December 4, 2020

နေ့စဉ်ဝမ်းချုပ်ခြင်းမဖြစ်စေရန် ဂရုပြုကာကွယ်

ဒေါက်တာလွင်သန့်

        ဝမ်းချုပ်ခြင်းဆိုတာ သာမန်နေ့စဉ် ဝမ်းသွားသင့်တဲ့ ပမာဏထက်နည်းပြီး မှန်မှန်သွားတာထက်နည်းပြီး ဝမ်းသွားသင့်လျက် မသွားခြင်းကို ဆိုတယ်။ ဝမ်းချုပ်ခြင်းဟာ လူတစ်ဦးချင်း နေ့စဉ် ဝမ်းသွားပမာဏနဲ့ အလေ့အကျင့်ပေါ်  မူတည်တယ်။ ကျန်းမာတဲ့လူတစ်ယောက်ဟာ တစ်ရက်တစ်ကြိမ်သွားတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှ လေးအောင်စခန့် ဝမ်းသွားတယ်။

        အစာစားပြီး ၃ နာရီမှ ၁၅ မိနစ်အတွင်း အူသိမ်ကလိုအပ်တဲ့ အာဟာရဓာတ်တွေ စုပ်ယူပြီးနောက် ကျန်အစာဟောင်းနဲ့ အချွဲတွေက ခြောက်ပေခန့်ရှည်တဲ့ အူမကြီးအတွင်း ရောက်ရှိလာတယ်။ ယင်းတို့မှ ဆိုဒီယမ်နဲ့ပိုတက်စီယမ်ကို ပြန်လည်စုပ်ယူလေ့ရှိတယ်။ အူသိမ်အတွင်းရှိ အစာဟာ ပိုးမွှားအတော်အသင့် ကင်းစင်ပေမယ့် အူမကြီးထဲမှာ လူကို အန္တရာယ်မပြုတဲ့အပြင် ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် ဗီတာမင်ဓာတ်တွေ ထုတ်ပေးတဲ့ ပိုးမွှားတွေရှိတယ်။

        အူမကြီးအတွင်း လေးနာရီမှ ငါးနာရီခန့် ကြာပြီးနောက် အစာတို့ဟာ အစာဟောင်းအဖြစ် အစာဟောင်းအိမ် (Rectum) အတွင်း ဝင်ရောက်လာတယ်။ ယင်းအစားဟောင်းတွေ ပြည့်လာတဲ့အခါ အစာဟောင်းအိမ်နံရံရှိ အာရုံကြောတွေက ကျောရိုးအာရုံကြောမကြီးကတစ်ဆင့် ဦးနှောက်ကို သတင်းပို့တယ်။ ဦးနှောက်က ပြန်ပြီး ဝမ်းသွားစေရန် လှုံ့ဆော်ဖို့ (Defaecation Reflex)ကို အာရုံကြောမကြီးနဲ့အာရုံကြောငယ်ကလေးကတစ်ဆင့် သက်ဆိုင်ရာကြွက်သားတွေထံ ပို့လိုက်တယ်။

        အစာဟောင်းအိမ်နံရံရှိ ကြွက်သားတွေက ကျုံ့၍လည်းကောင်း စအိုပတ်လည်ရှိ အတွင်းပြင်ကြွက်သားများဆန့်၍လည်းကောင်း ဝမ်းဗိုက်ကို ကြွက်သားတွေနဲ့ ရင်ခေါင်းကန့်လန့်ဖြတ်ကြွက်သား (Diaphragm) တို့က ဝမ်းသွားခြင်းဖြစ်စေတယ်။ ဝမ်းချုပ်ခြင်းဖြစ်ရတဲ့ အကြောင်းရင်းမှာ ဆေးဝါးများ၊ ကိုယ်တွင်းရောဂါများ၊အခြားအကြောင်းအရင်းများက အဓိကအကြောင်းရင်းအနေနဲ့ ပါဝင်ပြီး အူလမ်းကြောင်းပိတ်ဆို့ခြင်းနဲ့ အူလမ်းကြောင်းမပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်းတို့ တွေ့ရှိရပါတယ်။

        အဓိကအကြောင်းရင်းမှာ ဆေးဝါးများဆိုရာတွင် အလူမီနီယံပါတဲ့ အစာအိမ်ဆေး၊ ကိုဒင်းပါတဲ့ အကိုက်အခဲပျောက်ဆေး၊ သံဓာတ်ပါတဲ့ဆေး၊ သွေးတိုးဆေး၊ မူးယစ်ဆေးဝါး၊ ဘိန်းအနွယ်ဝင်ဆေးများ ပါဝင်ကြပါတယ်။ ကိုယ်တွင်းရောဂါများမှာ ဆီးချိုရောဂါ၊ ကျောက်ကပ်အားနည်းရောဂါ၊ ပိုတက်ဆီယမ်ဓာတ်နည်းခြင်း၊ ကယ်လဆီယမ်များခြင်း၊ သိုင်းရွိုက်ဂလင်း အားနည်းရောဂါ၊ ကိုယ်ဝန်ရှိခြင်းတို့ ပါဝင်ပြီး အခြားအကြောင်းရင်းထဲမှာ အစားအသောက်လွဲမှားခြင်း၊ အသီးအနှံအသီးအရွက်၊ အမျှင်ဓာတ်မစားခြင်း၊ ဝမ်းသွားအကျင့်မှန်ခြင်း၊ အသက်ကြီးသူများ၊ ကာလကြာရှည် အိပ်ရာထဲလဲနေသူများ၊ အချိန်ကြာမြင့်စွာ ကား၊ ရထား၊လေယာဉ်စီးသူများ ပါဝင်ပါတယ်။

ဓာတ်ပုံ - Lucky9.me

        အူလမ်းကြောင်း ပိတ်ဆို့ခြင်းဆိုရာမှာ အူမကြီးအား အူကျဲခြင်း၊ အူခေါက်ခြင်း၊ စအိုဝကျဉ်းခြင်း၊ နာတာရှည်အူမကြီးရောင်ခြင်း၊ သွေးလည်ပတ်မှုနည်းပါးခြင်းတို့ပါဝင်ပြီး အူလမ်းကြောင်းမပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်းမှာ အူလမ်းကြောင်းလှုပ်ရှားမှု ပုံမမှန်ခြင်း၊ အူမကြီး ပုံမှန်ထက် အဆမတန်ကျယ်ခြင်း၊ စအိုကျွံခြင်း၊ ဝမ်းညှစ်ကြွက်သားအားနည်းခြင်း၊ စိတ်ကျရောဂါ၊ ဝမ်းကို ပုံမှန်မသွားဘဲ ချုပ်တည်းထားခြင်းတို့ကြောင့် ဖြစ်ပါတယ်။

        ဝမ်းချုပ်လျှင် အခြားရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးရပါမယ်။ ပုံမှန်ဝမ်းစစ်ဆေးစမ်းသပ်မှုမှာ ဝမ်းသွားလမ်းကြောင်း ဆေးစစ်ခြင်း၊ သွေးစစ်ဆေးခြင်း၊ ယူရီယမ်နဲ့ ဓာတ်ဆားများ စစ်ဆေးခြင်း၊ အခြားစမ်းသပ်မှုများ ပါဝင်ပါတယ်။ အူလမ်းကြောင်းဆေးသွင်းရိုက်ခြင်း၊ အူလမ်းကြောင်း၊ အစာအိမ်လမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း၊ စအိုဝအသားစယူကာ စစ်ဆေးခြင်း၊ အူလမ်းကြောင်းဖြတ်သန်းချိန် တိုင်းတာခြင်း၊ ပူပေါင်းနဲ့ လေသွင်းစစ်ဆေးခြင်း၊ အူလမ်းကြောင်း ကြွက်သားစစ်ဆေးခြင်း၊ ဝမ်းချူစစ်ဆေးခြင်းတို့ ပြုလုပ်ရပါတယ်။

        ကိုယ်အလေးချိန် သိသိသာသာကျသွားခြင်း၊ ဝမ်းသွား၍ သွေးပါခြင်း၊ ဝမ်းသွားအားမရခြင်း၊ ဝမ်းကျန်ခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ ဝမ်းသွားလိုက်၊ ချုပ်လိုက်ဖြစ်ခြင်း၊ ဗိုက်တွင်း အလုံးပေါ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊သာမန်ထက် မောပန်းလာခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်နာခြင်း၊ မိမိဆွေမျိုးမှ အူမကြီးကင်ဆာဖြစ်သူများရှိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

        ကုသနည်းများအနေနဲ့ အထွေထွေကုသနည်းဖြစ်တဲ့ ဝမ်းချုပ်ခြင်းဖြစ်စေတဲ့ အခြားရောဂါတွေ ဦးစွာကုသရပါမယ်။ ဝမ်းချုပ်စေတဲ့ဆေး၊ ဝမ်းနုတ်ဆေးတွေသုံးစွဲမှု ရပ်ရပါမယ်။ အမျှင်ဓာတ်များပါတဲ့ သီးနှံနဲ့ ဟင်းသီးဟင်းရွက် များများစားရမယ်။ ရေ၊ ဖျော်ရည်နဲ့ အချိုရည်များများ သောက်ပေးရပါမယ်။ တစ်နေ့မှာ ရေသန့် သုံးဘူး(သုံးလီတာ) သောက်ပေးရမယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်း ရှောင်သင့်တယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု တစ်နာရီ၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးမှန်မှန်လုပ်ပေးသင့်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ဆေးတွေ တွဲဖက်သောက်နိုင်ပါတယ်။

        ဝမ်းပုံမှန်သွားစေဖို့ မနက်တိုင်း ပုံမှန်အိမ်သာဝင်တဲ့ အကျင့်လုပ်ပြီး ဝမ်းသွားသင့်ပါတယ်။ ဆေးဝါးနှင့်ကုသခြင်း အပိုင်းမှာ ဝမ်းသွားလွယ်စေတဲ့ဆေး၊ ပွေးကိုင်းပါဆေး၊ အမ်အိုအမ်မဂ္ဂနီဆီယမ်ဆေး၊ ဒီလပ်(Delax) ဝမ်းနုတ်ဆေးတစ်လုံးမှ လေးလုံးအထိ စားပေးရင် ဝမ်းသွားစေပါတယ်။ ဝမ်းပျော့ဆေးများ ဥပမာ အော့စမိုဝင်း(Osmowin)၊ ဝမ်းအူလမ်းကြောင်းကို လှုံ့ဆော်ပေးတဲ့ဆေး(ပွေးကိုင်း)၊ အူလှုပ်ရှားမှုမြန်စေတဲ့ဆေး၊ ဥပမာ မီသိုကလိုပါမိုက် (Metoclopramide) Domeperidone, Pruraloprides ဆေးများ၊ ဝမ်းချူဘောလုံး၊ ဝမ်းချူဆေးတောင့်တွေ အသုံးပြုနိုင်ပါတယ်။

        ခွဲစိတ်ကုသခြင်းအပိုင်းမှာ အူလမ်းကြောင်းပိတ်ခြင်း၊ အူမကြီးကင်ဆာဖြစ်ခြင်းတို့မှာ ခွဲစိတ်ကုသမှုခံယူဖို့လိုတယ်။

        ဝမ်းနုတ်ဆေးရဲ့ ဆိုးကျိုးက ဝမ်းနုတ်ဆေးကြာရှည်သုံးစွဲရင် ခန္ဓာကိုယ်အတွင်း ပိုတက်ဆီယမ်လျော့နည်းတာကြောင့် ကြွက်တက်ခြင်း၊ အားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း ဖြစ်တယ်။

        အူလမ်းကြောင်းကြွက်သားတွေ ညှစ်အားလျော့ကာ ဝမ်းနုတ်ဆေး မစားပါက ပုံမှန်ဝမ်းမသွားတော့ပါ။ နှစ်ရှည်လများ ဝမ်းနုတ်ဆေးသုံးစွဲသူတွေရဲ့ အူမကြီးအမြှေးပါး အရောင်ပြောင်းကာ မူလအရောင် အမည်းရောင် သို့မဟုတ် အညိုရောင် ပြောင်းနိုင်တယ်။ အချို့ဝမ်းနုတ်ဆေးက ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်ပါ။ ဆေးအချို့က ဗိုက်နာခြင်း၊ လေပွခြင်း၊ လေမလည်ခြင်း ဖြစ်တတ်ပါတယ်။ အခြားဆေးနဲ့တွဲစားရင် အာနိသင်လျော့တယ်။

        ဝမ်းချုပ်ခြင်းဟာ အစားအသောက် ပုံမမှန်ခြင်း၊ ရေသောက်နည်းခြင်း၊ ဝမ်းကို အကျင့်လုပ်ပြီး မသွားခြင်း၊ အူလမ်းကြောင်းလှုပ်ရှားမှု မမှန်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းတို့ကြောင့် ဖြစ်တယ်။ ဝမ်းချုပ်ခြင်းဟာ အူမကြီးကင်ဆာနဲ့ အခြားအရေးကြီးလက္ခဏာတွေရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နေတယ်။ မလိုဘဲ ဝမ်းနုတ်ဆေး မစားသင့်ပါ။ အူမကြီးလမ်းကြောင်းပိတ်ပြီး ဝမ်းချုပ်သူမှာ ဝမ်းနုတ်ဆေးကြောင့် အူပေါက်ခြင်း၊ ရောဂါပိုဆိုးခြင်း၊ အရေးပေါ်ခွဲစိတ်ရခြင်းတို့ ဖြစ်နိုင်တယ်။ လိပ်ခေါင်းကြောင့် စအိုမှ သွေးဆင်းသူများ၊ ဝမ်းချုပ်ရာမှညှစ်ရရင် ရင်ဘတ်အောင့်တတ်တဲ့ နှလုံးသွေးကြောကျဉ်းလူနာနဲ့ ဝမ်းချုပ်သူတွေ ဆေးသောက်ရမှာဖြစ်ပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၄)

No comments:

Popular Posts