လယ်တွင်းသားစောချစ်
အင်းထဲရေဆင်းချိုးသော ကလေးတွေ့လျှင် အမေဒွေးစိတ်ဆိုးသည်။ တုတ်တစ်ချောင်းနှင့် လိုက်ရိုက်သည်။
"တက်စမ်း....ခုတက်....ဟင် သေချင်လို့လား"
ကလေးများ တက်ပြေးရသည်။
"အမေဒွေးရှိတာ ကလေးတွေအတွက် စိတ်ချရတယ်ဟေ့"
မိဘများ ကျေးဇူးတင်ကြသည်။
"ဘယ်သူ့ကလေးဖြစ်ဖြစ်... ပြောမရရင် ရိုက်သာရိုက်... "
အမေဒွေးကို ယုံကြည်စွာ အပ်နှံကြသည်။
သို့သော် အမေဒွေးပြောမရသောကလေးများလည်း ရှိသည်။
တစ်နေ့တွင် အမေဒွေးမရှိခိုက် ကလေးတစ်သိုက် မြစ်ကျိုးအင်းထဲမှာ ရေဆင်းကူးကြသည်။ ထိုအချိန်မှာအမေဒွေး မုန့်ဗန်းလေးရွက်ပြီး ရောက်လာသည်။
"ဟဲ့... ဟဲ့... ကြည့်စမ်း...ကလေးတွေ ရေကူးနေကြတာ သေချင်လို့လား တက်စမ်း... ခုတက်စမ်း"
အမေဒွေး မုန့်ဗန်းချပြီး တုတ်တစ်ချောင်းကောက်၍ ခြိမ်းခြောက်တက်ခိုင်းသည်။
အခြားကလေးများ တက်ပြေးကြသော်လည်း ရွာအရှေ့ပိုင်းမှ လူချမ်းသာကျောင်းဒကာ ဦးရေချမ်း၏ မြေးသံချောင်းက မတက်။
"ဟဲ့... ဟိုဟာ ဘယ်သူလဲဟင်... ခု မတက်ဘူးလား... တက်မှာလား..."
အမေဒွေး လှမ်းအော်နေသည်။
"အဲဒါ... သံချောင်းရယ်... "
ဘေးမှ ကလေးတစ်ယောက်က ပြောသည်။
"ဟင်... သံချောင်း... ဟုတ်လား... ကြည့်စမ်း။ သူ့အဖေနဲ့ အမေက ကလေးအဖတ်မတင်လို့ အဖတ်တင်အောင် သံချောင်းလို့ မှည့်ထားတာ။ ဟဲ့... သံချောင်း... ခုတက်စမ်း"
"မတက်ဘူး...."
သံချောင်းက အလိုလိုက်ထားသောကလေးမို့ ဆိုးသည်။
အမေဒွေး တုတ်တစ်ချောင်းနှင့် မြစ်ကမ်းဘေးမှာ ထိုင်စောင့်ရင်း ဗျစ်တောက် ဗျစ်တောက် ပြောနေသည်။
သံချောင်းက အမေဒွေးကို ဂရုမစိုက် တစ်ယောက်တည်း စိတ်ကြိုက် ကူးခတ်ဆော့ကစားနေသည်။
"ဟာ... အမေဒွေး... ဟိုမှာ... သံချောင်းရေနစ်နေပြီ"
"မြင်တယ်... ငါမြင်တယ်..."
အမေဒွေး ရေထဲခုန်ဆင်းလိုက်သည်။
သံချောင်းနစ်နေရာသို့ ရောက်အောင်ကူးသွားပြီး သံချောင်း၏ လက်ကိုဆွဲသည်။
သံချောင်း ပါလာသည်။ အမေဒွေး ရေကူးရင်း သံချောင်းကို ကမ်းဘက်ရောက်အောင် တွန်းပို့သည်။
ကြီးသောကလေးများက ကမ်းစပ်ရေထဲသို့ ဆင်း၍ သံချောင်းကို ဆွဲတင်သည်။ သံချောင်း ကုန်းပေါ်ရောက်သွားသည်။ သို့သော် ရေမွန်းပြီး မရှုနိုင်၊ မကယ်နိုင် ဖြစ်၍ ရေများအန်ထုတ်နေသည်။
"ဟာ အမေဒွေး ဘယ်ရောက်သွားလဲ အမေဒွေးရော..."
ကလေးတစ်ယောက်က အရင်သတိရသည်။
"အမေဒွေးမရှိတော့ဘူး..."
"အမေဒွေး ရေနစ်သွားပြီ... လုပ်ကြပါဦး..."
ကလေးများ အော်ကြ ဟစ်ကြ ဆူညံသွားသည်။
"အမေဒွေးရေ... အမေဒွေး..."
"အမေဒွေး ရေနစ်လို့ လုပ်ကြပါဦး"
"အမေဒွေး မရှိတော့ဘူး... အမေဒွေးကို ရှာကြပါဦး..."
"အမေဒွေး ရေနစ်လို့..."
ရွာထဲမှာ လူများ ပြေးထွက်လာကြသည်။ ရေကျွမ်းသော ယောကျ်ားသန်သန်များက မြစ်ကျိုးအင်းထဲဆင်း၍ အမေဒွေးကို ဆယ်ယူနိုင်ရန် ကြိုးစားကြသည်။ မကြာခင်မှာပင် အမေဒွေးကို ရှာတွေ့ကြပါ၏။ သို့သော် သံချောင်းအတွက် အမေဒွေး အသက်ပေးသွားရပြီ။
ကလေးများ ဝမ်းပန်းတနည်း ငိုကြွေးကြသည်။ မိဘများလည်း အမေဒွေးအတွက် မျက်ရည်မဆည်နိုင်ဖြစ်ကြသည်။
အမေဒွေး၏ စျာပနကို ကျောင်းဒကာ ဦးရေချမ်းက အကုန်အကျခံ၍ သံချောင်း၏ မိဘများက တာဝန်ယူပြီး ခမ်းခမ်းနားနားသင်္ဂြိုဟ်သည်။ တစ်ရွာလုံး ကလေးလူကြီးမကျန် လိုက်ပို့ကြသည်။
ဘုရားဝတ်အဖွဲ့က ဝတ်ရွတ်စဉ်များရွတ်ဆို၍ လိုက်ပို့ကြသည်။ အလွန်ချစ်ခင်သော မိဘဆွေမျိုးသေဆုံးသကဲ့သို့ တစ်ရွာလုံး ယူကျုံးမရ ဖြစ်ကြသည်။
အမေဒွေးကို မြေချခါနီးတွင် သံချောင်းကန်တော့သောအခါ စျာပနပို့သူအားလုံး ငိုကြွေးကြသည်။
"အမေဒွေးရေ... အီး... အီး..."
သံချောင်း အမေဒွေးနာမည်ကို အော်ခေါ်ပြီး ငိုရှာသည်။
မြစ်ကျိုးရွာမှာ အမေဒွေးမရှိတော့ပါ။ ကလေးများလည်း အမေဒွေးဗန်းထဲမှ မုန့်များကို ကြိုက်နှစ်သက်ရာ လဲလှယ်စားခွင့် မရတော့ပါ။
မနက်လင်းလျှင် မုန့်ဗန်းလေးရွက်ပြီး ရောက်လာ၍ ခေါ်ကာ ပြောကာ ပေးတတ် ကျွေးတတ်သော အမေဒွေးအသံကို ကလေးများ ကြားယောင်နေကြသည်။
ဘုရားဝတ်တက်အဖွဲ့ကလည်း ဘုရားဝတ်တက်ပြီး အမျှဝေတိုင်း သာဓုကျယ်ကျယ်ခေါ်တတ်သော အမေဒွေးအသံကို ကြားယောင်နေကြသည်။
ရွာတောင်ပိုင်းမှ ဦးကျီးညိုက ပြောသည်။
"အမေဒွေးမှာ အရင်က ကလေးရှိဖူးလိမ့်မယ်။ သူအလွန်ချစ်တဲ့ကလေး ရေနစ်သေလို့ စိတ္တဇဖြစ်ပြီး ဒီရွာရောက်လာတာနေမှာ။ ဒီရွာရောက်တော့ ကလေးတိုင်းကို သူ့ကလေးကိုယ်စားချစ်နေတာ။ ဒါကြောင့် ကလေးတွေ မြစ်ကျိုးအင်းထဲ ရေဆင်းချိုးတာမြင်တိုင်း စိတ်ပူပြီး လိုက်ရိုက်နေတာ သံချောင်းကို အသေခံပြီး ကယ်တာလည်း သံချောင်းမိဘတွေ သူ့လို မခံစားရအောင်ဖြစ်မှာ..."
ဦးကျီးညိုပြောသောစကား ရွာထဲပျံ့နှံ့သွားသည်။ အမေဒွေးအတွက် ပို၍ စိတ်မကောင်းဖြစ်ရသည်။
နောက်တစ်ယောက်၏ စကားကို ရွာသူရွာသားများ သဘောကျတာ ရှိသေးသည်။ ဘုရားဝတ်တက်အဖွဲ့မှ ဖွားအိမ်သာပြောသော စကားဖြစ်သည်။
"အမေဒွေး ဒီရွာကို ဘယ်ကရောက်လာမှန်းမသိပေမဲ့ သူသွားမယ့်နေရာကတော့ အထက်ဘုံကောင်းရာမွန်ရာဖြစ်မှာ သေချာပါတယ်..."
အမေဒွေးနှင့် ကလေးများ မုန့်ဗန်းလေးကို အလယ်မှာထား၍ ပေးသည်။ ယူသည် ပြန်ပေးသည် လုပ်နေကြသော မေတ္တာမြင်ကွင်းလေးများကိုတော့ ရွာသူရွာသားများ မည်သည့်အခါမျှ မေ့နိုင်ကြမည်မဟုတ်ပါ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၈)
No comments:
Post a Comment