ဒေါက်တာမြင့်သန်းထွန်း
စာရေးသူတို့သည် မနက်အိပ်ရာထချိန်မှစ၍ အိပ်ရာဝင်သည့်အချိန်ထိ စိတ်ရောကိုယ်ပါ အလုပ်လုပ်နေရပါသည်။ စားဝတ်နေရေးအတွက် ဆောင်ရွက်ရပါသည်။ ‘‘ထမင်းမေ့၊ ဟင်းမေ့’’ နေ့စဉ် အလုပ်လုပ်နေရသောကြောင့် ကျန်းမာရေးသည် ထိခိုက်လာပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် ပြည့်စုံသောနေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်စေရန် အောက်ပါအချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်သင့်ပါသည်။
(၁) သွားနှင့်ခံတွင်းကို ဂရုစိုက်ခြင်း
စာရေးသူတို့သည် မနက်အိပ်ရာက နိုးလာသည်နှင့် ရေတစ်ခွက်သောက်ကာ သွားတိုက်ပေးခြင်းဖြင့် ဖြူဖွေးသန့်စင်သော သွားများကို ပိုင်ဆိုင်နိုင်ပါမည်။ တစ်နေ့နှစ်ကြိမ် တိုက်ရန်လိုအပ်ပြီး တစ်ခါတိုက်ပါက အနည်းဆုံး နှစ်မိနစ်ခန့်ကြာအောင် တိုက်ရပါမည်။ အပေါ်သွား၊ အောက်သွား၊ အန်သွားများပါမကျန် ခံတွင်းအနှံ့ တိုက်ပေးရပါမည်။ အစာစားပြီးတိုင်း သွားတိုက်ပေးနိုင်ပါက ပို၍ကောင်းပါသည်။ မတိုက်နိုင်ပါကပလုတ်ကျင်းရန် မမေ့သင့်ပါ။ စေးကပ်နေသော၊ ချိုနေသော အစားအစာများကို လွန်ကဲစွာမစားသင့်ပါ။ သွားနှင့် ခံတွင်း ဆရာဝန်များနှင့် ခြောက်လတစ်ကြိမ်ခန့်ပြပြီး စစ်ဆေးသင့်ပါသည်။ အိုးမဲခဲများ၊ သဲများ၊ ပြာများ၊ ကြွေချွတ်ဆေးများဖြင့် သွားကို မတိုက်သင့်ပါ။
(၂) အာဟာရမျှတစွာ စားသုံးခြင်း
ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရဓာတ်ပြည့်ဝသော ဓာတုဆေးဝါးကင်းသော အစားအစာများကို ရွေးချယ်စားသောက်ရပါမည်။ မနက်စာကို များများစားလာခြင်းကြောင့် ဝမ်းဗိုက် မကြာခဏဆာလောင်ခြင်း မဖြစ်ဘဲ၊ နေ့လယ်စာနှင့် ညစာအစားနည်းခြင်းကြောင့် အဝလွန်ကဲခြင်းမဖြစ်ဘဲ ကျန်းမာသွယ်လှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါသည်။
နေ့လည်စာကို မိမိ၏ မိသားစု (သို့မဟုတ်) လုပ်ဖော်ကိုင်ဖက်များနှင့် အတူတူစားစေချင်ပါသည်။ ထမင်းလက်ဆုံစားကာ စကားစမြည်ပြောခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေပါသည်။ ထမင်းစားပြီးပါကလည်း ရေကို များများသောက်ရပါမည်။
ညစာကို လျှော့စားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဝမ်းဗိုက်တင်းလွန်းပါက ညဘက် ကောင်းစွာအိပ်မပျော်ဘဲ ဖြစ်တတ်ပါသည်။ ညစာတွင် ဟင်းသီးဟင်းရွက်ကို များစွာစားပေးပြီး အသား၊ ငါးနှင့် ထမင်းကို လျှော့စားသင့်ပါသည်။
အစာကို ဖြည်းဖြည်းချင်း ကြေညက်စွာ ဝါးစားရပါမည်။ ညစာကို စားကောင်းတိုင်း မစားစေချင်ပါ။ ဝမ်းဗိုက်ဝပါက ရပ်လိုက်ရပါမည်။ နေ့လယ်စာတွင် အိုမီဂါသရီးဖက်တီးအက်စစ် ကြွယ်ဝသည့်ငါးကို စားပေးခြင်းဖြင့် ဦးနှောက်၊ နှလုံး၊ အဆစ်နှင့် အရေပြားများ ကျန်းမာစေပါသည်။ အဝလွန်ကဲခြင်းကို ထိန်းသိမ်းပေးပါသည်။
![]() |
ဓာတ်ပုံ - familyeducation.com |
(၃) ဦးနှောက်ကို မှန်ကန်စွာ အသုံးချပြီး အလုပ်လုပ်ခြင်း
ဉာဏ်ရည်ထက်မြက်စေရန် စာဖတ်ခြင်း၊ ဘာသာရပ်တစ်ခုခု လေ့လာခြင်း၊ ဉာဏ်စမ်းပဟေဠိများ ဖြေဆိုခြင်းနှင့် အင်တာနက်ကြည့်ခြင်း စသည်တို့ကို လုပ်ပေးရပါမည်။ ဦးနှောက်ကို ဒုက္ခပေးမည့် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။
နေ့စဉ်လုပ်ရမည့် အလုပ်များကို အစီအစဥ်ဆွဲပြီး ဆောင်ရွက်သင့်ပါသည်။ စိတ်ကျေနပ်မှုပေးသော အလုပ်များကို လုပ်ရသူများနှင့် တာဝန်ယူရသောသူများသည် စိတ်ချမ်းသာမှုကို ရရှိကာ ကျန်းမာရေး ဖျတ်လတ်သူများ ဖြစ်လာကြပါသည်။
ဦးနှောက်ကိုသုံး၍ အလုပ်လုပ်နေရခြင်းဖြင့် မိမိကိုယ်မိမိ ယုံကြည်မှု၊ တန်ဖိုးထားမှုများ မြင့်လာကာ လုံခြုံမှုကို ပေးစွမ်းနိုင်သကဲ့သို့ အနာဂတ်အတွက် ရည်မှန်းချက်များလည်း ပေးစွမ်းနိုင်ပါသည်။
(၄) စိတ်ကိုတည်ငြိမ်အောင် ထားရှိခြင်း
စိတ်ကိုတည်ငြိမ်စေရန် တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းများ ပြုလုပ်ပေးရပါမည်။ ဘဝတွင် စိတ်အနှောင့်အယှက်ဖြစ်စေမည့်ကိစ္စများကို မစဉ်းစားဘဲ စိတ်ကျေနပ်စရာကောင်းသည့် အကြောင်းအရာများကိုသာ စဉ်းစားပေးရပါမည်။ ညဘက်တွင်လည်း အိပ်ဆေးမသောက်ဘဲ သဘာဝအတိုင်းအိပ်ပျော်စေရန် ပြုလုပ်ပေးရပါမည်။ အိပ်ချိန်မှန်ရပါမည်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ရပါမည်။
(၅) မိသားစုနှင့် ပျော်ရွှင်စွာ နေထိုင်ခြင်း
မိမိတို့၏ ညီအစ်ကိုမောင်နှမများ (သို့မဟုတ်) ဇနီးမယား (သို့မဟုတ်) ခင်ပွန်း၊ ယောကျ်ားအတွက်လည်းအချိန်တစ်ချိန် ပေးရပါမည်။ အလုပ်နှင့် မိသားစု အချိန်မျှတစွာ ပေးသင့်ပါသည်။ သို့မှသာ မိသားစုအတွက် အချိန်ပိုရရှိပြီး ဘဝတွင် နေပျော်ပါမည်။ လူမှုဆက်ဆံရေး ကောင်းမွန်နိုင်ပါမည်။ အိမ်ထောင်ရေးသုခ အပြည့်အဝရရှိနိုင်ပြီး အဆင်ပြေချောမွေ့နိုင်ပါမည်။ ပျော်ရွှင်သာယာသော မိသားစုဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။
(၆) အားကစားပြုလုပ်ခြင်း
မိမိနှင့်သင့်တော်သော အားကစားလှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ရပါမည်။ တစ်ဦးတည်း လုပ်နိုင်သကဲ့သို့ အဖွဲ့အစည်းနှင့်လည်း ပြုလုပ်နိုင်ပါသည်။ ကြက်တောင်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ဘတ်စကက်ဘောကစားခြင်း၊ ဘောလုံးကန်ခြင်းစသည်တို့ကို ပြုလုပ်နိုင်ပါသည်။ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။
(၇) အရက်၊ ဆေးလိပ်၊ ကွမ်းစားခြင်းကို ရှောင်ကြဉ်ခြင်း
နေ့စဉ်အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းများ ပြုလုပ်ပါက ကျန်းမာရေးကိုများစွာ ထိခိုက်စေပါသည်။ အသည်းရောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အသည်းကင်ဆာ၊ အဆုတ်ရောင်ခြင်း၊ အဆုတ်ပွခြင်း၊ အဆုတ်ကင်ဆာ၊ သွေးတိုး၊ နှလုံးနှင့် ခံတွင်းကင်ဆာများ ဖြစ်ပွားနိုင်ပါသည်။
(၈) အကြံပြုချက်
ကျန်းမာရေးအတွက် မနက် ၇ နာရီခန့်တွင် သွားတိုက်ခြင်း ပြုလုပ်ရပါမည်။ မနက် ၇ နာရီခွဲတွင် မနက်စာ ဝဝစားခြင်း၊ ၁၂ နာရီပတ်ဝန်းကျင်တွင် နေ့လယ်စာစားခြင်း၊ ည ၆ နာရီ ပတ်ဝန်းကျင်တွင် ညစာစားခြင်းများ ဆောင်ရွက်ရပါမည်။ မနက် ၈ နာရီမှ ညနေ ၄ နာရီခွဲခန့်တွင် အိမ်အလုပ် (သို့မဟုတ်) ရုံးအလုပ် လုပ်ရပါမည်။ မနက် ၅ နာရီခွဲ (သို့မဟုတ်) ညနေ ၅ နာရီခွဲခန့်တွင် သင့်တော်ရာအားကစား ပြုလုပ်ရပါမည်။ ည ၁ဝ နာရီတွင် အိပ်ရာဝင်ခြင်း ပြုလုပ်သင့်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၈)
No comments:
Post a Comment