December 27, 2020

ဥယျာဉ်ခြံများ လက်စွဲထား ဘော်ဒိုမစ်ချား

ကိုရဲ(စိုက်ပျိုးရေး)

        ပြင်သစ်နိုင်ငံ၊ ဘော်ဒိုတက္ကသိုလ်မှ စတင်တီထွင်ဖျော်စပ် အသုံးပြုခဲ့သောကြောင့် ဘော်ဒိုမစ်ချားဟု ခေါ်သည်။ အပင်များတွင် ကျရောက်သော မှိုရောဂါသတ်ဆေးဖြစ်သည်။ စတင်အသုံးပြုခဲ့သည်ကလည်း ၁၈၈၅ ခုနှစ်ဖြစ်သည်။ ဆေးအစွမ်းသည် ကောင်းသဖြင့် ယခုတိုင်အသုံးပြုနေရဆဲဖြစ်သည်။ တောင်သူလယ်သမား ဥယျာဉ်ခြံစိုက်ပျိုးသူများက “ဆေးခါးကြီး”ဟု ခေါ်သည်။ ဘော်ဒိုဆေးဟု ခေါ်သည်။ ဘော်ဒိုရောစပ်ဆေးဟုလည်း ခေါ်သည်။ တချို့သည် ဒုတ္ထာဆေးဟုလည်း ခေါ်ကြသေးသည်။ အချို့သိကြ သည်မှာ မှိုသတ်ဆေးရည်ဖြစ်သည်။ အထူးသဖြ င့် စပျစ်စိုက်ပျိုးသူများသည် အသုံးပြုမှုများပြားသည်။ ဆေးတွင်ပါဝင်သော ပစ္စည်းများကလည်း ရိုးရှင်းလွယ်ကူသည်။ မဖောက်ထုံး၊ ဒုတ္ထာနှင့် ရေ ရောစပ်လိုက်ရခြင်းဖြစ်သည်။ ထုံးကို ရေရောလိုက်သဖြင့် ဖောက်ထုံး (ကယ်လ်စီယမ်ဟိုက်ဒြောဆိုဒ်) ဖြစ်သွားသည်။ ထုံးကို ရေ နှင့် ရောစပ်မဖျော်လျှင် မဖောက်ထုံး(ကယ်လ်စီယမ်အောက်ဆိုဒ်) ဖြစ်သည်။ အသုံးပြုရမည်မှာ မဖောက်ထုံးဖြစ်သည်။ ဒုတ္ထာသည် (ကော့ပါးဆာလဖိတ်)ကြေးနီဖြစ်သည်။ ထုံးကလည်း ရပ်ကွက်၊ ကျေးရွာ၊ မြို့တိုင်း၌ ဝယ်၍ရနိုင်သည်။ ဒုတ္ထာကလည်း ပရဆေးဆိုင်များတွင် ဝယ်၍ရနိုင်သည်။ ထို့ပြင် ဘေးအန္တရာယ်ဖြစ်မှုတွင်လည်း နည်းပါးသည်။

        ဖျော်စပ်နည်း အမျိုးမျိုး ရှိကြပါသည်။ အဓိကသည် ရောစပ်သည့် အချိုးဖြစ်ပါသည်။ ဒုတ္ထာ၊ မဖောက်ထုံး၊ ရေ တို့ကို ၁:၁:၁၀၀ ဆိုလျှင် တစ်ရာခိုင်နှုန်း ဘော်ဒိုဆေးရည်ဖြစ်သည်။ ၂:၂:၁၀၀ ဆိုလျှင် နှစ်ရာခိုင်နှုန်း ဖြစ်သည်။ ဒုတ္ထာ (၁)၊ မဖောက်ထုံး(၁)၊ ရေ (၁၀၀) ဖြစ်သဖြင့် ပိဿာနှင့်ဆိုပါက ဒုတ္ထာတစ်ပိဿာ၊ ထုံးတစ်ပိဿာ၊ ရေ ပိဿာချိန် ၁၀၀ ဖြစ်သည်။ ရေကို ပိဿာ ၁၀၀ ဟု ရေးလိုက်သဖြင့် ဂါလန်နှင့်တွက်လျှင် ရေ ၃၆ ဂါလန်နှင့် ညီမျှပါသည်။ ထို့ကြောင့် တစ်ရာခိုင်နှုန်းတွင် ရေ ၃၆ ဂါလန်၊ ရှေ့မှ နှစ်မျိုးသော (ထုံးနှင့် ဒုတ္ထာ)တို့သည်သာ အချိုးပြောင်းသည်။ ရေမှာ အချိုးမပြောင်းပေ။ ထို့ကြောင့် ၁ ရာခိုင်နှုန်းဆေးရည်သည်ပျော့၍ ၅ ရာခိုင်နှုန်းဆေးရည်သည် ပြင်းသည်။ အနည်းငယ်ဖျော်စပ်လိုသူများသည် ဒုတ္ထာ ၂၀ ကျပ်သား၊ မဖောက်ထုံး ၂၀ ကျပ်သားနှင့် ရေ ၁၀ ပိဿာ ရောစပ်အသုံးပြုသည်။ ၁ ရာခိုင်နှုန်း ဘော်ဒိုဆေးရည်ကို အရွက်များတွင် ဖျန်းကြပြီး ၂ ရာခိုင်နှုန်းဆေးရည်ကို စိုက်ပေါင်များတွင် ဖျန်းကြသည်။ ၅ ရာခိုင်နှုန်းဆေးရည်ကို မှိုရောဂါ ပြင်းပြင်းထန်ထန် ကျရောက်လျှင် အပင်အစိတ်အပိုင်းမှန်သမျှ ပက်ဖျန်းကြသည်။

        ဆေးကို စတင်တီထွင်ခဲ့ကြစဉ်က ပြင်သစ်နိုင်ငံ စပျစ်စိုက်ခင်းများတွင် ဒေါင်းနီမှိုရောဂါကို ကာကွယ်ရန် ဖျော်စပ်ခဲ့ခြင်း ဖြစ်သည်။ စပျစ်ဝိုင်ထုတ်လုပ်မှုလုပ်ငန်းသည် မှိုရောဂါကြောင့် ကျဆင်းခဲ့ရာမှ ဘော်ဒိုဆေးရည် တီထွင်နိုင်မှုကြောင့် ဝိုင်ချက်လုပ်သည့်လုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာသည်။ ရေရှားပါးသောဒေသတွင် ရေတစ်ဂါလန်နှင့် ရောစပ်ရာတွင် ဒုတ္ထာ သုံးကျပ်သားနှင့် မဖောက်ထုံးသုံးကျပ်သား ရောစပ်ကြသည်။

ဓာတ်ပုံ - 123rf.com

        ဖျော်စပ်မှုသည် အရေးကြီးပါသည်။ ဆေးစွမ်းထက်မြက်မှု ပိုကောင်းရန် ထုံးကို သီးသန့်ရေနှင့် ရောဖျော်ပြီး ဒုတ္ထာကိုလည်း သီးသန့်ရေနှင့် ရောဖျော်ရသည်။ အသုံးပြုရာတွင် ဒုတ္ထာသည် သဲ၊ သွပ်၊ ကြေး၊ သတ္ထုပစ္စည်းများနှင့် ပြုလုပ်ထားသော ခွက်၊ ရေပုံးတို့ကို စားတတ်သဖြင့် မသုံးရ။ မြေ၊ စဉ့်၊ ကြွေ၊ ပလတ်စတစ်၊ သစ်သားစည်ပုံးများ သုံးရသည်။ သီးခြားစီဖျော်ထားသော ရေရောထားသည့် ထုံးရည်နှင့် ဒုတ္ထာရည်ကို သီးခြားခွက်တစ်ခုတွင် ပြိုင်တူလောင်းထည့် ရောစပ်ရသည်။ ဆေးရည် မိုးပြာရောင်ရှိလာအောင် မွှေပေးရသည်။

        ဆေးရောစပ်မွှေနေစဉ် ဒုတ္ထာ ကျန် မကျန် သိရှိရန် ဓားအသွားကို ဆေးရည်တွင် ထည့်ကြည့်ပါက ဒုတ္ထာမပျော်သေးဘဲ ကျန်လျှင် ဓားသွားသည ကြေးနီရောင်ပြောင်းနေမည်။ ထိုအခါ ဒုတ္ထာမကျန်အောင် ထုံးကိုလည်း ပျော်ဝင်အောင် မွှေပေးရသည်။ အချို့က ထုံးအနည်းငယ် ထပ်ဖြည့်ထည့်ကြသည်။ ဆေးရည်သည် အောင်မြင်စွာ ရောစပ်ပြီးသွားလျှင် ဓားပြားနှစ်ကြည့်က ငှက်ခါးတောင် အရောင်ပေါက်လာသည်။ မှိုသတ်ဆေးဖြစ်သော်လည်း ရွက်စားပိုးနှင့် ပိုးအပျော့စားများ မလာရောက်နိုင်ရန် ဆေးရည်ဖျော်စပ်ပြီး ၂၄ နာရီအတွင်း အသုံးပြုရသည်။ ဆေးရည်သည် အနယ်ထိုင်မှုရှိသဖြင့် မကြာခဏမွှေပေးရသည်။ ဆေးဖျန်းပုံးတွင် ထည့်၍ ပက်ဖျန်းစဉ် မကြာမကြာ လှုပ်ပေးရသည်။ မိုးရွာစဉ် နေပူရှိန်ပြင်းစဉ်၊ အပင်များ ရေငတ်၍ ညှိုးနွမ်းချိန် ဆေးမဖျန်းရပါ။

        တွန်းကန်ဆေးလည်း ဖြစ်သည်။ ရောစပ်ရာတွင် အသုံးပြုသည့် ထုံးနှင့် ဒုတ္ထာ အရည်အသွေးကောင်းလျှင် ဆေးအာနိသင်ကောင်းသည်။ အထူးသဖြင့် ထုံး၏ အရည်အသွေးက ပို၍အရေးကြီးသည်။ သီးခြားစီ ဖျော်စပ်ပြီးမှ ပြိုင်တူလောင်း၍ ရောစပ်လျှင် ဆေးအာနိသင်ကောင်းသည်။ ရောဂါမှိုများသည် အပင်အတွင်းပိုင်းထိ ဝင်ရောက်ကြသဖြင့် ဆေးဖျန်းရာတွင် အပင်အစိတ်အပိုင်းအားလုံး စိုရွှဲနေအောင် ပက်ဖျန်းရသည်။ ပူနွေး၊ စွတ်စိုသော ရာသီဥတုတွင် မှိုရောဂါဖြစ်ပွားမှုများသဖြင့် ၁၀ ရက်ခြားတစ်ကြိမ် ဖျန်းသင့်သည်။ ဆေးဖျန်းပြီးလျှင် ဆေးဖျန်းပုံးကို ချက်ချင်းရေဆေးပေးမှ ဆေးဖျန်းကိရိယာများ မပျက်စီးနိုင်ပါ။ ဆေးရည်ကို စတင်တီထွင်စဉ်က ဒေါင်းနီမှိုရောဂါအတွက် ဖြစ်သော်လည်းဆေးရည်သည် ရွက်ပြောက်ရောဂါ၊ ပင်စည်ရောဂါ၊ ခါးရိရောဂါ၊ ပင်နာကျရောဂါများကို ကာကွယ်နှိမ်နင်းနိုင်သည်။

        နောက်ပိုင်းကာလများတွင် စပါးစိုက်ခင်း၌လည်း ရွက်ညိုပြောက်ရောဂါအတွက် သုံးလာကြသည်။ ပဲမျိုးစုံ၊ မြေပဲရွက်ပြောက်ရောဂါနှင့် ပင်ညှိုးရောဂါ၊ ခရမ်းချဉ်၊ အာလူး၊ လောင်မဲရောဂါ၊ ကော်ဖီပင်သံချေးရောဂါ၊ ကိုင်းဖျားခြောက်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ လက်ဖက်ပင်နာကျရောဂါ၊ ရှောက်သံပုရာ၊ ကျွဲကော၊ လိမ္မော်အကြေးဖက်ရောဂါ၊ ကွမ်းရွက်ခြံများ ခြေပုပ်ရောဂါ၊ နှင်းဆီ၊ ဂန္ဓမာ၊ ရွက်ခြောက်နှင့် အနက်ပြောက်ရောဂါတို့ကိုလည်း ဘော်ဒိုဆေးအသုံးပြုလာကြသည်။ အထူးသဖြင့် စပျစ်စိုက်ပျိုးသူများ၏ လက်စွဲဆေးဖြစ်ပါသည်။ စပျစ်ရွက်ပြောက်၊ နနွင်းရောဂါ၊ ဒေါင်းနီမှိုရောဂါတို့တွင် ထိရောက်သောဆေးဖြစ်သည်။ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာဒေသ စပျစ်ခြံများ အသုံးပြုကြသည်။ ဆေးရည်တွယ်ကပ်မှုကောင်းရန်၊ ဆပ်ပြာကို ရေငါးဂါလန်တွင် ၁၀ ကျပ်သား ရောထည့်ကြသည်။

        ယခုအခါ ဘော်ဒိုဆေးရည်အပြင် ဘော်ဒိုသုတ်လိမ်းဆေးကိုလည်း ခပ်ပျစ်ပျစ်ဖျော်စပ်၍ သစ်သီးပင်များတွင် သုတ်လိမ်းပေးကြပြီး ပင်စည်နှင့် အကိုင်းအခက်တို့တွင်ကျသော မှိုရောဂါကို နှိမ်နင်းကြပါသည်။ သုတ်လိမ်းဆေးကို မဖောက်ထုံးသုံးပေါင်၊ ဒုတ္ထာငါးပေါင်၊ ရေ တစ်ဂါလန်နှင့် ခပ်ပျစ်ပျစ်ရအောင်ရောစပ်အသုံးပြုကြပါသည်။ စပျစ်တွင် ဆေး၏ ကောင်းသတင်း သိကြသဖြင့် ကွမ်းရွက်ခြံများတွင်လည်း ဘော်ဒိုဆေးရည်သည် စိုက်ဘောင်နှင့် အပင်များကို ရွှဲရွှဲဖျန်း၍ မှိုရောဂါ ကာကွယ်နှိမ်နင်းကြပါသည်။

        လွယ်ကူသက်သာထိရောက်ပြီး ဘေးအန္တရာယ်ကင်းသော ဆေးများအသုံးပြု၍ ဥယျာဉ်ခြံများ၊ သီးထွက်ကောင်းအောင် မှိုရောဂါကင်းရှင်းအောင် ဆောင်ရွက်ပေးနိုင်သဖြင့် “ဆေးခါးကြီး”ဟု လက်စွဲဆေးအဖြစ် သုံးကြပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၃)

No comments:

Popular Posts