December 5, 2020

မေတ္တာပေးဝေ အမေဒွေး (၁)

လယ်တွင်းသားစောချစ်

        မြစ်ကျိုးရွာသို့ အမေဒွေးဘယ်က ရောက်လာသည် ဘယ်သူမျှမသိ။ ရောက်နေသည်မှာတော့ နှစ်များစွာ ကြာခဲ့ပြီ။

        အမေဒွေးသည် မြစ်ကျိုးရွာသူမဟုတ်၍ မြစ်ကျိုးရွာမှာ ဆွေမျိုးသားချင်းမရှိ။ သို့သော် အမေဒွေးကို ရွာသူရွာသားအားလုံးက မြစ်ကျိုးရွာသူအဖြစ် လက်ခံ၍ ဆွေမျိုးရင်းချာနှယ် ချစ်ခင်ကြသည်။

        အမေဒွေးမှာ နေစရာအိမ်မရှိ။ မြစ်ကျိုးရွာလယ်မှာ ဘုရားဝတ်တက်စင်ရှိသည်။ ဝတ်တက်စင်က ခြေတံရှည်အမြင့်ဖြစ်၍ ဝတ်တက်စင်အောက်ခြေရင်းဘက်မှာ ဝါးကွပ်ပျစ်လေးနှင့်နေသည်။ ကွပ်ပျစ်လေးပျက်သွားလျှင် ရွာသားတို့က အမေဒွေးအတွက် အသစ်ပြင်လုပ်ပေးကြသည်။

        အမေဒွေးက အနေအထိုင်သန့်ရှင်းသည်။ ဝတ်တက်စင်မှာ ဘုရားပန်းလဲသည်။ ဝတ်တက်စင်သန့်ရှင်းရေးလုပ်သည်။ ဝတ်တက်စင်ဝန်းကျင်ကို ပြောင်ရှင်းနေအောင် အမှိုက်လှည်းသည်။

        အမေဒွေးမှာ မီးဖိုမရှိ၊ ချက်ပြုတ်စားခြင်းလည်းမရှိ၊ အမေဒွေးသည် စိတ်မူမှန်သူမဟုတ်၊ သို့သော် အမေဒွေးကို ရူးနေသည်ဟုလည်း မည်သူမျှ မပြောကြ။ အမေဒွေး အသက် (၆၀)ခန့်ရှိပြီ။ ဖြူဖြူသွယ်သွယ်ဖြစ်သော်လည်း ကျန်းမာသည်။ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်။ သူ့ဘာသာ အေးအေးဆေးဆေးနေတတ်သည်။

        စားဖို့အတွက် အမေဒွေးမပူရ။ မြစ်ကျိုးရွာရှိနေသမျှ အမေဒွေးစားရမည်။ သို့သော် အမေဒွေးက မည်သူ့ထံမှ ခွက်ထိုးခံမတောင်း။ အမေဒွေးမှာ ဝါးဗန်းလေးတစ်ချပ်ရှိသည်။ ဝါးဗန်းလေးထဲမှာ စားစရာမုန့်မျိုးစုံရှိနေ တတ်သည်။

        မနက်လင်းလျှင် အကြော်သည်ဒေါ်အေးဘုံက အမေဒွေးဗန်းလေးထဲမှာ အကြော်နှစ်ခုထည့်ပေးသည်။ မုန့်ဖက်ထုပ်သည်ကိုစံအောင်က မုန့်ဖက်ထုပ်ပေးသည်။ အမေဒွေးက ပေးသမျှမုန့်ကို သူ့ဘာသာစားပစ်သည် မဟုတ်။ ဝါးဗန်းလေးမှာ ထည့်၍ ခေါင်းပေါ်ရွက်ပြီး ကလေးရှိသော အိမ်များသို့ အိမ်ပေါက်စေ့ လိုက်ပေးသည်။

        "ဟေ့... ဖိုးကြီးတို့ ဖိုးငယ်တို့... လာကြဟေ့...။ မုန့်ဖက်ထုပ်ပါတယ်။ အကြော်ပူပူလေးပါတယ် လာယူလှည့်ကြ"

        အမြွှာကလေးနှစ်ယောက် အိမ်ထဲမှ ပြေးထွက်လာကြသည်။

        "ရော့ မုန့်ဖက်ထုပ်စားမလား... ယူလိုက်။ ဘာလဲ... မုန့်ဖက်ထုပ်မကြိုက်ဘူးလား... အကြော်စားမလား... ရော့... ရော့ ပူပူလေး..."

        စားချင်အောင် ပြောပြီး ကျွေးသည်။ အမေဒွေး ကလေးများကို ချစ်၍ ကလေးများကလည်း အမေဒွေးကို ချစ်ကြသည်။ ညှာကြသည်။

        "တော်ပြီ အမေဒွေးစားပါ..."

        "ဟယ်... မဟုတ်တာ... ရော့... ယူလေ... စားကြ"

        အတင်းပေး၍ယူရလျှင် ကလေးများက အိမ်မှာရှိသော နှမ်းပျစ် မုန့်ပဲဆုပ် စသည်တို့ ယူလာပြီး အမေဒွေးဗန်းလေးထဲ ပြန်ထည့်ပေးသည်။

        "ဪ... အေး... အေး... သာဓုတော် သာဓု သာဓု..."

        အမေဒွေးနောက်တစ်အိမ်သို့ ကူးပြန်သည်။

        "ဟဲ့ ဒီဘက်က မသေးတို့ အေးမတို့ မရှိကြဘူးလားဟဲ့... မုန့်တွေပါလာတယ်ဟေ့... လာယူလှည့်ကြ..."

        ဤနည်းအားဖြင့် ရွာရိုးတစ်လျှောက် အိမ်စဉ်လှည့်ပြီး ကလေးများကို အမေဒွေးမုန့်လိုက်ပေးသည်။ ကလေးများက စားချင်သော မုန့်ကိုယူပြီး သူတို့မှာရှိသော မုန့်များ ဒွေးတာဗန်းထဲပြန်ထည့်ပေးသည်။ အမေဒွေးဗန်းထဲမှာ မုန့်များလျော့သွားလိုက် ပြန်ပြည့်လာလိုက်။

        အချို့အိမ်က မုန့်ယူပြီး ထမင်းကို ဖက်နှင့်ထုပ်ပေးလိုက်သည်။ အချို့က မုန့်ယူပြီး ဟင်းထည့်ပေးသည်။ အမေဒွေးဆာလျှင် ရောက်သည့်နေရာမှာ စားသည်။ ဗန်းထဲမှာ သူစားချင်သော မုန့်များ ပါလျှင်လည်း သူချစ်သော ကလေးများနှင့် အတူစားသည်။

        သို့သော် အမေဒွေးဘယ်အိမ်ကိုမှ ထမင်းဟင်းပေးပါ။ ဘာစားချင်ပါသည်ဟု တောင်းလေ့မရှိ။

        သူ့မှာရှိသော စားစရာကလေးများကို စေတနာရက်ရောစွာပေးသည်။ ကလေးများကလည်း အမေဒွေးကို ပြန်ပေးကြသည်။

        တစ်ရွာလုံးရှိ မိဘများကလည်း ကလေးများနှင့် အမေဒွေး ပေးသည်၊ ယူသည်၊ ပြန်ပေးသည် လုပ်နေကြသည်ကို ကျေနပ်သဘောကျသည်။

        တကယ်ဆိုလျှင် အမေဒွေးဆိုသောအမည်သည်ပင် ကလေးများခေါ်သည့်အတိုင်း တစ်ရွာလုံး ကြီးငယ်မရွေး ခေါ်နေကြခြင်း ဖြစ်သည်။

        တစ်အိမ်အိမ်ရှေ့ သစ်ပင်အရိပ်ကောင်းရာမှာ ထိုင်မိလျှင် အမေဒွေးကြာသည်။ ကလေးများနှင့် ပေးလိုက် ယူလိုက် စားလိုက်ကြ စကားပြောလိုက်ကြ တော်တော်နှင့် မထနိုင်။



        "အမေဒွေး ကျော်ဇံတို့ မောင်နှမက ထန်းလျက်ဖြူဆုပ် စားချင်လို့တဲ့ မပါဘူးလား..."

        တစ်ယောက်က လာပြောလျှင် တမေ့တမောထိုင်နေရာမှ အမေဒွေး ချက်ချင်းထသည်။

        "ဟုတ်လား... ပါတာပေါ့တော်... သွားကျွေးလိုက်ဦးမယ်..."

        အမေဒွေးဗန်းကလေးရွက်ပြီး ခြေလှမ်းသွက်သွက်နှင့် ထွက်သွားတတ်သည်။

        "ဟဲ့... ကျော်ဇံတို့ မြရွှေတို့ရှိလားဟေ့... လာကြ၊ လာကြ ထန်းလျက်ဖြူဆုပ် စားချင်လို့ဆို... ဒီမှာပါတယ်ဟေ့"

        ကျော်ဇံနှင့် မြရွှေတို့သာမက အိမ်နီးချင်းကလေးများပါ အမေဒွေးအသံကြားလျှင် ပြေးပြေးလွှားလွှားရောက်လာကြသည်။

        သူတို့စားချင်သည်ကို အမေဒွေးက ကျွေးသည်။ ကိုယ့်ဘာသာလည်း အမေဒွေးဗန်းထဲမှာ ကြိုက်ရာနှိုက်ယူစားနိုင်သည်။

        "အမေဒွေးလည်း... စားဦးလေ..."

        ကလေးများက သူတို့ယူလာသောမုန့်များကို အမေဒွေးစားစေချင်၍ အတင်းကျွေးလျှင် ကလေးများ ကျေ နပ်အောင် အမေဒွေးစားပြသည်။

        ဘယ်ကလေးမဆို အမေဒွေးကို ချစ်ကြသည်။ ပေးချင် ကျွေးချင်ကြသည်။ ကလေးများ မိဘများကလည်း အမေဒွေးကို ပေးဖို့ဆိုလျှင် မတွန့်တိုကြ။

        အိမ်မှာ ဘာမုန့်မှမရှိ၍ ဘာမုန့်မျှပါမလာသော ကလေးများကိုလည်း အမေဒွေးခွဲခ်ားခြင်းမရှိ။ အတင်းပေး၍ အတင်းကျွေးသည်။

        အမေဒွေး ကလေးများကြိုက်နှစ်သက်ရာမုန့်များကို သူ့ဗန်းလေးထဲမှ ရွေးချယ်ပေးနေပုံမှာ ဘေးမှမြင်ရသူအတွက် မုန့်ပေးသည်သာမက မေတ္တာပါပေးဝေနေသည်သို့ ခံစားရသည်။

        ကလေးချစ်တတ်သော အမေဒွေး။ တစ်ရွာလုံးရှိကလေးများမှာ သူ့ကလေးများဖြစ်နေသည်။

        ညပိုင်းရောက်လျှင် ကြုံရာအိမ်များက ကြုံသလို ထမင်းပေးကြ ဟင်းပေးကြသည်။

        ညကျလျှင် ဝတ်တက်စင်ပေါ်မှာ လူကြီးများ ဘုရားဝတ်တက်ကြသည်။ အမေဒွေးဝတ်ရွတ်စဉ်များကို မရ၍ လိုက်မဆိုသော်လည်း ဝတ်တက်စင်အောက်မှာ ငြိမ်ငြိမ်လေးနားထောင်နေသည်။ ဝတ်တက်ပြီး၍ အမျှဝေတိုင်း သာဓုခေါ်သည်။ တိုးတိုးလေးမဟုတ်။ အားပါးတရ အကျယ်ကြီးခေါ်သည်။ ဝတ်တက်ပြန်သူများက အမေဒွေးကို နှုတ်ဆက်ကြသည်။

        နှစ်စဉ် ဝါဆိုဝါခေါင် ရေကြီးချိန်ကျလျှင် ရွာအနောက်ဘက်မှ မြစ်ကျိုးအင်းကြီးထဲမှာ ရေများဝင်ပြီး မြစ်ကြီးလို ဖြစ်လာသည်။ အင်းစောင်းမှ သပြေဖြူ၊ သပြေနီပင်များလည်း သပြေသီးများ တဖြုတ်ဖြုတ် ကြွေနေ ကြသည်။

        ထိုအချိန်တွင် ရွာထဲမှကလေးများ သပြေသီးကောက်ရန် အင်းစောင်းသို့ ရောက်လာကြသည်။ ကလေးချစ်သော အမေဒွေး သပြေသီးကောက်သည်။ ဝါးဗန်းလေးထဲမှာ သပြေဖြူ၊ သပြေနီသီးအမှည့်တွေ အများကြီး။ အမေဒွေးကလေးများနှင့်အတူ သပြေသီးစားသည်။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၇)

No comments:

Popular Posts