလိုဝက်။
၃။ အုန်းစိမ်းရေ ၁၀ ဇွန်း
၄။ EM (Effective Micro Organism) တစ်ဇွန်း
၅။ သကြားလေးဇွန်း
၆။ ရေသန့်တစ်လီတာ
ဓာတ်ပုံ - Htwet Toe |
ပြုလုပ်နည်း၊ သုံးစွဲနည်း
သန့်ရှင်းသော အဖုံးပါတဲ့ ဘူးတစ်ခုထဲသို့ နုတ်နုတ်စင်းထားတဲ့ ဟင်းသီးဟင်းရွက်အတိုအစများကို ထည့်ပါ။ ထမင်းခြောက် ကီလိုဝက်ကိုထည့်ပါ။ အုန်းစိမ်းရည်၁၀ ဇွန်း၊ EM တစ်ဇွန်း၊ သကြားလေးဇွန်း၊ ရေသန့် တစ်လီတာတို့ကို ထည့်ပါ။ သမသွားအောင် ကောင်းစွာမွှေပါ။ ပြီးလျှင် အဖုံးလုံအောင် ပိတ်ပြီးအရိပ်ထဲမှာ ခုနစ်ရက်ထားပါ။ ရက်ပြည့်သောအခါ စွပ်ကျယ်စ (သို့မဟုတ်) ပိတ်ပါးစနဲ့ စစ်ယူ၍ ရရှိသော အရည်ကို အသုံးပြုနိုင်ပါတယ်။ ဆေးဖျန်းပုံးတစ်ပုံးကို ရေအပြည့် လေးဂါလန်ခန့်ထည့်ပြီး ဆေးရည် စတီးဇွန်း ငါးဇွန်းထည့်ပြီး ဖျန်းနိုင်ပါတယ်။ အပင်ရင်း၊ ပင်စည်၊ အရွက်အားလုံး ဖျန်းနိုင်ပါတယ်။ သဘာဝပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ ဓာတ်မြေသြဇာအရည်ဖြစ်တဲ့အတွက် အရွက်လောင်ခြင်းမရှိနိုင်ပါ။ NPK ၁၅ ပတ်လည် ဓာတ်မြေသြဇာအရည်နဲ့ အာနိသင်ညီမျှတယ်လို့ ဆိုပါတယ်။
အသုံးပြုနိုင်သော သီးနှံများ
စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ၊ မြေပဲ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ သစ်သီးဝလံပင်များ၊ သရက်၊ ကျွဲကော၊ ငှက်ပျော၊ လိမ္မော်၊ မက်မန်း၊ ဒူးရင်း၊ ကြက်မောက်၊ မင်းဂွတ်၊ သံပရာ၊ ထောပတ်သီး၊ ဖရဲ၊ သခွားမွှေးစသည်တို့မှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ သီးနှံတစ်မျိုးကို ငါးကြိမ်၊ ခြောက်ကြိမ်လောက် ဖျန်းနိုင်ပါက ပို၍ သိသိသာသာ ကောင်းမွန်တယ်လို့ ဆိုပါတယ်။
တောင်သူလယ်သမားကြီးများအနေနဲ့ ပြည်ပကဝင်လာတဲ့ ၁၅ ပတ်လည်၊ ၁၆ ပတ်လည် NPK အရွက်ဖျန်းမြေသြဇာတွေဟာ စျေးနှုန်းလည်း ကြီးမြင့်တယ်။ ဓာတ်ကြွင်းလည်း ကျန်မယ်။ ဒီသဘာဝ NPK မြေသြဇာအရည်ဟာ မိမိပြည်တွင်းရှိ ပစ္စည်းများနဲ့ လွယ်လွယ်လုပ်လို့ရမယ်။ စျေးနှုန်းလည်း သက်သာမယ်။ ဓာတ်ကြွ င်းအန္တရာယ်လည်း ကင်းဝေးမယ်။ ဒါ့ကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်တဲ့အတွက် စမ်းသပ်ပြုလုပ်သုံးစွဲသင့်ပါတယ်လို့ ထပ်ဆင့်မျှဝေလိုက်ရပါတယ်ခင်ဗျာ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၉)
No comments:
Post a Comment