December 30, 2020

ဘက်စုံအသုံးဝင် နှံစားပြောင်းပင်

ဆွေရည်

        ကမ္ဘာ့ရာသီဥတုသည် ပူပြင်းမှု ပိုမိုများပြားလာသည်။ သက်ရှိတို့ အသက်ရှင်သန်ရေးတွင် အခက်အခဲတွေ့လာကြသည်။ ထို့အတူ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးမှာလည်း ရာသီဥတုကြောင့် ထင်တိုင်းခရီးမပေါက်။ ခရီးမရောက်တော့ပြီ။ ထို့ကြောင့် အပူဒဏ်ခံသီးနှံမျိုးများကို ရွေးချယ်စိုက်ပျိုးလာကြတော့သည်။ ပဲမျိုးစုံသီးနှံတွင် ပဲစင်းငုံ၊ ဆီထွက်သီးနှံတွင် နှမ်းနှင့် ပန်းနှမ်း၊ နှံစားသီးနှံများတွင် နှံစားပြောင်း စသည့် အပူဒဏ်ခံနိုင်သည့်အပြင် ရေလိုအပ်ချက်လည်း အပင်သက်တမ်းကာလတစ်လျှောက် လိုအပ်ချက်နည်းပါးသော သီးနှံ၊ အချိန်တိုတိုသီးနှံတို့ကို စိုက်ပျိုးမှသာ ဟန်ကျပန်ကျ ဖြစ်လာနိုင်တော့သည်။

        ရေနည်းဒေသ၊ မိုးနည်းဒေသ၊ အပူပိုင်းဒေသနှင့် ကိုက်ညီမှုရှိပြီး လတ်တလောစျေးကွက်တွင် ကောင်းနေသည့် နှံစားပြောင်းကို ရွေးချယ်သုံးသပ်စိုက်ပျိုးကြပါသည်။ ယခုအခါ နှံစားပြောင်းစိုက်ပျိုးနေကြသည်မှာ ယခင်ကကဲ့သို့ ဒေသမျိုးများဖြစ်ကြသည့် ခွံပြောင်း၊ ဆန်ပြောင်းမဟုတ်တော့ဘဲ အနှံထွားထွား၊ အစေ့များများ၊ သက်တမ်းရက် ၉၀၊ ၁၀၀ ခန့်သာရှိပြီး အပင်အရပ် ခြောက်ပေနှင့် ခုနစ်ပေ မြင့်မားသော အထွက်ကောင်းမျိုးများ စိုက်ပျိုးလာကြသည်။

        ပြည်ပနိုင်ငံများအနက် တရုတ်ပြည်မှ အများဆုံးဝယ်ယူနေသည်ဟု သိရှိရသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်ကာလမှစ၍ မြန်မာနိုင်ငံအနှံ့မှ နှံစားပြောင်း၏ ပြည်ပစျေးကွက်သည် နာမည်ရလာသည်။ အညာဒေသနှင့် မြေ လတ်ဒေသတွင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်သော သီးနှံအမယ်တစ်ခု တိုးလာသည်။

        မြန်မာနိုင်ငံတွင် ၁၈၅၆ ခုနှစ်က တစ်ကြိမ်၊ ၁၉၇၉ ခုနှစ်က တစ်ကြိမ် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မိုးခေါင်မှုကြုံရချိန်၊ စပါးစိုက်ပျိုးမှု လျော့နည်းခဲ့သည်ကို နှံစားပြောင်းက ဆန်အစားထိုး ဖြေရှင်းပေးနိုင်ခဲ့ဖူးပါသည်။ ရှေးယခင်က စိုက်ခဲ့ကြသော ခွံပြောင်း၊ ဆန်ပြောင်းနှင့် ဆူဒန်မြက်တို့ကို မျိုးစပ်လိုက်ရာမှ ယခုအခါ မျိုးသစ်နှံစားပြောင်း မျိုးပေါင်းများစွာ ထွက်ရှိလာခဲ့သည်။

        ခွံပြောင်းသည် အစေ့တွင် ခွံဖုံးထားပြီး အစေ့အရောင်များ ဖြူ၊ နီ၊ ညို၊ စပ်ကြားဟူ၍ လေးမျိုးရှိသည်။ ဆန်ပြောင်းသည် တောင်သာ၊ မလှိုင်၊ ရေနံချောင်း၊ ပခုက္ကူ၊ ပုလဲ၊ ယင်းမာပင်တို့တွင် ကျေးလက်ဒေသများ၌ ဆန်ကဲ့သို့ ထမင်းချက်စားကြသည်။ အစေ့အဆန် စား၍ ပင်စည်၊ ရိုးတံနှင့် အရွက်ကို ကျွဲနွားအစာကျွေးကြသသည်။ စာရင်းများအရ ၁၉၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နှံစားပြောင်းစိုက်ဧက ရှစ်သိန်းခွဲရှိသည်။ စာရေးသူတို့ မှတ်မိသောကာလမှာ နှံစားပြောင်း အထူးအထွက်တိုးပြုလုပ်သော ၁၉၇၃ ခုနှစ်ဝန်းကျင်က တောင်သာ၊ မလှိုင်မြို့နယ်များတွင် အနှံအဆန်နီသည့် ရွှေနီမျိုးနှင့် အနှံအစေ့အဆန်ဖြူသည့် ရွှေဖြူမျိုးများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခဲ့ကြသောကာလ ဖြစ်ပါသည်။ ရှေးကလို သုံးလွန်းတင်ဆန်ဟု ခေါ်ကြသော ဆန်ကြမ်း၊ ပြောင်းဖူးစေ့၊ နှံစားပြောင်း ရောနှောချက်၍ ထမင်းအစားစားခဲ့သော ဒေသများသည် ယခုအခါ နှံစားပြောင်းမှ ပေါင်မုန့်၊ မုန့်ကြွပ်၊ ကိတ်မုန့်၊ မုန့်ဟင်းခါး၊ မုန့်ဖတ်များအထိ ဆန်၊ ဂျုံကဲ့သို့ အစားအစာပြုလုပ် စားသုံးလာကြသည်။ ကျွဲနွားအစာကျွေးသော ပင်စည်ရိုးတံနှင့် အရွက်ကိုလည်း ကျွဲနွားအစာအပြင် မြေဆွေးနှင့် စက္ကူပြုလုပ်လာသည်။ နှံစားပြောင်းပင်သည် ပြောင်းဖူးပင်ကဲ့သို့ လူတစ်ရပ်ခန့်မြင့်သည်။

ဓာတ်ပုံ - smartfood.org

        သကြားနှံစားပြောင်းချိုလည်း ရှိပါသေးသည်။ သကြား၊ တင်လဲရည်ထုတ်လုပ်သည်။ ဇီ၀လောင်စာ၊ ဘိုင်အိုအီသနော ထုတ်သည်။ နှံစားပြောင်းချိုတွင် သကြားဓာတ်၊ ကာဘိုဟိုက်ဒရိတ်ဓာတ် ပါဝင်မှုများ၍ အီသနောထုတ်နိုင်သည်။ ပြောင်းရိုးတံ တန် ၁၀၀ ကြိတ်လျှင် သကြား ငါးတန်ရနိုင်သည်။ ကြံမှ သကြားထုတ်ယူမှုနှင့် နှိုင်းယှဉ်လျှင် သကြားရရှိမှုမှာ သုံးပုံတစ်ပုံသာရှိသည်။ တစ်ဧကမှ ပြောင်းရိုးတန် ၂၅ တန်ရနိုင်၍ မြေဆွေး၊ စက္ကူပြုလုပ်သည်။ သက်တမ်းရက်မှာ ရက် ၁၄၀ ရှိသည်။ ၁၉၈၅ ခုနှစ်တွင် နှံစားပြောင်းချိုကို မြန်မာနိုင်ငံတွင် သုတေသန ပြုခဲ့ကြသည်။ နှံစားပြောင်းပင်သည် ရေငတ်ဒဏ်ခံနိုင်ရုံမက ရေဝပ်မှုဒဏ်လည်း ခံနိုင်သည်။ တစ်နှစ် မိုးရေချိန်လက်မ ၂၀ ရလျှင် အပင်ဖြစ်သည်။ မိုးဦးတွင် နှံစားပြောင်းစိုက်ပျိုး၍ မိုးနှောင်းတွင် ဂျုံ၊ ပဲစိုက်ကြသည်။ အချို့ဒေသတွင် နှံစားပြောင်းနှင့် ပဲစင်းငုံသီးညှပ်စိုက်ကြသည်။ မည်သည့်သီးနှံမှ စိုက်ပျိုး၍ မယ်မယ်ရရ မဖြစ်ထွန်းသော ရာသီကာလမျိုးနှင့် ကြုံတွေ့ရလျှင် နှံစားပြောင်းသည် အသက်ကယ်နိုင်သော စားစရာရသည့်အစေ့အဆန်ထွက်သော နှံစားသီးနှံပင်ဖြစ်သည်။

        ယခုအခါ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ်နိုင်သော အတတ်ပညာ၊ နည်းပညာများ၊ များပြားလာသောအခါ နှံစားပြောင်းမှ ထုတ်လုပ်သော အရက်နှင့် ဘီယာသည် ကုန်ကြမ်းစျေးပေါပေါနှင့် ရနိုင်သော ပစ္စည်းဖြစ်လာသည်။ တောင်ပေါ်တိုင်းရင်းသားဒေသများတွင် ခေါင်ရည်ကို ပြောင်းဖူး၊ ဆန်တို့အပြင် နှံစားပြောင်းမှလည်း ခေါင်ရည်ထုတ်လုပ်သည်။ နာမည်ကြီးကယားပြည်နယ်မှ ကယားခေါင်ရည် ထုတ်လုပ်ရာတွင် နှံစားပြောင်းမှာ အဓိကအရေးပါကြောင်းလည်း သိရှိရသည်။

        အထွက်ကောင်းသည့် နှံစားပြောင်းမျိုးများတွင်ရှိသော အရည်အချင်းများမှာ သက်လျင်မျိုးဖြစ်ခြင်း၊ အပင်အရပ်အမြင့် ကောင်းခြင်း၊ ပန်းပွင့်သည့်ရက်ကာလမှာ ရက်ကြာရှည်မှုရှိခြင်း၊ အပင်မှထွက်လာသော အနှံမှာ ဒေသမျိုးများကဲ့သို့ သေးငယ်ကြုံလှီအစေ့နည်းမှုမရှိဘဲ အနံအလျားရှည်ပြီး အနှံအနံကျယ်သည်။ တုတ်ကားသော အနှံမျိုးဖြစ်လာသည်။ အစေ့အရောင်မှာလည်း အနီရောင်၊ နီညိုရောင်မျိုးအပြင် အစေ့အဖြူရောင်နှင့် ဘဲဥပုံ၊ လုံးဝိုင်းပုံရှိသော အစေ့များရှိလာသည်။ အထူးပြောင်းလဲလာချက်မှာ စားသုံးရာတွင် မကြမ်းတော့ဘဲ အရသာနူးညံ့ပြီး အစာကြေညက်မှုကောင်းလာသည်။ ဆန်နီးပါး စားသုံးမှုကောင်းလာသည်။ ဒေသမျိုးများနှင့် မတူထူးခြားချက်မှာ နှံစားပြောင်းပင်၏ အရွက်နှင့် ပင်စည်တွင် HCN ဟု ခေါ်သော ဟိုက်ဒရိုဆိုင်ယာနစ်အက်ဆစ် အဆိပ်အတောက် ပါဝင်မှု နည်းလာသည်။

        ကြဲပက်စိုက်ပျိုးခဲ့ကြသော စိုက်စနစ်များ မပြုလုပ်ကြဘဲ အတန်းလိုက် စိုက်ပျိုးလာကြသည်။ ကြဲစိုက်စဉ်က မျိုးစေ့ ၁၀ ပြည်ခန့်ကုန်အောင် သုံးခဲ့ကြသည်။ အတန်းစိုက်တွင်း မျိုးစေ့ငါးပြည်ခန့်သာ ကုန်တော့သည်။ သို့သော် ဤနှုန်းထားသည် များနေသေးသည်။ နှံစားပြောင်းကို စနစ်တကျ စီးပွားဖြစ်စိုက်ပျိုးနေကြသော တရုတ်ပြည်၊ အိန္ဒိယပြည်နှင့် အမေရိကန်နိုင်ငံများတွင် တစ်ဧကနှင့် တွက်ကြည့်လျှင် မျိုးစေ့သုံးပြည်သာ သုံးကြကြောင်းသိရှိရသည်။

        ကမ္ဘာနှင့်အဝန်း အပူချိန်မြင့်တက် များပြားလာသောအခါ အပူဒဏ်ခံသီးနှံများ၊ မိုးနည်းရေရှား၊ ရေငတ်ဒဏ်ခံသီးနှံများ ရွေးချယ်စိုက်ပျိုးလာကြရာတွင် နှံစားပြောင်းလည်း စျေးကွက်တစ်ခု ဖြစ်လာနေပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၅)

No comments:

Popular Posts