December 25, 2020

ငါးစတင်မွေးဖို့ ရည်ရွယ်ပြီး နေရာရွေးချယ်ကြမည်ဆိုလျှင်

အောင်အောင်

        ငါးမွေးမြူရေး စတင်လုပ်ကိုင်လိုသူများ ငါးစတင်မွေးမြူမည်ဆိုလျှင် မည်သည့်မြေမျိုးတွင် ငါးမွေးရမလဲဆိုသည့် မေးခွန်းများကို မကြာခဏ မေးမြန်းလျက်ရှိသော ငါးမွေးမြူရေးစိတ်ပါဝင်စားသူများအတွက် ငါးမွေးမြူရေးဆိုင်ရာ ပညာရှင်များမှအကြံပြုရေးသားထားသည့် မွေးမြူရေးဆိုင်ရာ စာအုပ်များမှ ရေးသားထားသည့် မွေးမြူရေးဆိုင်ရာစာအုပ်များမှ ကောက်နုတ်ဖော်ပြပေးရမည်ဆိုလျှင် ငါးမွေးရန်နေရာ၊ ရွေးချယ်ရမည့် နည်းလမ်းများသည် မိမိ၏ အိမ်အနီးအနား၊ သွားလာရေး လွယ်ကူမည့်နေရာမျိုးနှင့် မြေလွတ်၊ မြေရိုင်း ရှိ၊ မရှိ လေ့လာရှာဖွေရန် လိုအပ်ခြင်း၊ မြေလွတ်မြေရိုင်းများသည် တခြားသီးနှံ စိုက်ပျိုးသည့် နေရာမျိုးမဖြစ်ရန် လိုအပ်ခြင်းတို့ကို မွေးမြူရေးပညာရှင်များက အကြံပြုထားပါသည်။

        ၄င်းအပြင် မြေသည် ပြေပြစ်ပြီး လျှောစောက်သည့် မြေအမျိုးအစားဆိုလျှင် ပိုမိုကောင်းမွန်ခြင်း၊ ငါးမွေးမြူသည့်နေရာသည် မြေနိမ့်ကျနေတာမျိုးဖြစ်နေလျှင် သိထားရမည့် အချက်တစ်ချက်အနေဖြင့် ငါး၏ ရှင်သန်ကြီးထွားမှုအတွက် ငါးမွေးမြူမည့် မြေနေရာသည် တောင်ကုန်းမြေ၊ လှေကားထစ်မြေမျိုးလည်း မဖြစ်သင့်ကြောင်း သိရှိထားရပါမည်။

        ငါးများသည် ရွှံ့စေးမြေကို ကြိုက်နှစ်သက်ပြီး သဲမြေ၊ သဲနုန်းမြေများတွင် မမွေးမြူသင့်ကြောင်း၊ ဂဝံမြေ အမျိုးအစားဆိုလျှင် ငါးလုံးဝ(လုံးဝ) မမွေးမြူသင့်ကြောင်းနှ င့် ရှောင်ကြဉ်သင့်ကြောင်း၊ ငါးကန်တူးမည့်နေရာသည် ရေသွင်းရေထုတ်ပြုလုပ်ရန် အဆင်ပြေသည့် နေရာမျိုးဖြစ်ရန် လိုအပ်ပြီး မိုးရေကိုအားပြု ငါးမွေးမြူခြင်းမျိုး မလုပ်သင့်ကြောင်း အကြံပြုထားပါသည်။

ဓာတ်ပုံ - scontent.frgn3-1.fna

        ‘‘မြန်မာနိုင်ငံမှာ အလုပ်ကတော့မရှားပေမယ့် ပိုက်ဆံပိုပိုလျှံလျှံရှာဖွေဖို့ မလွယ်ဘူး။ ကိုယ့်မှာရှိတဲ့ မြေ နေရာလေးမှာပဲ ကိုယ်တတ်နိုင်သလောက် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်မယ်လို့ စိတ်ကူးလိုက်တော့ ငါးသားဖောက်မွေးမြူရေးလုပ်ငန်းလေးကို ရွေးချယ်ဖြစ်ခဲ့တာပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံမြို့နယ်မှာ ငါးသားပေါက် စီးပွားဖြစ်မွေးမြူရောင်းချနေသည့် ကိုနေမင်းက သူ၏လုပ်ငန်းအတွေ့အကြုံများကို အောက်ပါအတိုင်း ရှင်းပြခဲ့ပါသည် -

        ‘‘ငါးသားပေါက်များ စတင်မွေးမြူပါက ငါးတွေကို သားပေါက်စကလေးတွေကနေ စတင်မွေးမြူပြီးနောက် အချိန်ကာလတစ်လကျော်အကြာတွင် ငါးခူသားပေါက်အရွယ်အစား နှစ်လက်မအရွယ် ရောက်နိုင်ပါတယ်။ သားဖောက်ဖို့ ငါးသားပေါက်တွေ ပေါက်ပြီဆိုလျှင် အစာတန်းကျွေးလို့ မရသေးဘဲ အများအားဖြင့် ၄၈ နာရီလောက် စောင့်ပေးရတယ်။ ရာသီဥတုပေါ်မူတည်ပြီး ဒီထက်အချိန်ပေးရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

        ငါးသားပေါက်များကို ဘာလို့ ချက်ချင်းအစာမကျွေးရသလဲဆိုလျှင် ငါးသားပေါက်တွေ ပေါက်ပေါက်ချင်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြည့်စုံဖို့ အချိန်လိုအပ်လို့ပဲ ဖြစ်ပါတယ်။ အားလုံးပြည့်စုံပြီဆိုမှ ငါးလေးတွေ ရေစတင်ကူးတာပါ။ ရေကူးတာတောင်မှ ကိုယ်ဖောက်ထားတဲ့ ငါးသားပေါက်အားလုံး ရေထဲမှာ အကုန် ရေကူး၊ မကူး ကြည့်ရပါဦးမယ်။ အားလုံး ရေသေချာကူးခတ်နိုင်မှသာ အစာကျွေးမယ်ဆိုလျှင် အသင့်တော်ဆုံးပါ။ ငါးသားပေါက်ဖောက်တဲ့ ငါးဥဆိုလို့ ကြက်ဥလိုအကောင်ပေါက်တာ မဟုတ်ဘူး။ ဥပုံစံကနေ ငါးပုံစံကို အသွင်ပြောင်းတာပါ။ အားလုံး ညီညွတ်စွာ ကူးပြီဆိုလျှင် အစာကျွေးလို့ရပါပြီ။

        အစာစကျွေးတဲ့အချိန်မှာ အသီးဖျော်စက်နဲ့ ရေတီကိုကြိတ်ပြီး ကျွေးမွေးလေ့ရှိပါတယ်။ ရေတီကိုကြိတ် ကျွေးတဲ့အခါ သွေးရည်ဖြစ်တဲ့ထိ ကြိတ်ပြီးမှ စတင်ကျွေးပေးသင့်ပြီး ရေတီဖတ်တွေ များနေလျှင် သားလောင်းပေါက်စတွေအတွက် ဝါးမျိုနိုင်စွမ်း မရှိတာကို သတိပြုသင့်ပါတယ်။

        မွေးမြူထားတဲ့ ငါးသားပေါက်တွေ သေကျေပျက်စီးမှုနှုန်း နည်းပါးဖို့အတွက် အဓိကလိုအပ်တာကတော့ အာဟာရပြည့်ဝပြီး နည်းစနစ်ကျနတဲ့ အစာကျွေးတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ငါးသားပေါက်တွေ တဖြည်းဖြည်း အကောင်ကြီးလာလေလေ ရေတီကို အဖတ်အဖြစ် ကျွေးမွေးသင့်ပါတယ်။ အရေးကြီးတာက ငါးသားပေါက် မသေစေချင်လျှင် အစာမကျွေးခင်အချိန်တိုင်းနှင့် သားပေါက်ကန်ကို မကိုင်ခင်အချိန်တိုင်းမှာ လက်ကို သန့်ရှင်းစင်ကြယ်အောင် ပိုးသတ်ဆေးနဲ့ ဆေးကြောသန့်စင်ထားခြင်း၊ ရေတီကြိတ်စက်(ဖျော်စက်)ကို ရေနွေးအပူနှင့် ပိုးသတ်ခြင်းတို့ကို လုပ်ပေးနိုင်လျှင် အကောင်းဆုံးပါ။

        ငါးသားပေါက်တွေကို အစာကျွေးပြီး ငါးမိနစ်ခန့်အကြာမှာပဲ ငါးကန်ရဲ့ရေကို လဲလှယ်ပေးသင့်ပြီး အစာကျွေးတဲ့အခါမှာ အစာကျွေးခွက်ကို စတီးဇလုံတွေ သုံးပေးသင့်ပါတယ်။ ငါးသားပေါက်စီးပွားဖြစ်မွေးမြူရောင်းချလျက်ရှိသည့် ကိုနေမင်း၏ လုပ်ငန်းအတွေ့အကြုံများကို ငါးမွေးမြူရေး စတင်လုပ်ကိုင်လိုကြသောမွေးမြူရေးသမားများအတွက် ရှောင်ရန်ဆောင်ရန်အချက်များကို သိရှိလေ့လာနိုင်စေရန် ပြန်လည်မျှဝေ ရေးသားတင်ပြလိုက်ရပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၉)

No comments:

Popular Posts