December 24, 2020

ပင်ထောင်မြေပဲ အထွက်တိုးအောင် စိုက်ပျိုးကြစို့

ရွှေမင်းအောင်(ကျောက်ပန်းတောင်း)

        မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံ၍ အခြားသော စီးပွားရေးလုပ်ငန်းများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပေးလျက်ရှိပါသည်။ ပင်ထောင်မြေပဲသီးနှံသည် တစ်ဧက စားသုံးဆီထွက်ရှိမှု ပိဿာ ၁၀၀ နှင့်အထက် ရရှိနိုင်သည့် ဆီထွက်သီးနှံဖြစ်ပြီးလျှင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အရေးပါလှသော ဆီထွက်သီးနှံပင်ဖြစ်ပါသည်။ ပင်ထောင်မြေပဲများကို သဲနုန်းမြေ၊ ကိုင်းကျွန်းမြေ၊ နုန်းစနယ်မြေ၊ မြေနီဆန်သဲဝန်းမြေများတွင် စိုက်ပျိုးနိုင်ပါသည်။ မြေဩဇာထက်သန်သော နုန်းမြေများတွင် အပင်ပိုမိုဖြစ်ထွန်းပါသည်။

        ပင်ထောင်မြေပဲစိုက်ပျိုးရန် မြေကိုပြုပြင်ပေးရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ရရှိအောင် ပြုပြင်ပေးသွားရန် လိုအပ်ပြီး မိုးများသည့်ဒေသများနှင့် ရေသွင်းစိုက်ပျိုးသည့်ဒေသများတွင် ပေါင်အကျယ် လေးပေ၊ အမြင့် လေးလက်မ ပေါင်ဖော်၍ စိုက်ပျိုးပါ။ မြေခံတွင် မြေတွင်းအောင်းပိုးများကို ကာကွယ်ရန် ဖျူရာဒန်ဒဂျီတစ်ကီလိုဂရမ်အထုပ် တစ်ဧက သုံးထုပ်မှ ခြောက်ထုပ်အထိ ထည့်သွင်းစိုက်ပျိုးပါ။

ဓာတ်ပုံ - myanmaawba

        ဒေသနှင့်ကိုက်ညီသော ပင်ထောင်မြေပဲအထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ အထွက်ကောင်းမျိုးများမှာ ဆင်းပဒေသာ(၅) သည် အသက်ရက် ၁၀၀ မှ ၁၂၀ ရက်ရှိပြီး တစ်ဧကအထွက်နှုန်း တင်း ၆၀ မှ ၈၀ အထိ ထွက်ရှိနိုင်ပြီး မိုးများခြင်းဒဏ်ကို ခံနိုင်ပါသည်။ ဆင်းပဒေသာ(၆)မျိုးသည် အသက်ရက် ၁၀၀ မှ ၁၁၀ ရက်ရှိပြီး တစ်ဧက တင်း ၆၀ မှ ၇၀ အထိ ထွက်ရှိနိုင်ပြီး ရေငတ်ဒဏ်ခံနိုင်ရည်ရှိပါသည်။ ဆင်းပဒေသာ (၇) မျိုးသည် ရက် ၉၅ မှ ၁၀၀ အထိရှိပြီး တင်း ၅၀ မှ တင်း ၈၀ အထိ ထွက်ရှိနိုင်ပါသည်။ ဆင်းပဒေသာ (၁၁) မျိုးသည်အသက်ရက် ၁၀၅ မှ ၁၁၀ အထိရှိပြီး ၅၅ တင်းမှ တင်း ၈၀ အထိ ထွက်ရှိနိုင်ပါသည်။ ဆင်းပဒေသာ (၁၂) မျိုးသည် အသက်ရက် ၁၀၅ မှ ၁၁၀ ရှိပြီး တင်း ၅၀ မှ တင်း ၈၀ အထိ ထွက်ရှိနိုင်ကာ ရေငတ်ဒဏ်ကို ခံနိုင်ပါသည်။ မျိုးစေ့များကို တစ်ဧကလျှင် မြေပဲဆန် တစ်တင်းခွဲမှ နှစ်တင်းအထိ အသုံးပြုပါ။

        မိုးမြေပဲများကို မေလနှင့် ဇွန်လအတွင်း စိုက်ပျိုးပြီး စကမြေပဲခေါ်  ဝါဆိုမြေပဲကို ဝါဆိုလအတွင်း ဩဂုတ်လ ၁၅ ရက်ထက် နောက်မကျစေဘဲ စိုက်ပျိုးပါ။ ဆောင်းမြေပဲများကို နိုဝင်ဘာလ ၁၅ ရက်ထက် နောက်မကျစေဘဲ အစိုဓာတ်မီအောင် စိုက်ပျိုးပါ။

        ပင်ထောင်မြေပဲများကို တန်းကြား ၁၅ လက်မ၊ ပင်ကြား ၄ လက်မ၊ ပင်ပြန့်မြေပဲများကို တန်းကြား ၁၈ လက်မ၊ ပင်ကြား ၄ လက်မထား၍ စိုက်ပျိုးပါ။ စိုက်ကြောင်း၏ အတိမ်အနက် တစ်လက်မခွဲထက် မနက်စေဘဲ အစိုဓာတ်မိအောင် စိုက်ပျိုးပါ။ မြေခံအဖြစ် သဘာ၀မြေဆွေး (သို့) နွားချေးတစ်ဧက လှည်းငါးစီးမှ ရှစ်စီးနှုန်းအထိပါအောင် ထည့်ပါ။ ကွန်ပေါင်းဓာတ်မြေဩဇာ တစ်အိတ်နှုန်း ထည့်ပေးပါ။ နောက်ဆုံး ကြားတိုက်စဉ် အစိုဓာတ်ရှိချိန် ဂျစ်ပဆန်ကျောက်မှုန့် တစ်ဧက ပိဿာ ၅၀ မှ ၁၀၀ အထိ ပါအောင်ထည့်ပေးပါ။ 

        ပင်ထောင်မြေပဲစိုက်ပြီး ရက်ပေါင်း ၃၀ အတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ မြေပဲစွယ်များ၊ အတောင့်ဖြစ်ချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ပြီးနောက်ပိုင်းတွင် ကြားတိုက်၊ ပေါင်တင်ခြင်း မပြုလုပ်ရပါ။ စွယ်ချချိန် အဆန်ဖြည့်တင်းချိန်များ အပင်၏သက်တမ်း ၄၅ ရက်မှ ၇၀ ရက်သားအတွင်း အစိုဓာတ်လိုအပ်ပါက ပင်ဖြစ်ရေ သွင်းပေးပါ။ အပင်ပြုစုရာတွင် အပင်ငယ်စဉ် စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုးများ ကျရောက်ပါက ပင်လုံးပြန့်ပိုးသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်ပါ။

        ပင်ထောင်မြေပဲများ၏ အပင်သက်တမ်းပြည့်နေချိန်တွင် အရွက်များရင့်ဝါလာပြီး အပွင့်ကျလာပါက နုတ်သိမ်းပါ။ နုတ်သိမ်းရာတွင် အလေအလွင့်နည်းစေရန် ဒါးကွင်းတိုက်၍ နုတ်သိမ်းပါက မြေပဲတောင့်များ အရည်အသွေးကောင်းကို ရရှိစေပါသည်။ မျိုးအဖြစ် သိုလှောင်မည်ဆိုပါက အစိုဓာတ် ၆ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းရရှိအောင် အခြောက်ခံပြီး လေလုံစွာထားရှိပြီး သိုလှောင်သိမ်းဆည်းပေးပါ။

        ထို့ကြောင့် တောင်သူလယ်သမား ဦးကြီး၊ ဒေါ်ကြီးများအနေနှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိနေသော စားသုံးဆီဖူလုံစေရေးအတွက် အရေးပါလှသော ဆီထွက်သီးနှံ “ပင်ထောင်မြေပဲကို အထွက်တိုးအောင် စိုက်ပျုိးကြပါစို့”ဟု တိုက်တွန်းအပ်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၃)

No comments:

Popular Posts