December 7, 2020

အဝလွန်ခြင်းနှင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ

စုဝဏ္ဏ

        အဝလွန်ခြင်းကြောင့် နှလုံးရောဂါနှင့် သွေးတိုးရောဂါဖြစ်ပွားမှု မြင့်တက်လာသည်ကို လူအများသိရှိကောင်း သိရှိနိုင်သော်လည်း ကိုယ်ခန္ဓာအလေးချိန်လွန်ကဲခြင်းကြောင့် ကင်ဆာရောဂါအပါအဝင် အခြားသော ကျန်းမာရေးဆိုးကျိုးများဖြစ်နိုင်သည်ကို သတိပြုမိကြလိမ့်မည်မဟုတ်ပေ။

        သည်းခြေအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အသည်းကင်ဆာနှင့် အူမကြီးကင်ဆာဖြစ်ပွားမှု၏ ၁ဝ ရာခိုင်နှုန်းမှာ ခန္ဓာကိုယ်အလေးချိန်လွန်ကဲမှုနှင့် ဆက်နွယ်နေပြီး သားအိမ်ကင်ဆာဖြစ်ပွားမှု၏ ၄၁ ရာခိုင်နှုန်းမှာ အဝလွန်ခြင်းနှင့် သက်ဆိုင်နေကြောင်း လေ့လာမှုသစ်တစ်ရပ်က ဖော်ပြထားသည်။ အမေရိကန်လူမျိုး ၃၆ ရာခိုင်နှုန်းကျော်မှာ အဝလွန်သူများဟု ယူဆရပြီး ၃၄ ရာခိုင်နှုန်းခန့်မှာ ကိုယ်အလေးချိန်ကျော်လွန်နေသူများဖြစ်သည်ဟု အမေရိကန်ရောဂါကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေးဌာနက ထုတ်ပြန်ထားသည်။

ကင်ဆာ

        Lancet လေ့လာမှုအရ လူဦးရေ ၅ ဒသမ ၄ သန်းကို သုတေသနပြုလုပ်ခဲ့ရာ ကိုယ်ခန္ဓာအလေးချိန်ပြညွှန်းကိန်းမှာ နှစ်စဉ်မြင့်တက်လျက်ရှိပြီး ကင်ဆာဖြစ်ပွားမှုနှုန်းမှာ ၃၇၉ဝ ဦးရှိသည်။ ၁၉၇၁ ခုနှစ်ကတည်းက အမေရိကန်တွင် BMI မြင့်တက်မှုမှာ အမျိုးသားများတွင် ၂ ဒသမ ၅ နီးပါး မြင့်တက်လျက်ရှိပြီး အမျိုးသမီးများမှာ အဆင့် ၄ နီးပါးမျှရှိနေသည်ဟု ၂ဝ၁၃ ခုနှစ် လေ့လာမှုမှတ်တမ်းများက ဖော်ပြထားသည်။ အဝလွန်ခြင်းကြောင့်အမျိုးသားများတွင် ကင်ဆာရောဂါသစ်ဖြစ်ပွားမှု ၃၄ဝဝဝ ရှိနေချိန်တွင် အမျိုးသမီးများတွင် ၅ဝဝဝဝ ရှိနေသည်ဟု အမျိုးသားကင်ဆာအဖွဲ့မှ ခန့်မှန်းဖော်ပြထားသည်။ သို့သော် အရွယ်ရောက်သူ လူငယ်များအနေဖြင့် BMI ၁ ရာခိုင်နှုန်း (၂ ဒသမ ၂ ပေါင်) လျှော့ချနိုင်မည်ဆိုလျှင် ကင်ဆာရောဂါသစ် ၁ဝဝဝဝဝ ခန့်ကို ကာကွယ်ပေးနိုင်ကြောင်း သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - discovery

ခေါင်းကိုက်ရောဂါ

        ကိုယ်အလေးချိန်မြင့်တက်ခြင်းကြောင့် ခေါင်းကိုက်ရောဂါ ခံစားရနိုင်ကြောင်း အာရုံကြောဆိုင်ရာသုတေသနတွေ့ရှိချက်တစ်ရပ်ကို ဆေးပညာဂျာနယ်တွင် ပုံနှိပ်ဖော်ပြထားသည်။ ဂျွန်ဟော့ကင်းသုတေသီများက လူ ၄ဝဝဝ ခန့်ကို စစ်တမ်းကောက်ယူခဲ့ရာ BMI မြင့်တက်လေလေ တစ်ခါတစ်ရံ ဖြစ်ပွားလေ့ရှိသော ခေါင်းကိုက်ရောဂါ ဖြစ်နိုင်ခြေများလေလေ ဖြစ်သည်။ ပုံမှန်ကိုယ်အလေးချိန် ရှိသူများနှင့် နှိုင်းယှဉ်လျှင် အဝလွန်သူများသည် တစ်လလျှင် အနည်းဆုံး ခေါင်းကိုက်မှု ၁၄ ကြိမ်ဖြစ်ရန် ၈၁ ရာခိုင်နှုန်း အလားအလာရှိသည်။ အသက် ၅ဝ ကျော် အဝလွန်အမျိုးသမီးများသည် နာတာရှည်ခေါင်းကိုက်ရောဂါကို အများဆုံး ခံစားကြရသည်။

မျိုးမအောင်ခြင်း

        ကိုယ်အလးချိန်မြင့်သောအမျိုးသမီးအနေဖြင့် ကိုယ်ဝန်ဆောင်ရန် အလွန်ခက်ခဲသည်။ အိန္ဒိယသုတေသနပြုမှုတစ်ရပ်တွင် အဝလွန်အမျိုးသမီး ၃ဝဝ ကို လေ့လာခဲ့ရာ ၉ဝ ရာခိုင်နှုန်းကျော်မှာ မမျိုးပွားအင်္ဂါနှင့် သက်ဆိုင်သောရောဂါခံစားနေရပြီး သုံးနှစ်တာကာလအတွင်း မျိုးမပွားနိုင်ခြင်း‌၊ မျိုးမအောင်ခြင်း ဖြစ်နိုင်သည်ဟု သိရသည်။ 

        အဝလွန်ခြင်းသည် မျိုးအောင်ခြင်းကို လျော့နည်းစေသည့် အလားအလာတစ်ရပ်ဖြစ်ကြောင်းနှင့် အဆီတစ်ရှူးများက ထုတ်လွှတ်သော ဟိုမုန်းပြောင်းလဲခြင်းကြောင့်သာ မျိုးမအောင်ခြင်းဖြစ်နိုင်ကြောင်း ကိုလံဘီယာတက္ကသိုလ် ဆေးပညာဌာန၊ နယူးယောက်ပရက်စ်ဘိုင်တီးရီးယန်းဆေးရုံ၊ ကိုယ်အလေးချိန်လျှော့ချရေးနှင့် ဇီဝကမ္မလေ့လာရေးဌာန ညွှန်ကြားရေးမှူး Dr. Marc Bessler က မှတ်ချက်ပြုထားသည်။

        ၄င်း၏လူနာအများစုမှာ ကိုယ်ဝန်ဆောင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ဆေးခန်းအများစုမှာ မျိုးပွားရန် အလားအလာနည်းသည့် ကိုယ်အလေးချိန်မြင့်သော အမျိုးသားများကို လက်ခံကုသခြင်းမပြုကြောင်းလည်း Bessler ကပြောသည်။ သို့သော် ၄င်း၏ လူနာအချို့မှာ ကိုယ်အလေးချိန်ထိန်းညှိရေး ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပြီး ခန္ဓာကိုယ်အလေးချိန် အနည်းငယ်လျှော့ချနိုင်လျှင် ကာလအနည်းငယ်အတွင်းမှာ ကိုယ်ဝန်ဆောင်နိုင်သည်ဟုလည်း အကြံပြုဆွေးနွေးထားသည်။

အိပ်ရေးကစဉ့်ကလျားဖြစ်ခြင်း

        အိပ်စက်ခြင်းနှင့် အဝလွန်ခြင်းမှာ မိတ်ဖက်တစ်ရပ်မဟုတ်ပေ။ အိပ်စက်ခြင်းနှင့်ပတ်သက်၍ အခက်အခဲဖြစ်နေသော အမေရိကန်အဝလွန်သက်ကြီးရွယ်အို ၈ဝ ရာခိုင်နှုန်းနီးပါးရှိသည်ဟု အမေရိကန်အိပ်စက်ခြင်းဖောင်ဒေးရှင်း၏ လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။ ကောင်းမွန်စွာ မအိပ်စက်ရခြင်းကြောင့် နှလုံး၊ ဆီးချိုနှင့် အဝလွန်ခြင်းအပါအဝင် အခြားရောဂါများ အလွယ်တကူဖြစ်ပွားနိုင်သည်။ ထို့ပြင် တစ်ညလျှင် အနည်းဆုံး ၇ နာရီအိပ်သူများထက် ခန္ဓာကိုယ်အလေးချိန်တိုးရန် ၁၅ ရာခိုင်နှုန်းနီးပါး ရှိသည်ဟု ဟားဗက်ပြုစုစောင့်ရှောက်ရေး လေ့လာမှုအပါအဝင် သုတေသနလေ့လာမှုအများအပြားက ဖော်ပြထားသည်။ အဝလွန်သောလူများအတွက် ရုတ်တရက်ဖြစ်ပေါ်စေသော ကျန်းမာရေးဆိုးကျိုးမှာ အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်ခြင်းမျိုးဖြစ်သည့် အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်းပင်ဖြစ်သည်။ လူတစ်ဦး လဲလျောင်းနေစဉ် အထူးသဖြင့်ပက်လက်လှန်နေစဉ် လေလမ်းကြောင်းတစ်လျှောက်ရှိ ပျော့ပျောင်းသော တစ်ရှုးများကို ပိတ်နိုင်၊ ဖိနိုင်သော လည်ပင်းဝန်းကျင် တစ်လျှောက်ရှိ အဆီများ များပြားလာခြင်းကြောင့် အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း ဖြစ်ပေါ်သည်ဟု အာရုံကြောဗေဒပညာရှင် Hensrud ကဆိုသည်။ ဆိုလိုသည်မှာ လူတစ်ဦးအနေဖြင့် ကောင်းမွန်စွာ မအိပ်စက်ရပါက သွေးကြောများအတွင်း အောက်ဆီဂျင်လျော့နည်းကာ နှလုံးအလုပ်လုပ်မှု ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။

အနိုင်ကျင့်ခံရခြင်း

        ဝသောလူများသည် ရံဖန်ရံခါ ရယ်မောစရာအဖြစ် လှောင်ပြောင်ခြင်းခံရသော်လည်း အဝလွန်ခြင်းမှာ ဂုဏ်သိက္ခာထိခိုက်အောင် ရယ်မောရမည့် ကိစ္စမျိုးမဟုတ်ပေ။ မည်သည့်အသက်အရွယ်တွင်မဆို ကိုယ်ခန္ဓာအလေးချိန်သည် လူအများအနိုင်ကျင့်ခံရသည့်အချက်များထဲမှ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်းနှင့် အနိုင်ကျင့်ခံရသူများသည် မိမိကိုယ်မိမိ ယုံကြည်မှုနည်းလာကာ စိတ်ဓာတ်ကျဆင်းမှု မြင့်တက်လာပြီး သေကြောင်းကြံစည်မှု ဖြစ်တတ်ကြောင်း Yale တက္ကသိုလ်မှ သုတေသီများက ဖော်ပြထားသည်။

        အဝလွန်အမျိုးသား အမျိုးသမီး ၆၇ ရာခိုင်နှုန်းသည် ဆရာဝန်၏ဆေးခန်းအတွင်းမှာပင် ရှက်ရွံ့နေတတ်သည်။ ဝသောအမျိုးသမီးများသည် ကိုးရိုးကားရားနိုင်ပြီး ရုပ်ဆိုးကာ ယိမ်းယိုင်လွယ်သောကြောင့် ကုသမှုပြုရာတွင် လိုက်လျောညီထွေမရှိဘဲ ယင်းတို့၏ တုန့်ပြန်တိုက်ခိုက်မှုကို ခံနေရကြောင်း သူနာပြု ၂၄ ရာခိုင်နှုန်းက ထုတ်ဖော်ပြောထားသည်။ ထို့အပြင် လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကြား ကျန်းမာရေးဆိုင်ရာဆွေးနွေးမှု ပျက်စီးရခြင်းမှာ အဝလွန်သူများသည် ကျန်းမာရေးပြဿနာပေါ်ပေါက်သည့်အခါတိုင်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် ရှောင်လေ့ရှိသောကြောင့်ဖြစ်သည်ဟု Yaleတက္ကသိုလ်မှသုတေသနအဖွဲ့ခေါင်းဆောင် ရေဗက်ကာပူလ်က အလေးပေးဖော်ပြထားသည်။ သို့ရာတွင် လူအချို့သည် ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာရန် ကွဲလွဲမှုရှိတတ်သည့်အတွက် ဆရာဝန်က အဝလွန်သူဖြစ်နေလျှင် ကျန်းမာရေး စောင့်ရှောက်မှုပေးသူကို အသစ်တစ်ယောက် ပြောင်းကောင်းပြောင်းပေးနိုင်သည်။

ဝင်ငွေနည်းပါးခြင်း

        အဝလွန်ခြင်းနှင့် ဝင်ငွေနည်းခြင်းတို့ကြားတွင် ခိုင်မာသောဆက်နွယ်မှုရှိကြောင်းကို ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးကျောင်းမှ ဖော်ပြထားသည်။ ပိန်သော လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများနှင့်နှိုင်းယှဉ်လျှင် အဝလွန်သူများ၏ ဝင်ငွေသည် အမျိုးသမီးများတွင် ၈၆၆၆ ဒေါ်လာအောက်တွင် ရှိနေပြီး အမျိုးသားများမှာမူ ၅၈၆၂ ဒေါ်လာအောက် ရှိနေသည်ဟု သုတေသီများက 2004 National Longitudinal Survey of Youth အရ ဖော်ပြထားသည်။ ၂ဝဝ၈ ခုနှစ်တွင် အဝလွန်အမျိုးသမီးများ၏ဝင်ငွေမှာ ၅၈၂၆ ဒေါ်လာအောက်တွင်ရှိနေပြီး ပုံမှန်ကိုယ်အလေးချိန်ရှိသော အမျိုးသမီးများထက် ၁၄ ဒသမ ၆ ရာခိုင်နှုန်း လျော့နည်းနေသည်ဟု သုတေသီများက‌ ဖော်ပြထားသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၅)

No comments:

Popular Posts