အောင်မင်း(က၀)
ဇီဝဇိုးငှက်သိုက်ဟု ဆိုလိုက်သည်နှင့် မြန်မာနိုင်ငံတောင်ဘက်အစွန်းပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီးကို လူတိုင်းသိရှိပြီးဖြစ်ပါသည်။ တနင်္သာရီတိုင်းဒေသကြီးသည် ဇီဝဇိုးငှက်သိုက်နှင့်ပတ်သက်၍ နာမည်ကြီးသောတိုင်းတစ်တိုင်းဖြစ်သလို မြန်မာနိုင်ငံအတွက် ဇီဝဇိုးငှက်သိုက်ဖြင့် နိုင်ငံခြားဝင်ငွေ ရရှိအောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသော တိုင်းတစ်တိုင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ငှက်သိုက်များကို ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့ အနောက်တောင်ဘက်ရှိ ကျွန်းများတွင် တွေ့ရ၏။ တနင်္သာရီတိုင်းအတွင်းရှိ ငှက်သိုက်ကျွန်းပေါင်း ၃၂ ကျွန်းမှ အဖိုးတန်ငှက်သိုက်များ ထွက်ရှိပါသည်။ မြိတ်ကျွန်းစုရှိငှက်သိုက်များကို ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်းမြို့နယ်ရှိ ပုလုတိကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်းကျွန်းစုများမှ ရရှိသည်။
ဇီဝဇိုးငှက်များသည် လူနှင့်ဝေးသည့် ပင်လယ်တွင်းရှိ ကျွန်းအချို့၌ ကျောက်ဆောင်လိုဏ်ဂူများအကြားတွင် နေထိုင်ကျက်စားလေ့ရှိသော ငှက်မျိုးဖြစ်သည်။ အုပ်စုဖွဲ့နေတတ်ပြီး တစ်အုပ်စုလျှင် အကောင်ရေ ထောင်ပေါင်းများစွာပါဝင်ပြီး မြေပြင်တွင် ကျက်စားလေ့မရှိကြောင်း စာအုပ်စာပေများတွင်လေ့လာဖတ်ရှုဖူးပါသည်။ ဝေဟင်နှင့် ပင်လယ်ပြင်အထက်တွင် လျင်မြန်စွာပျံသန်းပြီး တောင်ပံပါ အင်းဆက်များကို ဖမ်းယူစားသောက်လေ့ရှိသည်။ ၄င်းအပြင် တိမ်ရှိသည့်နေရာအထိ မြင့်မားစွာ ပျံသန်းနိုင်သလို အမြင်အာရုံစူးရှပြီး လျင်မြန်ဖျတ်လတ်သော ငှက်မျိုးဖြစ်သည်။ ဇီဝဇိုးငှက်များသည် ပျံလွှားငှက်မျိုးနှင့် ဆင်တူ၍ ပျံလွှားငှက်မှ ဆင်းသက်လာသည်ဟု တချို့က ကောက်ချက်ချကြသည်။
သို့သော် ဇီဝဇိုးငှက်မျိုးသည် တခြားငှက်မျိုးများနှင့်မတူဘဲ ထူးခြားဆန်းကျယ်သည့် ငှက်မျိုးဖြစ်ပြီး တခြားငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းများဖြင့် အသိုက်ပြုလုပ်ခြင်းမဟုတ်ဘဲ ၄င်းတို့၏ အာခေါင်မှ အာစေးတစ်မျိုးကို အန်ထုတ်၍ အသိုက်ပြုလုပ်ကြသည်မှာ ထူးခြားအံ့သြဖွယ်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့ အန်ဖတ်ဖြင့် ပြုလုပ်သောအသိုက်သည် အဖိုးအနဂ္ဃထိုက်တန်သဖြင့် ရွှေနှင့်စက်၍ပင်ဝယ်ယူကြရသောကြောင့် ဖြစ်ပေသည်။
ဇီဝဇိုးငှက်များ၏ သဘာဝနေထိုင်မှုနှင့် အသိုက်ပြုလုပ်ပုံ
ဇီဝဇိုးငှက်များသည် တပေါင်း၊ တန်ခူးလမှစ၍ ငှက်သိုက်ပြုလုပ်လေ့ရှိပြီး ယင်းအသိုက်များအတွင်း ငှက်မများ ဝင်ဥကြသည်။ တစ်နှစ်လျှင် နှစ်ကြိမ်ဥပြီး တစ်မြုံလျှင် ဥနှစ်လုံးရှိသည်။ အများအားဖြင့် အထီးတစ်ကောင်၊ အမတစ်ကောင် ပေါက်လေ့ရှိသည်။ ငှက်မသည် ငှက်ကလေးများကို နှစ်လကြာမျှ ကျွေးမွေးပြုစုပြီး နောက် အသိုက်မှ ပြန်လည်ဆင်းသွားတတ်ကြသည်။
ဇီဝဇိုးငှက်များသည် မျိုးပွားရာသီဖြစ်သော ဇန်နဝါရီလ၊ ဧပြီလနှင့် သြဂုတ်လများသည် ဥများ ဥရန် အသိုက်လုပ်လေ့ရှိကြောင်း လေ့လာသိရှိရသည်။ အသိုက်ဆောက်မည့် ကျောက်လိုဏ်ဂူအမိုးမှာ ပေ ၄၅ဝ ကျော်ခန့်အထိ မြင့်မားကြောင်း သိရသည်။ ဇီဝဇိုးငှက်အထီးကသာလျှင် အိမ်ဖွဲ့ပေးလေ့ရှိပြီး အသိုက်ဆောက်လုပ်ရာတွင် နေရာစိတ်ကြိုက်ရွေးချယ်ပြီး ၄င်းတို့၏ တံတွေးများကို ထပ်ခါထပ်ခါ အန်ထုတ်ကာ နှုတ် သီးဖြင့် ခွက်ပုံသဏ္ဌာန် ဖော်ပေးသည်။ ၄င်းတို့၏အသိုက်မှာ အရွယ်ရောက်ငှက်တစ်ကောင်နှင့် ငှက်ပေါက်စနှစ်ကောင်နေရန် လုံလောက်သော အသိုက်ဖြစ်သည်။ အသိုက်ပြုလုပ်ရာတွင် အဖြူရောင်ငှက်သိုက်နှင့် အမည်းရောင်ငှက်သိုက်ဟူ၍ နှစ်မျိုးတွေ့ရှိနိုင်ပါသည်။ အရွယ်အစားအားဖြင့် အမည်းရောင်ငှက်သိုက်သည် အဖြူရောင်ငှက်သိုက်ထက် နှစ်ဆပိုကြီးသော်လည်း စီးပွားရေးစျေးကွက်တွင် အဖြူရောင်ငှက်သိုက်ကိုသာ လူကြိုက်များသောကြောင့် ၁ဝ ဆမျှ စျေးပိုကြီးကြောင်း လေ့လာသိရှိရသည်။
![]() |
ဓာတ်ပုံ - ဖြိုးချစ်သူ |
ငှက်သိုက်များ ထုတ်လုပ်ပုံ
ယခင်က ငှက်သိုက်များကို ပင်လယ်သမုဒ္ဒရာတို့အလယ် လူသူမနီးသော ကျွန်းများပေါ်တွင် အလွန်မြင့်မားသော ကျောက်ဆောင်လိုဏ်ဂူများ၏ အထက်မျက်နှာကျက်များတွင် ငှက်သိုက် ဖွဲ့လေ့ရှိသဖြင့် ငှက်သိုက်စုဆောင်းချိန်တွင် ကျောက်ဆောင်လိုဏ်ဂူအတွင်း ဝင်ရောက်၍ ငြမ်းဆင်ပြီး ခဲယဉ်းစွာ ဆွတ်ယူကြရကြောင်း သိရှိရသည်။ ယခုအခါ ဇီဝစိုးငှက်သိုက်များကို ယခင်ကကဲ့သို့ ခက်ခဲပင်ပန်းစွာဖြင့် ဆွတ်ယူကြရန် မလိုအပ်တော့ဘဲ အလွယ်တကူ ထုတ်လုပ်နိုင်လျက်ရှိပေသည်။ အထူးသဖြင့် ဇီဝဇိုးငှက်များနားခိုနိုင်ရန်နှင့် အသိုက်ပြုလုပ်နိုင်ရန် အိမ်များ သီးသန့်ဆောက်လုပ်ပြီး ဖန်တီးပြုလုပ်လျက် ရှိနေကြသည်ကို တွေ့ရှိရပေသည်။ ယခုအခါ ဇီဝဇိုးငှက်များသည် တနင်္သာရီတိုင်းဒေသကြီးတွင်သာမက ပဲခူတိုင်းဒေသကြီး၊ ကဝမြို့နယ်အစပ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အစပ်ရှိ ညောင်ပင်ကျေးရွာဆိုသော ရွာကလေးတစ်ရွာတွင် ဇီဝဇိုးငှက်များ ထူးခြားစွာ လာရောက်အသိုက်ပြုလုပ်လျက်ရှိသည်ကို စာရေးသူကိုယ်တိုင် သွားရောက်လေ့လာခဲ့ဖူးသည်။
အဆိုပါကျေးရွာတွင် ဖားမွေးမြူရေးလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသော မွေးမြူရေးလုပ်ငန်းရှင်တစ်ဦး၏ နေအိမ်တွင် ဇီဝဇိုးငှက်များရောက်ရှိလာပြီး ဇီဝဇိုးငှက်သိုက်များ ပြုလုပ်ရာမှ ယခုအခါ ငှက်သိုက်များ စီးပွားဖြစ်ပြန်လည်ရောင်းချနေရသည်ကို တွေ့ရှိရသည်။ အဆိုပါလုပ်ငန်းရှင်၏ ပြောကြားချက်အရ ဇီဝဇိုးငှက်များ သီးသန့်နေထိုင်သွားလာလှုပ်ရှားနိုင်စေရန် အိမ်တစ်လုံးဆောက်ပြီး ပြင်ဆင်ပေးထားကြောင်း သိရှိခဲ့ရပါသည်။ ၄င်းအိမ်ကြီးထဲတွင် ဇီဝဇိုးငှက်များခေါ်သော အသံဖမ်းစပီကာ ၃ဝဝ ကျော် မျက်နှာကြက် ရက်မတန်းများတွင် တပ်ဆင်ထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ အဆိုပါ စပီကာများဖွင့်လိုက်လျှင် ဇီဝဇိုးငှက်များ အော်နေသည့်အသံများ ပဲ့တင်ထပ်နေသည်။ ယခုဆိုလျှင် အကောင်ရေ သုံးထောင်ခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။
ဇီဝဇိုးငှက်များ ရောက်ရှိလာသည်မှာ မကြာသေးသော်လည်း ယခုအ်ခါ ဇီဝဇိုးငှက်သိုက် တစ်လပျမ်းမျှ ၈ဝ ကျပ်သားခန့် ရရှိကြောင်း၊ အကြမ်းထည် (သန့်စင်ခြင်းမရှိ) ၁၀ ကျပ်သားလျှင် သုံးသိန်းဝန်းကျင်ရှိသည်ဟု ၄င်း၏ ပြောပြချက်အရ သိရှိခဲ့ရသည်။ ဇီဝဇိုးငှက်သိုက်သည် အလွန်အဖိုးတန်သော ငှက်သိုက်ဖြစ်သဖြင့် ယခင်က တနင်္သာရီတိုင်းဒေသကြီးတွင်သာ တွေ့ရှိခဲ့ရသော်လည်း ယခုအခါ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ညောင်ပင်ကျေးရွာတွင်လည်း ဇီဝဇိုးငှက်များ ရောက်ရှိလာသည်ကို တွေ့ရှိခဲ့ရသည်။
ဇီဝဇိုးငှက်သိုက် အသုံးဝင်ပုံ
ဇီဝဇိုးငှက်သိုက်သည် နာတာရှည်ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အားအင်ကုန်ခန်းနေသူများအား တိုက်ကျွေးနိုင်ပါသည်။ ၄င်းအပြင် ဇီဝဇိုးငှက်သိုက်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး အာဟာရဓာတ်များစွာ ပါဝင်၍ ခေတ်မီနည်းစနစ်များဖြင့် သန့်စင်ကာ ဆေးဖက်ဝင် အခြားပစ္စည်းများနှ င့် ပေါင်းစပ်၍ တိုက်ကျွေးလျှင် အဆုတ်အားကောင်းခြင်း၊ ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေးရောဂါများကိုပါ သက်သာပျောက်ကင်းစေနိုင်သည်။ အစွမ်းထက်မြက်သော ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သောကြောင့် အလွန်အဖိုးတန်သော ငှက်သိုက်ဖြစ်သည်။ ယခုအခါ ဇီဝဇိုးငှက်သိုက်များကို ပြည်တွင်းတွင် အသုံးပြုရုံသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချလျက် နိုင်ငံခြားဝင်ငွေ ရရှိနေပါကြောင်း ရေးသားလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၉)
No comments:
Post a Comment