December 6, 2020

ကျွဲ နွား လည်ချောင်းကွဲရောဂါ စနစ်တကျ ကာကွယ်ကုသရေး

နေဝင်းလွင်(မွေး/ကု)

        မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင် လယ်ယာလုပ်ငန်းများလုပ်ကိုင်ရာတွင် အားကိုးအားထားပြုရသော ကျွဲ၊ နွားများကို အထူးဂရုစိုက်ပြုစုစောင့်ရှောက်ရန် လိုအပ်ပေသည်။ တောင်သူဦးကြီးများ အဓိကအားကိုးနေရသော ကျွဲ၊ နွားများကျန်းမာစေရန်နှင့် ရောဂါဖြစ်ပွားပါက မည်ကဲ့သို့ ကာကွယ်ပြုစုစောင့်ရှောက်ရမည်ကို သိရှိစေရန် ရည်ရွယ်၍ စာရေးသူထံသို့ မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်၊

မေး။    ဆရာခင်ဗျား ကျွန်တော်က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက ကျွဲမွေးမြူသူတစ်ဦးဖြစ်ပါတယ်။ ကျွဲ၊ နွားတွေဟာ တစ်နှစ်မှာ တစ်ခါလောက် လည်ချောင်းကွဲရောဂါ ကျရောက်ဖြစ်ပွားတတ်တာကြောင့် ဒီရောဂါနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိလိုပါတယ်ဆရာ။

ဖြေ။    ကျွဲ၊ နွားတွေမှာဖြစ်တဲ့ လည်ချောင်းကွဲရောဂါဟာ ဘက်တီးရီးယားရောဂါပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ဒီရောဂါကို ၁၉၇၈ ခုနှစ်က ဂျာမနီနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ကျွဲ၊ နွားလည်ချောင်းကွဲရောဂါဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွေမှာ နေရာဒေသအလိုက် ကျရောက်ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး စီးပွားရေးအရ ဆုံးရှုံးမှုကြီးမားတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

မေး။    ဒီရောဂါဟာ ကျွဲ၊ နွားတွေအပြင် တခြားအိမ်မွေးတိရစ္ဆာန်တွေမှာပါ ဖြစ်တတ်ပါသလား ဆရာ။

ဖြေ။    ဒီရောဂါဟာ ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်တဲ့ ပတာတိုစီးဒါးရောဂါပိုးကြောင့်ဖြစ်ပြီး ကျွဲ၊ နွားတွေအပြင် တခြားတိရစ္ဆာန်တွေဖြစ်တဲ့ သိုးနဲ့ ဆိတ်တွေမှာ တစ်ခါတစ်ရံဖြစ်တာကို တွေ့ရပါတယ်။ ဒီရောဂါဟာ နွားတွေထက်စာရင် ကျွဲတွေမှာ ဖြစ်ပွားရင် ပိုပြီးထိခိုက်လွယ်ပြီး ကျွဲငယ်လေးတွေဟာ ကျွဲကြီးတွေထက် ပိုပြီး ထိခိုက်လွယ်တာကို တွေ့ရပါတယ်။

ဓာတ်ပုံ - loupiote

မေး။    ကျွဲ၊ နွားတွေမှာဖြစ်တဲ့ လည်ချောင်းကွဲရောဂါဟာ ဘယ်လိုအချိန်တွေမှာ ပိုပြီးဖြစ်ပွားတတ်ပါသလဲဆရာ။

ဖြေ။    ကျွဲ၊ နွားတွေမှာဖြစ်တဲ့ လည်ချောင်းကွဲရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးဟာ တိရစ္ဆာန်တွေရဲ့ ကိုယ်ခန္ဓာ ပြင်ပမှာ ကြာရှည်စွာ အသက်ရှင်နိုင်စွမ်းမရှိပေမယ့် စွတ်စိုတဲ့ကာလတွေဖြစ်တဲ့မုတ်သုန်မိုး စတင်ဝင်ရောက်တဲ့ စပါးစိုက်ပျိုးတဲ့ကာလတွေ ကျွဲ၊ နွားတွေ အုပ်စုလိုက် တစ်နေရာမှ တစ်နေရာသို့ အကူးအပြောင်းလုပ်တဲ့ ကာလတွေမှာ အဖြစ်များတတ်ပါတယ်။

မေး။    ဒီရောဂါဟာ စွတ်စိုတဲ့ကာလတွေအပြင် တခြားဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲဆရာ။

ဖြေ။    ဒီရောဂါဟာ ပတ်ဝန်းကျင်စိုစွတ်တဲ့ကာလမှာ ဖြစ်တတ်တာအပြင် ကျွဲ၊ နွားတွေ လုပ်ငန်းဖိစီးလို့ ပင်ပန်းတဲ့အချိန်တွေ၊ ကျွဲအုပ်၊ နွားအုပ်တွေကို အများပိုင် စားကျက်တွေမှာ အတူလွှတ်ကျောင်းတဲ့အချိန်တွေမှာ ရောဂါကူးစက်ပြန့်ပွားတတ်ပါတယ်။

မေး။    လည်ချောင်းကွဲရောဂါဖြစ်ပွားကျရောက်ခဲ့ရင် ကျွဲ၊ နွားတွေမှာ အသက်ဆုံးရှုံးနိုင်တဲ့ပမာဏကိုလည်း သိပါရစေ။

ဖြေ။    ဒီရောဂါဖြစ်ပွားလို့ ရောဂါရဲ့သဏ္ဌာန်လက္ခဏာတွေ ပြည့်လာတဲအခါမှာတော့ သေဆုံးနှုန်းဟာ ၁ဝ၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။

မေး။    ဒီရောဂါဟာ ကျွဲ၊ နွားတွေမှာ ဖြစ်ပွားတဲ့အခါ ကျွဲ၊ နွားတွေအထဲမှာ တစ်ကောင်နဲ့တစ်ကောင် ဘယ်လိုကူးစက်တယ်ဆိုတာ သိလိုပါတယ်ဆရာ။

ဖြေ။    လည်ချောင်းကွဲရောဂါဖြစ်လာတဲ့ ဘက်တီးရီးယားရောဂါပိုးဟာ ကျွဲ၊ နွားတွေရဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက်၊ အစာချေလမ်းကြောင်းတစ်လျှောက်နဲ့ ကျွဲ၊ နွားတွေရဲ့ အာသီးရှိတဲ့နေရာတွေမှာနေတဲ့အတွက် အစာစားတဲ့အခါ၊ ရေသောက်တဲ့အခါ ရောဂါပိုးပါတဲ့ အစာတွေ၊ ရေတွေကနေ ကူးစက်ပါတယ်။

မေး။    ရောဂါဖြစ်ပွားတဲ့အခါမှာ ရောဂါသဏ္ဌာန်လက္ခဏာတွေ ဘယ်လိုပြတယ်ဆိုတာ သိပါရစေ ဆရာ။

ဖြေ။    ကျွဲ၊ နွားတွေရဲ့ ကိုယ်ထဲကို စတင်ဝင်ရောက်ချိန်ကစပြီး သုံးရက်နှင့် ငါးရက်အတွင်းမှာ ရောဂါရဲ့သဏ္ဌာန်လက္ခဏာ မပြသတဲ့ရောဂါငုပ်ချိန်ဖြစ်ပါတယ်။ ရောဂါသဏ္ဌာန်လက္ခဏာ စတင်ပြသပြီးတဲ့အချိန်ကစပြီး ၁၈ နာရီကနေ ၃ဝ နာရီအတွင်း သေဆုံးနိုင်ပါတယ်။

မေး။    ဒီရောဂါဖြစ်လို့ ပြသတဲ့သဏ္ဌာန်လက္ခဏာတွေကိုလည်း သိပါရစေ။

ဖြေ။    ပထမဆုံးပြသတဲ့ သဏ္ဌာန်လက္ခဏာအနေနဲ့ ကိုယ်အပူချိန်တက်လာပါတယ်။ ကိုယ်အပူချိန်ဟာ ၁ဝဝ ဒီဂရီဖာရင်ဟိုက်ကနေ ၁ဝ၅ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာတတ်ပါတယ်။ အဲဒီနောက်တော့ ကိုယ်ခန္ဓာဟာ ပူလိုက်အေးလိုက် တစ်လှည့်စီ ဖြစ်လာပါတယ်။ ဒါ့အပြင် ကျွဲ၊ နွား တွေမှာ အစာစားပျက်ခြင်း၊ စားမြုံ့မပြန်ခြင်း၊ နို့ပေးနွားမ နို့ပေးရပ်သွားခြင်း၊ ခါးကုန်းလာခြင်းတွေကို တွေ့ရတတ်ပါတယ်။ ဝမ်းသွားတာကိုလည်းတွေ့ရပြီး တစ်ခါတစ်ရံ မစင်တွေမှာ သွေးပါလာတတ်ပြီး အသက်ရှူမြန်လာတာတို့ ငြီးတွားတာတို့ တွေ့ရပါတယ်။ တခြားသဏ္ဌာန်လက္ခဏာတွေအနေနဲ့ သွားရည်များကျခြင်း၊ နှာရည်ယိုခြင်း၊ မေးအောက်ဖက်တွင် ရောင်ရမ်းလာခြင်း၊ လည်ပင်းနဲ့ လည်ပျင်း (လည်ပင်းအောက်အရေပြား)တွေ ရောင်ရမ်းလာခြင်း၊ အသက်ရှူမြန်လာခြင်းတွေ တွေ့ရပါတယ်။ ကျွဲငယ်၊ နွားငယ်လေးတွေမှာတော့ ရောဂါသဏ္ဌာနလက္ခဏာပြပြီးတဲ့နောက် ၆ နာရီကနေ ၄၈ နာရီအတွင်း သေဆုံးတတ်ပါတယ်။

မေး။    ဒီရောဂါဖြစ်ပွားမှု မရှိစေဖို့ ဘယ်လိုကာကွယ်ပြီး ရောဂါဖြစ်ပွားလာရင် ရောဂါကို ဘယ်လိုထိန်းချုပ်ကုသရမလဲဆိုတာ သိပါရစေ။

ဖြေ။    ရောဂါဖြစ်ပွားမှုမရှိစေဖို့ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးဖို့ လိုပါတယ်။ ရောဂါဖြစ်လာရင်လည်း အကောင်းဆုံးထိန်းချုပ်မှုကတော့ ကာကွယ်ဆေးထိုးနှံခြင်းကို ပြုလုပ်ရပါမယ်။ တစ်ဖက်က ရောဂါကုသမှုအနေနဲ့ ပဋိဇီဝဆေးတွေဖြစ်တဲ့ စတက်တိုမွိုင်စင်၊ ပင်နယ်စလင်၊ အမ်ပစလင်၊ အောက်စီတက်ထရာဆိုက်ကရင်း၊ ကလိုရင်ဖင်နီကော အသားဆေးတွေကို သုံးရက်ဆက်တိုက် ထိုးနှံပေးရပါမယ်။ ခြံရဲ့ ဇီဝလုံခြုံရေးအနေနဲ့ ခြံအတွင်းပိုးသတ်ဆေးများ ပက်ဖျန်းခြင်း၊ ရောဂါနဲ့သေဆုံးသွားတဲ့ တိရစ္ဆာန် အသေကောင်များအား တွင်းနက်နက်တူး၍မြှုပ်နှံခြင်းတို့အား ပြုလုပ်ပေးရပါမယ်။

မေး။    ဒီရောဂါနဲ့ပတ်သက်ပြီး တခြားသိသင့်သိထိုက်တဲ့အချက်တွေရှိရင်လည်း သိပါရစေဆရာ။

ဖြေ။    ဒီရောဂါနဲ့ပတ်သက်ပြီး သိထားရမယ့် အရေးကြီးတဲ့အချက်တွေကတော့ ရောဂါဖြစ်ပွားပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တိရစ္ဆာန်တွေထဲက ရာခိုင်နှုန်း ၂ဝ လောက်ရှိတဲ့ တိရစ္ဆာန်တွေဟာ ရောဂါပိုးကို သယ်ဆောင်ထားတတ်တဲ့အကြောင်း သိထားရပါမယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၆)

No comments:

Popular Posts