December 13, 2020

စုန်နိုင်ဆန်နိုင်ကြပါစေ (၂)

လယ်တွင်းသားစောချစ်

        ကြောင်ကလေးများအားလုံး ကျန်းမာကြသည်။ မိကျား၏ နို့ကိုစို့၍ တစ်နေ့တခြား ကြီးပြင်းလာကြသည်။ ကလေးကများ၍ နို့များများတိုက်ရသောကြောင့် မိကျားပိန်လာသည်။ သားသည်အမေဖြစ်သော မိကျားကို ကျွန်တော့်ဇနီးက ငါးဖယ်အရိုးနှင့် အရေခွံကိုဝယ်ပြီး ပြုတ်ကျွေးသည်။ ပုစွန်ခြောက်မှုန့်ကို ထမင်းနှင့် ရောကျွေးသည်။

        ကြောင်ကလေးများ ပြေးနိုင်ခုန်နိုင်ကြပြီ။ တစ်ကောင်နှင့်တစ်ကောင် သတ်တမ်း၊ ပုတ်တမ်းကစားနေကြပြီ။

        မိကျားညစဉ်ညတိုင်း ကြွက်ရှာ၍ ကလေးများကို ကျွေးသည်။

        မိကျားကြွက်ရလာလျှင် အိမ်တွင်းသို့ မဝင်မီ အပြင်မှ အော်သံပေးသည်။ ကြွက်ရလာ၍ အော်သောအသံသည် အခြားအသံများနှင့် မတူ။ ဝမ်းခေါင်းသံ ပါသည်။ ထိုအသံကြားလျှင် ကြောင်ကလေးများ ယောက်ယက်ခတ်နေကြသည်။ သူ့ထက်ငါ ဦးအောင် ပြေးလွှားလှုပ်ရှားနေကြသည်။ 

        မိကျားက အဆက်မပြတ် အသံပေးနေသည်။ အိမ်အတွင်းသို့ ရောက်မလာသေး။ မိကျား၏ ပရိယာယ်ဖြစ်သည်။ တစ်ခါတစ်ရံ နောက်ဖေးမီးဖိုဘက်မှ အိမ်တွင်းသို့ ဝင်လာသည်။ တစ်ခါတစ်ရံ မျက်နှာကျက်ပေါ်မှ ဆင်းလာသည်။ တစ်ခါတစ်ရံ အိမ်ရှေ့မှ တက်လာသည်။ မိကျားထံ အရင်ဆုံးရောက်သော ကြောင်ကလေးက ကြွက်ကိုဆွဲယူရရှိသွားသည်။ သူ့သားသမီးများကို ပါးနပ်အောင်၊ လျင်မြန်အောင် မိကျားလေ့ကျင့်ပေးနေခြင်းဖြစ်သည်။

        ကြွက်မရသော ကြောင်ကလေးသုံးကောင်ကို မိကျားက နှစ်သိမ့်ဆုပေးသည်။ အိမ်ကြမ်းပြင်မှာ လှဲချ၍ နို့တိုက်ခြင်းဖြစ်၏။ ကြောင်ကလေးသုံးကောင်က နှစ်သိမ့်ဆုယူ၍ နို့စို့ကြသည်။

        ညစဉ်ညတိုင်း သားသမီးများကို မိကျား ကြွက်ရှာကျွေးရသည်ကလည်း မလွယ်ပါ။ မိကျား ရပ်ကွက်ထဲက အိမ်တကာလှည့်၍ ကြွက်ရှာနေစဉ် မိကျားအပြန်ကို ချောင်းနေသော ခွေးဆိုးများကလည်း ရှိသည်။ လမ်းအဖြတ်မှာ ကိုက်ခဲတတ်ကြသည်။ မိကျားကလည်း စွမ်းသည်။ ကိုက်သောခွေးကို ချွန်ထက်သော လက်သည်းများနှင့် ခုခံတိုက်ခိုက်သည်။ အချို့ခွေးများ နှာခေါင်းအကုတ်ခံရ၍ အော်ဟစ်ထွက်ပြေးကြသည်။

        အကုတ်ခံရသော ခွေးများက မကျေနပ်။ မှတ်ထားပြီး မိကျားကို ရန်ပြုရန် ချောင်းမြောင်းကြပြန်သည်။ မိကျားကတော့ မကြောက်။ သူ့သားသမီးများအတွက် စွန့်စွန့်စားစား သွားလာရှာဖွေကျွေးသည်။ မိခင်ကောင်းပီသသော မိကျားကို ကျွန်တော်လေးစားမိသည်။

        မိုးလေးတစိမ့်စိမ့်ရွာနေသော ညတစ်ညတွင် ကျွန်တော်စာရေးနေစဉ် ရုတ်တရက်လမ်းဘက်ဆီမှ ဆူညံသောအသံ ကြားရသည်။ ခွေးတစ်ကောင် ဒေါသတကြီး မာန်ဖီကိုက်ခဲသော အသံနှင့် မိကျားအော်ဟစ်ရုန်းကန်တိုက်ခိုက်သံဖြစ်သည်။ မိကျား နာကျင်စွာ အော်မြည်သံက အဆက်မပြတ်ထွက်ပေါ်နေသည်။

        ခါတိုင်းဆိုလျှင် တစ်ချက်မျှသာ အော်ဟစ်တိုက်ခိုက်ပြီး မိကျားလွတ်မြောက်လာတတ်သည်။ ယခုတစ်ကြိမ်တွင် မိကျားလွတ်ဟန်မတူ။

        ကျွန်တော်မတ်တပ်ထ၍ ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်သည်။

        လမ်းပေါ် တွင် မိကျားကို ခွေးတစ်ကောင် ကိုက်ခဲထားသည်။

        "ဟဲ့ခွေး... ဟဲ့ခွေး.... ဟေး... ဟေး"

        ကျွန်တော် လှမ်းအော်လိုက်သည်။

        ခွေးထွက်ပြေးသွားသည်။ မိကျား လဲရာမှ ထ၍ လမ်းပေါ်တွင်ကျနေသော ကြွက်ကလေးကို ကိုက်ချီပြီး အိမ်ဆီသို့ ပြန်လာသည်။

        မိကျား နာကျင်သွားဟန်တူပါသည်။ အိမ်ဆီသို့ ဖြည်းဖြည်းသာလာနိုင်၏။

        အိမ်အနီးသို့ ရောက်သောအခါ မိကျား အသံပေးသည်။ ကြွက်ရလာသည်ကို သူ့သားသမီးများသိအောင် အကြောင်းကြားသောအသံ ဖြစ်သည်။ အလွယ်ဆုံးဖြစ်သော အိမ်လှေခါးအတိုင်းတက်လာခြင်း ဖြစ်သည်။ ကြောင်ကလေးများ အပြေးအလွှား မိကျားထံ ရောက်သွားကြသည်။ အရင်ဆုံးရောက်သော ကြောင်နက်ကလေးက မိကျားပါးစပ်ထဲမှ ကြွက်ကို ဆွဲယူရရှိသွားသည်။

        မိကျားက ထုံးစံအတိုင်း ကျန်သုံးကောင်ကို နှစ်သိမ့်ဆုပေးရန် ကြမ်းပေါ်မှာ လှဲအိပ်လိုက်သည်။ ကြောင်ကလေးများက နှစ်သိမ့်ဆုအဖြစ် နို့စို့ကြသည်။

        ကျွန်တော်စာရေးနေရင်း မိကျား ပြင်းပြင်းထန်ထန် ဒဏ်ရာရလေသလား စိုးရိမ်၍ ထသွားကြည့်လိုက်သည်။

        "အိုး....ဟုတ်တာပေါ့"

        မိကျား လည်ပင်းပေါက်သွားသည်။ သွေးများ ယိုစီးကျနေသည်။ ဗိုက်မှာလည်း ပေါက်ပြဲသွားသည်။ အတွင်းမှ အူကိုပါ မြင်နေရသည်။

        မိကျားကတော့ ဝတ္တရားမပျက်၊ ကြွက်မရသော ကြောင်လေးသုံးကောင်ကို နို့တိုက်လျက်-

        ကျွန်တော် ဇနီးနှင့် သားသမီးတို့ကို နှိုးရသည်။

        "ထကြပါ ဦး... လာကြပါဦး... မိကျားကို ကြည့်ကြပါဦး"

        ဇနီးနှင့် သားသမီးတို့ အိပ်နေရာမှ ထလာကြသည်။

        "အို..."

        မိကျားကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကြသည်။

        ကျွန်တော်က မိကျားကို ပွေ့ယူလိုက်သည်။ သိပ်မကြာလိုက်ပါ။ ကျွန်တော့်လက်ထဲမှာပင် မိကျားသေဆုံးသွားပါသည်။

        ကျွန်တော်စိတ်မကောင်းစွာပင် မိကျားကို ကြမ်းပြင်ပေါ် ပြန်ချထားလိုက်သည်။ ကြောင်ကလေးသုံးကောင်က ဘာမျှမသိ။ သေဆုံးနေသော အမေကို ကျော်ကာခွကာနှင့် အလုအယက် နို့စို့နေကြသည်။

        ဇနီးနှင့် သမီးက မိကျားကို ကြည့်၍ မျက်ရည်ကျနေသည်။

        သားက ကြောင်ကလေးများကို မကျေနပ်။

        "ဒီကောင်တွေက ဘာမှလည်းမသိဘူး။ အမေကဖြင့် သေပြီ။ သူတို့က နို့စို့ဖို့ပဲ သိတယ်။ ဖယ်စမ်း...ဖယ်စမ်း"

        ကြောင်ကလေးများကို ခပ်ကြမ်းကြမ်း ဆွဲဖယ်ပစ်သည်။


        ကျွန်တော်စာရေးစားပွဲဆီသို့ လျှောက်သွားရင်း သားပြောသောစကားကို နားထဲမှာ ကြားနေမိသည်။

        "ဒီကောင်တွေက ဘာမှလည်း မသိဘူး"

        ကြောင်ကလေးများကို သားပြောသော စကား။

        "ငါရော ငါ့အမေအပေါ်  သိတတ်သူဟုတ်ရဲ့လား"

        ကိုယ့်ဘာသာ စဉ်းစားရသည်။

        အမေက ကျွန်တော်၏ ဇာတိရွာကလေးမှာရှိသည်။ အဖေဆုံးပြီးကတည်းက လယ်ယာလုပ်ငန်းကို အမေ ဦးဆောင်လုပ်ပြီး ကျွန်တော်တို့ကို ကျောင်းထားပေးခဲ့သည်။ ကျွန်တော်ဘွဲ့ရ၊ အလုပ်ရ၊ အိမ်ထောင်ကျ၊ သားသမီးများရ၍ ရန်ကုန်မှာ အခြေချနေသောအခါ အမေ့ကို အတူလိုက်နေရန် ခေါ်သော်လည်း အမေ လိုက်မနေနိုင်။ ရွာမှာ သူ့ခြံ သူ့အိမ် သူ့လယ်နှင့် သားသမီးမြေးများ ရှိသေးသည်။

        သို့သော် အဝေးရောက်နေသော သား၊ ချွေးမနှင့် မြေးများကိုလည်း တွေ့ချင်သည်။ ကျွန်တော်တို့ရွာ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းဘုရားပွဲရှိသည်။ အဝေးရောက်ရွာသားများစွာ ပြန်လာကြသည်။

        ဘုရားပွဲနီးလျှင် အမေ စာရေးလေ့ရှိသည်။ ကလေးများလည်း နွေရာသီကျောင်းပိတ်၍ ရွာဘုရားပွဲကို ပြန်လာပါ။ သားကိုလည်း တွေ့ချင်ပါတယ်။ မြေးနှစ်ယောက်ကိုလည်း မြင်ချင်ပါတယ်။ အမေမျှော်နေမည်ဟူ၍ ဖြစ်သည်။

        ကျွန်တော် ပြန်ချင်ပါသည်။ ငယ်စဉ်ကတည်းက တအားနွှဲခဲ့သည့် ဘုရားပွဲမှာ ပါဝင်ချင်ပါသည်။ အမေ့ကိုလည်း ကန်တော့ချင်သည်။ သို့သော် ကျွန်တော် တွက်ရပြီ။ ဘုရားပွဲပြန်လျှင် ထိုအချိန်က ငွေနှစ်ထောင်ခန့်ကုန်သည်။

        ကျွန်တော်တို့လင်မယား၏ လုပ်ခလစာသည် တစ်လတစ်လ အလျင်မီရုံ စားသုံးနေရ၏။ ကျောင်းဖွင့်ခါနီးလျှင် ငွေစုငွေချေးသမဝါယမမှ ငွေနှစ်ထောင်ခန့် ချေးရမည်။ ကလေးများအတွက် ဝတ်စုံ၊ မိုးကာ၊ ထီး၊ ဖိနပ်၊ စာအုပ်ဖိုး ငွေနှစ်ထောင်ခန့်ကုန်မည်။

        အမေ့ထံပြန်လျှင် ကလေးများအတွက် ခက်တော့မည်။ အောက်ကို စုန်နေရသည်နှင့် အမေ့ထံ မဆန်နိုင်။ အမေ့ကို နှစ်သိမ့်ခဲ့ရသည်မှာ လေးနှစ်ရှိခဲ့ပြီ။ အမေ သိပါသည်။ အောက်ကိုစုန်နေ၍ မဆန်နိုင်သည်ကို အမေ ခွင့်လွှတ်ခဲ့ပါ၏။ ခွင့်လွှတ်သည်က အမေ့မေတ္တာ။ ဆန်နိုင်အောင်လည်း ဆန်သင့်သည်က သားသမီးဝတ္တရား။

        မိကျားအဖြစ်က ကျွန်တော့်ကို တုန်လှုပ်စေခဲ့ပြီ။

        စာရေးစားပွဲမှာ ထိုင်လိုက်သည်။ ရေးလက်စဝတ္ထုကို ဆက်မရေးနိုင်။ စာရွက်လွတ်တစ်ရွက် ဆွဲထုတ်ယူပြီး အမေ့ထံ စာရေးလိုက်သည်။ 

        အမေ... ဒီနှစ် ပြန်ဖြစ်အောင် ပြန်လာခဲ့ပါမည်... ဟူ၍။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၀)

No comments:

Popular Posts