ထွန်းလှိုင်(မြိုင်)
တိရစ္ဆာန်၏ ခန္ဓာကိုယ်ပြင်ပတွင် မှီတွယ်ကပ်နေကြသော ကပ်ပိုးများကား မွှား၊ သန်း၊လှေး၊ ယင်၊ ဝဲနှင့် ခြင်တို့ ဖြစ်ကြသည်။ ပြင်ပကပ်ပါးပိုးများသည် အတွင်းကပ်ပါးများကဲ့သို့ လက်ခံကောင်အား အန္တရာယ်ဆိုးကျိုးအမျိုးမျိုး ပေးနိုင်လေသည်။
ပြင်ပကပ်ပါးများ မှီခိုတွယ်ကပ်ခြင်းခံရသော တိရစ္ဆာန်များသည် သွေးအားနည်းခြင်း၊ မတည်မငြိမ်ဖြစ်ခြင်း၊ ပိန်ချုံးလာခြင်း၊ တွယ်ကပ်ရာနေရာတွင် အနာများဖြစ်ခြင်း၊ ယင်းအနာများကြောင့် သိုးများတွင် အမွှေးထုတ်လုပ်မှုနှင့် အရည်အသွေးကျခြင်း၊ နွားနှင့် ဆိတ်တွင် သားရေစံချိန်မမီခြင်း၊ အသားထွက်လျော့နည်းခြင်း၊ ရောဂါများသယ်ဆောင်ဖြန့်ဖြူးမှုကြောင့် ရောဂါများ တစ်ကောင်နှင့်တစ်ကောင် ကူးစက်ပြန့်ပွားခြင်း၊ ခိုင်းနွားများတွင် ခိုင်းအားကျဆင်းခြင်း၊ နို့ပေးနွားမများတွင် နို့ထွက်လျော့ခြင်း စသည်များ ဖြစ်ပေါ်ပေလိမ့်မည်။
သို့ဖြစ်၍ ကပ်ပါးများကို လေ့လာရာတွင် ပြင်ပကပ်ပါးများကို လျစ်လျူရှု၍မရပေ။ မွှားများသည် သွေးစုပ်တတ်သော ပြင်ပကပ်ပါးများဖြစ်၍ နို့တိုက်သတ္တဝါအများအပြားတွင် တွယ်ကပ်လေ့ရှိသည်။ မွှားများသည် ဘဲဥပုံ သို့မဟုတ် ရှည်မျောမျောပုံသဏ္ဌာန်ရှိသည်။ မွှားများသည် ဘတစ်စိတ်တစ်ဒေသကို လက်ခံကောင်ထံတွင် ကုန်လွန်စေပြီး ကျန်ဘဝအစိတ်အပိုင်းကို လက်ခံကောင်ထံ တွယ်ကပ်ရန် စောင့်ဆိုင်းကုန်လွန်စေသည်။
ထိုသို့ ကပ်ပါးဘဝနှင့် မနေသောအချိန်သည် အတော်အတန် ကြာမြင့်နိုင်သည်။ သို့ဖြစ်၍ မွှားအဆင့်ဆင့်အမျိုးမျိုးသည် လပေါင်းများစွာ သို့မဟုတ် နှစ်နှင့်ချီ၍ ရှင်သန်နိုင်လေသည်။ အလွန်ပူပြင်းသောနွေရာသီ၌ လက်ခံကောင်ထံမှ သွေးဝ၍ မြေပြင်သို့ ပြုတ်ကျလာသော မွှားမသည် နှစ်ရက် သို့မဟုတ် သုံးရက်အကြာတွင် ဥစတင်ဥပြီး တစ်ပတ်ခန့်တွင် ပြီးဆုံးသည်။ မွှားမတစ်ကောင်သည် ပျမ်းမျှဥနှုန်းမှာ ၂ဝဝဝ ဖြစ်သည်။ ဥတစ်သုတ်သာဥပြီး သေဆုံးသွားတတ်သည်။
![]() |
ဓာတ်ပုံ - dovers |
ဥများသည် မြက်ပင်များနှင့် အရိပ်ရသော နေရာများတွင် စုပြုံနေကြပြီး ကြက်ဥပုံတောက်ပသော အရောင်ရှိသည်။ အပူချိန်ကိုလိုက်၍ ဥပေါက်ရန် ကြာသောအချိန်မှာ ၁၁၄ ရက်မှ ၁၄၆ ရက်ဖြစ်ပါသည်။ မြက်ပင်၊ ထောင်နေသောအပင်များပေါ်သို့ တွယ်ကပ်ပြီး မကြာမီ အုပ်စုငယ်လေးဖြစ်ကာ တိရစ္ဆာန်တစ်ကောင် အနားရောက်လာလျှင် တွယ်ကပ်ကူးစက်သွားပါသည်။
စားကျက်များ၌ နွေရာသီတွင် သုံးလမှ လေးလ၊ ဆောင်းတွင်းတွင် ငါးလမှ ခြောက်လ ရှင်သန်နိုင်ပါသည်။ ပို၍အေးသောရာသီတွင် ၁ဝ လခန့်အထိ ရှင်သန်နိုင်ပြီး စိုက်ခင်းစားကျက်များ၊ စွတ်စိုနေရာများတွင် မိမိနွားများ ချည်နှောင်ထားစဉ် ဂရုစိုက်ရပါမည်။ နွားများတွင် ၂၂ ရက်အထိ သွေးစုပ်ပြီး ကွာကျတတ်ပါသည်။ နွားများတွင်ရက် ၄ဝ အထိ အသက်ရှင်သန်နေထိုင်နိုင်ကြောင်း သိထားရပါမည်။ မွှားတစ်သောင်းမှ နှစ်သောင်း တွယ် ကပ်ပါက သွေး ၁ဝ လီတာ ဆုံးရှုံးနိုင်သည်။
ထို့ကြောင့် နွားများကို စားကျက်တွင် ငါးလ၊ ခြောက်လ မထားရန်၊ စားကျက်ကို အပိုင်းလိုက် ထွန်ယက်ပစ်ရန်၊ သားလောင်းများသေစေရန် မီးရှို့ပစ်ရန်၊ ရေမြောင်းများ ရေစီးဆင်းရန်ဆောင်ရွက်ပေးခြင်း၊ နွားများကိုမွှားသတ်ဆေးများ စိမ်ပေးခြင်း၊ ပက်ဖျန်းပေးခြင်းကို ၁၄ ရက် တစ်ကြိမ်ပြုလုပ်ရန်၊ ရေချိုးပေးခြင်း၊ နွားခြံအနီး ချုံများရှင်းပေးခြင်းများ ပြုလုပ်ပေးရမည်။ ၄င်းအပြင် ဝဲပိုးများစွာကို အိမ်မွေးတိရစ္ဆာန်များတွင် တွေ့ရသည်။ ထိတွေ့ကူးစက်တတ်သော အရေပြားဝဲနာဖြစ်စေပါသည်။ ဝဲပိုးခြောက်မျိုးရှိသည်။ ၄င်းတို့မှာ Sarcoptic Scab (or) Mange, Psoroptic Mange, Chorioptic, Demodectic Mange, Otodctimange တို့ဖြစ်ကြသည်။
ဝဲပိုးများသည် အရေပြားအတွင်း ဝင်ရောက်ပြီး တွန့်လိမ်နေကြပြီး ကျွဲ၊ နွားများသည် လက်ခံကောင်များဖြစ်လာပါသည်။ ဝဲပိုးသည် တိရစ္ဆာန်များနှင့် လူသို့ကူးစက်ကြပြီး အချို့ဝဲပိုးသည် အမွှေးထူသည့်နေရာတွင် စတင်ဝင်ရောက်၍ နေပူသည့်အချိန်တွင် လှုပ်ရှားမှု ပိုတွေ့ရမည်။
ဝဲရောဂါကူးစက်ခံရလျှင် နွားများ မျက်လုံးတစ်ဝိုက်၊ မျက်နှာနှင့်လည်ပင်း၊ အမြီးရင်းတို့တွင် အလွန်ယားယံပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း ကူးစက်နိုင်သည်။ နွားခြံအကာတန်းများ၊ နွားချည်ထားသောတိုင်၊ သစ်ပင်များနှင့် ပွတ်တိုက်ခြင်းကြောင့် အမွှေးကျွတ်ခြင်း၊ အနာဖေးများပေါ်ထွက်လာခြင်း၊ ရက်သတ္တပတေအနည်းငယ်အကြာတွင် အရေပြားတွန့်ရှုံ့လာ၍ အရေပြားထူလာပြီး မာလာခြင်းတို့ ဖြစ်ပေါ်လာကာ ဆေးမကုသပါက တစ်ကိုယ်လုံးပျံ့နှံ့ကာ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
စာရေးသူမကြာသေးခင်က ဝဲရောဂါဖြစ်သော သုံးနှစ်သားနွားတစ်ကောင်ကို ဆေးကုရန် ခေါ်၍ သွားရောက်ကုသရာ နွားမှာ မျက်စေ့၊ ဦးချို၊ ခွာများမှလွဲ၍ တစ်ကောင်လုံး ဝဲရောဂါကြောင့် အကျည်းတန် အရုပ်ဆိုးသည့်အပြင် အရေပြား မာခြောက်နေပြီး အနာဖေးများနှင့် ဖုံးလွမ်းနေသည့်အတွက် အစွမ်းထက်သည့် လိမ်းဆေးဖြစ်သော ကန့်ဝါမှုန့် ဒုတ္ထာအနည်းငယ်ရောပြီး လိမ်းပေးခြင်းနှင့် အစွမ်းထက်သော Invermectin 0.2 mg/kg ကို နွား၏အလေးချိန် ပိဿာ ၃ဝ လျှင် တစ်စီစီ၊ အရေပြားအောက် နှစ်ပတ်ခြား ထိုးပေးခဲ့ပါသည်။
ထို့ပြင် ဆေးအချိန်အဆတွက်ချက်ရာတွင်လည်း အနီးစပ်ဆုံး မှန်ကန်အောင် တွက်ချက်ထိုးလျှင် လျင်မြန်စွာ ပျောက်ကင်းနိုင်ကြောင်းနှင့် ဆေးကို အမြစ်ပြတ်ကုသပေးရန် အကြံပြုခဲ့ပါသည်။ ဝဲရောဂါသည် နွေရာသီပျောက်သွားသော်လည်း ဆောင်းရာသီတွင် ပြန်ပေါ်လာတတ်ပါသည်။ ကပ်ပါးပိုးများတွင် နွားသန်းသည် ကိုက်၍သွေးစုပ်တတ်သည့်အတွက် ဆေးဖျန်းပေးခြင်း ပြုလုပ်နိုင်ပါသည်။ ဆေးများမှာ Chlordance 0.5%, Malathion 0.5%, Toxophene 0.5% များ ဖျန်းပေးခြင်း၊ ၁၆ ရက်ကြာလျှင် တစ်ကြိမ်ဖျန်းပေးခြင်း၊ နွားချည်သောတန်းများ၊ တိုင်များ ပြန်လည်အသုံးမပြုခြင်း၊ ဆေးကုသစဉ်နှင့် ဆေးကုသပြီး အာဟာရပြည့်ဝသော အစာများ ကျွေးမွေးရန် အကြံပြုရေးသားလိုက်ရပေသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၇)
No comments:
Post a Comment