December 13, 2020

အဖိုးအနဂ္ဃထိုက်တန်လှသော မိမိလယ်ယာမြေရတနာ ချစ်မြတ်နိုးကြပါ

 အောင်ဆန်း (စိုက်ပျိုးရေး)

        လယ်မြေယာမြေဆိုသည်မှာ ရှေးနှစ်ပေါင်းများစွာကပင် ဓားမဦးချခုတ်ထွင် ရှင်းလင်းတောတိုး၍ သွေးချွေးနှင့် ရင်းပြီး ရရှိခဲ့သောပစ္စည်းဖြစ်လေသည်။ လယ်မြေယာမြေ ရှိလျှင် ရွှေလည်းဖြစ်သည်။ ငွေလည်းဖြစ်သည်။ မိမိပိုင်ဆိုင်သော စိန်၊ ရွှေ၊ ကျောက်၊ သံ၊ ပတ္တမေား၊ နီလာစသော အဖိုးအနဂ္ဃထိုက်သော ရတနာများနှင့်မခြား အလားသဏ္ဌာန် တူလှပေသည်။

        စာရေးသူ၏ မိဘနှစ်ပါးသည် အညာမြေမှ တောင်သူလယ်သမားကြီးများ ဖြစ်ကြသည်။ စပါးစိုက်လယ်များ ဆီထွက်သီးနှံ၊ မြေပဲ၊ နှမ်းစိုက်ယာမြေများ၊ ပဲမျိုးစုံ၊ ထောပတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲဖြူလေး၊ ကုလားပဲ၊ ပဲရာဇာ၊ စားတော်ပဲ၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးသည့် ကိုင်းကျွန်းမြေများတွင် ခရမ်းချဉ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးများကို စိုက်ပျိုးသည်။ ပိုင်ဆိုင်သည့် လယ်မြေ၊ ယာမြေ ၊ ကိုင်းကျွန်းမြေ များကို နှစ်ပေါင်း ၆၀ ခန့် မြတ်နိုးတွယ်တာစွာဖြင့် တောင်သူအလုပ်ကို လုပ်ကိုင်ရင်း ရှင်သန်ခဲ့ကြပါသည်။ အ ဆိုပါ သီးနှံစိုက်ခင်းများမှ ရရှိသော အမြတ်အစွန်းများဖြင့် ဘဝစားဝတ်နေရေး ရပ်တည်ရင်း သားသမီးငါးယောက်ကို တက္ကသိုလ်ရောက်ဘွဲ့ရသည်အထိ ကျောင်းထားခဲ့ပါသည်။ မိဘနှစ်ပါးလုံး ပင်ပန်းခဲ့ကြသည်ကို စာရေးသူရင်တွင်း ခံစားမိနေဆဲပင်ဖြစ်ပါသည်။ ယခုသော် မိဘနှစ်ပါးသည် မိမိပိုင် လယ်၊ ယာ၊ ကိုင်းကျွန်းမြေ များကို သေသည်ထိ မြတ်နိုးတွယ်တာစွာ ရင်ဝယ်ပိုက်ရင်း ကွယ်လွန်သွားခဲ့ကြပါပြီ။

        မိဘနှစ်ပါးသည် သူတို့ပိုင်ဆိုင်သော လယ်၊ ယာ၊ ကိုင်းကျွန်းမြေများကို သားသမီးများသဖွယ် ချစ်မြတ်နိုးကြသည်။ လယ်၊ ယာ၊ ကိုင်းကျွန်းမြေများကို အရိပ်တကြည့်ကြည့်နှင့် နေကြသည်။ ကောင်းအောင် အမြဲပြုပြင်နေသည်။ မြေဆီသြဇာထက်သန်အောင် သဘာဝမြေဆွေး၊ နွားချေး၊ အမှိုက်သရိုက်များ နှစ်စဉ်ချ၍ မြေဆီလွှာကို အားဖြည့်ပေးရသည်။ စာရေးသူကျောင်းပိတ်အိမ်ပြန် နွေရာသီတွင် အဖေက နွားလှည်းဖြင့် လယ်ယာမြေများကို နွားချေး၊ သဘာဝမြေဆွေး၊ အမှိုက်သရိုက်များချခြင်းကို ခိုင်းသဖြင့် ကိုယ်တိုင်လုပ်ခဲ့ရသည်။ အဖေ၏ ဤသို့ စီမံခန့်ခွဲမှုများကို နောင်အရွယ်ရောက်လာမှ နားလည်သဘောပေါက်ရပါသည်။ အဖေက သူ့လယ်ယာမြေများကို ချစ်မြတ်နိုးတာကိုးဟု။

ဓာတ်ပုံ - h3.googleusercontent.com

        လယ်ယာမြေတို့သည်လည်း လူသားတို့က သူတို့ကို ချစ်မှ သူတို့ကလည်း လူသားတို့ကို ပြန်လည်ချစ်မြတ်နိုးကြပါသည်။ လယ်ယာကိုင်းကျွန်းမြေများပေါ်တွင် သီးနှံစိုက်ပျိုးပါက သီးနှံအထွက်ကောင်းပါမှ အကျိုးအမြတ်ရရှိပါသည်။ ဒါ့ကြောင့် လယ်ယာမြေများကို မြေဆီသြဇာအမြဲထက်သန်နေအောင် ဂရုတစိုက်ပြုပြင်ပေးနေရခြင်းဖြစ်သည်။ သီးနှံများရိတ်သိမ်းသည့်အခါ မြေတွင်းမှ အာဟာရဓာတ်များကို သီးနှံပင်များက စုပ်ယူထုတ်နုတ် စားသုံးသွားကြပါသည်။ စပါးရင့်မှည့်ရိတ်သိမ်းလျှင် ကောက်ရိုးနှင့် ရိုးပြတ်များသည် မြေ တွင်းမှ နိုက်ထရိုဂျင်ဓာတ် ၄၀ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် ၂၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂၀ ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ စုပ်ယူပါသွားသည်။ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများသည်လည်း ရိတ်သိမ်းသည့်အခါ မြေတွင်းမှ အာဟာရဓာတ်များကို ထုတ်နုတ်စားသုံးသွားကြသည်။ အစေ့ထုတ်ပြောင်းသည် နိုက်ထရိုဂျင် ၁၁၄ ပေါင်၊ ဖော့စ်ဖရပ် ၄၃ ပေါင်၊ ပိုတက်စီယမ်ဓာတ် ၁၂၅ ပေါင် စားသုံးသွားသည်။ အာလူးတူးဖော်လျှင် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ် ၂၇ ပေါင်နှင့် ပိုတက်စီယမ်ဓာတ် ၁၂၅ ပေါင် စုပ်ယူစားသုံးသွားသည်။

        လယ်ယာမြေများပေါ်တွင် သီးနှံပင်အမျိုးမျိုးကို စိုက်ပျိုးလိုက်၊ ရိတ်သိမ်းလိုက်၊ နှစ်စဉ်ဆောင်ရွက်နေလျှင် မြေဆီလွှာအတွင်းတွင် အာဟာရဓာတ်များ ကုန်ခန်းသွားပြီး မြေကန်းသည်အထိ ဖြစ်လာမည်။ မြေဆီလွှာပျက်သုဉ်းသွားပေမည်။ မြေဆီလွှာအတွင်း ကုန်ခန်းသွားသော အာဟာရဓာတ်များကို မိမိလယ်ယာမြေများကို တန်ဖိုးထား ချစ်မြတ်နိုးစွာ ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်ပါသည်။ သို့မှသာ လယ်ယာမြေများက မိမိအား ကောင်းမွန်သော သီးနှံအထွက်ကို ပြန်လည်ပေးဆပ်နေမည် ဖြစ်သည်။

    ရှေ့မီနောက်မီဝါရင့်လယ်သမားကြီးများသည် မိမိလယ်ယာမြေများကို သားသမီးသဖွယ် အရိပ်တကြည့်ကြည့်နှင့် ကြည့်နေကြသည်။ လယ်ယာမြေကို ကောင်းအောင် အမြဲပြင်ဆင်နေကြသည်။ ကန်သင်းပြင်သည်။ မျက်နှာပြင်ညှိသည်။ လယ်ကြားမြောင်းပြင်သည်။ ရေစီးရေလာကောင်းအောင် ပြုပြင်သည်။ လယ်မျက်နှာပြင်ညှိသည်။ ပိုးမွှားရောဂါကျလျှင် မီးရှို့သည်။ မိုးမလာမီ မိုးကြိုထယ်ရေးပြင်သည်။ နွားချေး၊ သဘာဝမြေဆွေး၊ သီးနှံအမှော်အမှိုက်များချကြသည်။ မြေဆီလွှာကို အာဟာရတက်စေမည့် လုပ်ငန်းများကို ဂရုတစိုက်ဆောင်ရွက်ကြသည်။ ဤသို့ဖြင့် မြေဆီလွှာ၏ ရူပဂုဏ်သတ္တိ၊ ဓာတုဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများ တိုးပွားစေသည်။ နွားချေးတွင် နိုက်ထရိုဂျင်ဓာတ် ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် ၂ ဒ သမ ၁ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၃ ရာခိုင်နှုန်း၊ ကယ်လ်စီယမ်ဓာတ် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ်ဓာတ် သုည ဒ သမ ၂ ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် ၁ ဒ သမ ၆ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၅၈ ရာခိုင်နှုန်း ပါဝင်သည်။ နှမ်းရိုးတွင် နိုက်ထရိုဂျင်ဓာတ် ၂ ဒ သမ ၄ ရာခိုင်နှုန်း၊ သစ်ဆွေးဓာတ် ၉၆ ရာခိုင်နှုန်း၊ ကာဗွန် ၃၇ ဒသမ ၁ ရာခိုင်နှုန်းပါဝင်သည်။ ယခုခေတ်မီ အမွေဆက်ခံလာကြသော တောင်သူလယ်သမား၊ လူလတ်၊ လူငယ်များသည် အဆိုပါ အလေ့အထများ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ ဆိုင်ကယ်တစ်စီးဖြင့် လက်ဖက်ရည်ဆိုင်ထိုင်၊ မိုဘိုင်းဖုန်းဖြင့် Facebook နှိပ်သည့် အလေ့အကျင့်များသာ ထွန်းကားလာကြသည်။ လယ်ယာမြေများကို မချစ်မနှစ်သက်ကြတော့ပါ။

        သီးနှံစိုက်ပျိုးလျှင်လည်း ဖြစ်ကတတ်ဆန်း စိုက်ပျိုးလာကြသည်။ စိုက်ပျိုးပြီးလျှင်လည်း စိုက်ခင်းကို လှည့်မကြည့်ကြတော့ပါ။ ပိုးမွှားရောဂါတသောသော၊ ပေါင်းမြက်တသောသောနှင့် ပစ်ထားလိုက်ကြသည်။ ရိတ်သိမ်းချိန်ရောက်မှ မဖြစ်စလောက်သော အထွက်ကလေးနှင့် တစ်ရာသီ ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။ နောက်တစ်ချက်မှာ မိမိလယ်ယာမြေများကို သံယောဇဉ်မရှိခြင်းမှာ ပို၍ ကြောက်စရာကောင်းလာပါသည်။ ရှေးဝါရင့်တောင်သူလယ်သမားကြီးများသည် မိမိခြံ၊ မိမိလယ်ယာမြေကို တစ်လက်မမျှ အလျော့မခံနိုင်၊ ဘိုးစဉ်ဘောင်ဆက်မှ မိမိတို့လက်ထက်ထိတိုင် မြတ်မြတ်နိုးနိုး ထိန်းသိမ်းလာခဲ့ကြပါသည်။

        ယခုမူ နယ်သို့ ခရီးသွားသည့်အခါ လမ်းဘေးဝဲယာတစ်လျှောက် တွေ့မြင်ရသော အနိဋ္ဌာရုံမြင်ကွင်းများ တွေ့ရသည်မှာ စိတ်မချမ်းမြေ့စရာ၊ ရင်လေးဖွယ်ရာပင်ဖြစ်ပါသည်။ လယ်ကွင်းများတွင် ခွင့်ပြုချက်မရှိဘဲ စပါးမစိုက်၊ ကွန်ကရစ်တိုင်စိုက်၊ ဂဝံမြေဖို့ထားကြသည်။ လယ်မြေများ ပျက်စီးခြင်းဘဝရောက်ခဲ့ကြရလေပြီ။ 

        ဤသည်၏ အကြောင်းရင်းမှာ လယ်ယာမြေဥပဒေသစ်တွင် လယ်ယာမြေကို ရောင်းချ၊ ပေါင်၊ လွှဲပြောင်းနိုင်သည့်ပုဒ်မပါရှိလာခြင်းက အခြေခံအကြောင်းတစ်ရပ်ဖြစ်နေသည်။ ဤပုဒ်မကို အဖျားဆွတ်၍ ဖက်တွယ်ပြီး လယ်ယာမြေများကို ရောင်း၊ ပေါင်၊ လွှဲပြောင်းပြုလုပ်လာခြင်းကြောင့် ဖြစ်သည်။ လယ်ယာမြေဥပဒေသစ်ပေါ်လာပြီးမှ လမ်းမကြီးများဘေးဝဲယာများတွင် စျေးမတန်တဆမြောက်လာပြီး လယ်ယာမြေများကုန်ပြီး၊ မြေဖို့၊ ကွန်ကရစ်တိုင်စိုက်ခြင်းများ အလျှိုလျှိုပေါ်လာခြင်း ဖြစ်သည်။ တောင်သူလယ်သမားကြီးများ မိမိလယ်ယာမြေများကို သံယောဇဉ်မတွယ်တော့ပါ။ ချစ်လည်းမချစ်ကြတော့ပါ။ ပြောရလျှင် လယ်ယာမြေဥပဒေသစ်မှာလယ်ယာမြေကိုရောင်း၊ ပေါင်၊ လွှဲပြောင်းနိုင်သည်လို့ ပါရှိသော်လည်း ၄င်းပုဒ်မနှင့်ကပ်လျက် နောက်ပုဒ်မတစ်ခုတွင် လယ်မြေကို ဝယ်ယူသူသည် လယ်မြေဖြစ်သဖြင့် ဝယ်ပြီးလျှင် စပါးသာစိုက်ရမည်။ အခြားနည်းမသုံးရ၊ စပါးမစိုက်လျှင် ဥပဒေအရ ပြန်သိမ်းမည်ဟု ပါရှိသည်။ သို့သော် ထိုပုဒ်မသည် အသက်မဝင်ပါ။

        လယ်ယာမြေဥပဒေသစ်သည် တောင်သူလယ်သမားကြီးများကို ကောင်းမွန်သော အခွင့်အရေး ဖန်တီးပေးပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ လက်တွေ့တွင်မူ လယ်သမားကြီးများ ကြီးပွားတိုးတက်ဖို့မဟုတ်ဘဲ လယ်မဲ့၊ ယာမဲ့ဘဝရောက်ရှိရပြီး ဆင်းရဲခြင်းဒုက္ခနှင့်သာ ရင်ဆိုင်နေကြရသည်။ နောင်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးမှု၊ နိုင်ငံတော်၏ ရိက္ခာဖူလုံမှုကိုပါ ထိခိုက်လာနိုင်စရာရှိပါသည်။ လယ်ယာမြေဥပဒေသစ် ပေါ်ပေါက်လာပြီးနောက်တွင် လမ်းမကြီးများ ဘေးဝဲယာတွင် စျေးများ မတန်တဆ မြောက်လာခဲ့ပါသည်။ မည်သည့်ခေတ်ကမျှ မကြားဖူးသ်ာစျေးထိ ပေါက်လာပါသည်။ ဤသည့်အခြေအနေတွင် လယ်သမားကြီးများသည်လည်း မိမိ၏ လယ်ယာမြေများကို သံယောဇဉ်မထား၊ မခင်တွယ်တော့ဘဲ လွယ်လွယ်နှင့်ပင် သူဌေးများလက်သို့ ဝကွက်အပ်လိုက်ကြပါသည်။ သူဌေးများသည် လယ်လုပ်စပါးစိုက်ရန် မဟုတ်ပါ။ အခြေအနေပေးလျှင် အခြားနည်း အသုံးပြုကြရန် ရင်တွင်းကြိတ်၍ ကြံစည်ထားပြီး ဖြစ်ပါသည်။

        စာရေးသူ ရန်ကုန်တိုင်းတွင် တိုင်းအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က မြို့နယ်ကြီးတစ်မြို့နယ်မှ ခင်မင်ရင်းနှီးခဲ့ရသော လယ်သမားကြီးတစ်ဦးရှိပါသည်။ လမ်းမကြီးဘေးတွင် လယ်ဧက ၂၀ ကျော် ပိုင်ဆိုင်ပါသည်။ အဲဒီအချိန်တုန်းက ထိုလယ်သမားကြီးသည် နိုင်ငံတော်၏ ရန်ကုန်မြို့တော်ဝန်းကျင် မိုင် ၃၀ စိမ်းလန်းစိုပြေရေး စီမံကိန်းကြီးတွင် ရှေ့ဆုံးမှနေပြီး လက်သီးလက်မောင်းတန်း၍ နွေစပါးဧကအပြည့်စိုက်ပျိုးခဲ့သူ ဖြစ်ပါသည်။ ယခု လယ်ယာမြေဥပဒေသစ်ပေါ်လာချိန်တွင် လမ်းမကြီးဘေး မြေစျေးများ မတန်တဆ မြောက်လာရာ လယ်မြေဧက ၂၀ ကို စျေးကြီးကြီးဖြင့် သူဌေးလက်သို့ ရောင်းချ၍ သားသမီးခြောက်ယောက်သို့ အမွေခွဲပေးလိုက်သည်။ အမွေခွဲသည်မှာ လယ်မြေများ မဟုတ်ပါ။ ငွေသားများသာ ဖြစ်ပါသည်။ ၄င်းရော၊ သားသမီးများပါ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်လာခဲ့ကြသော လယ်မြေများ တစ်လက်မမျှ မရှိတော့ပါ။ ရက်ကြာလာသည်နှင့်အမျှ လယ်ရောင်း၍ရလာသောငွေများ အသီးသီး လုံးပါးပါး ဒုက္ခရောက်ကြရပါတော့သည်။ စာရရေးသူ၏အသိလယ်သမားကြီးလည်း ပြန်ဆင်းရဲ၍ဒုက္ခတွေ့နေရသည်ဟု သတင်းကြားရရာ စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ လယ်ပြန်လုပ်လိူသော်လည်း တစ်နေ့ ရွှေတစ်လုံးဥပေးနေသော ဘဲငန်းကြီးအား တစ်မနက်တည်းရိုက်သတ်မိသကဲ့သို့ ဖြစ်နေလေရာ မြေတစ်လက်မမျှ မရှိတော့ပါ။ မြန်မာပြည်တစ်ဝန်း ဤကဲ့သို့သော ဖြစ်စဉ်များ ထုနဲ့ဒေး ရှိနေမည်မှာ အမှန်ပင် ဖြစ်ပါသည်။

        စာရေးသူ၏ မိဘများ အသက်ရှင်လျက်ရှိနေမည်ဆိုပါက အသက် ၉၀ ကျော်ရှိနေမည်ဖြစ်ပါသည်။ ယခုထိ မိဘများထိန်းသိမ်းစောင့်ရှောက်ခဲ့သော စာရေးသူတို့၏ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ များသည် ယနေ့ထိတိုင် တစ်လက်မမျှ မလျော့သေးဘဲ သီးနှံများလည်း အထွက်ကောင်းလျက်ရှိပါသည်။

        သို့ပါ၍ တောင်သူလယ်သများကြီးများအားလုံး မိမိလယ်ယာမြေများကို အဖိုးအနဂ္ဃထိုက်တန်သော ရတနာများပမာ တန်ဖိုးထားချစ်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ကြပါရန် မေတ္တာဖြင့် တိုက်တွန်းအပ်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၉)

No comments:

Popular Posts