ပေါက်ပေါက်
ပဲသီးသည် ရာသီစာဟင်းသီးဟင်းရွက်မဟုတ်ပါ။ တစ်နှစ်ပတ်လုံးရရှိနိုင်သော အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည်။ ရှင်သန်ပေါက်ရောက်ရာ ရေ၊ မြေသဘာဝနှင့် မျိုးစိတ်ပေါ် မူတည်၍ ၁၂ လက်မမှ ၃ဝ လက်မအထိ ရှည်တတ်သည်။ ပဲသီးတွင် ဗီတာမင်အေ၊ ပရိုတင်း၊ သံဓာတ်၊ မီးစုန်း၊ သီအာမင်၊ ရီဘိုပလာဗင်နှင့် ပိုတက်စီယမ်တို့ ကြွယ်ဝစွာပါရှိသည့်အပြင် ဗီတာမင်စီ၊ ဖောလိတ်၊ မဂ္ဂနီစီယမ်နှင့် မဂ္ဂနီးစ်တို့ စုဝေးရာ အရင်းအမြစ်လည်း ဖြစ်သည်။ ထို့ကြောင့် ပဲသီးကို အားအင်ပြည့်ဝစေသော အစားအစာတစ်ခုအဖြစ် စားသုံးသင့်ပေသည်။
ကယ်လိုရီနည်းသော အစိမ်းရောင် ဟင်းသီးဟင်းရွက်ဖြစ်သောကြောင့် ပဲသီးကို မှန်မှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို လျှေ့ာချနိုင်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါရှိသဖြင့် ကင်ဆာရောဂါအမျိုးမျိုးမှ ကာကွယ်ပေးနိုင်သည်။ အထူးသဖြင့် ပဲသီးမှာ စိမ်းရောင်ခြယ် ကလိုရိုဖီးဓာတ်မြင့်မားစွာ ပါရှိနေသည့်အတွက် ကင်ဆာဖြစ်စေတတ်သော ဓာတ်ကို ပိတ်ဆို့ပေးသည်။ ထို့ကြောင့် အကင်ကြိုက်တတ်သူများ ပဲသီးဖြင့် တွဲဖက်စားသုံးပေးသင့်ပါသည်။
ထို့ပြင် ပဲသီးစားသုံးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပြီး အရွယ်တင်နုပျိုစေသည်။ နှလုံးသွေးကြောနှင့် သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးသည်။ ပိုတက်စီယမ်ကြွယ်ဝသော ပဲသီးကို မကြာခဏစားပေးခြင်းဖြင့် သွေးတိုးရောဂါဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်သည်။
![]() |
ဓာတ်ပုံ - အင်တာနက် |
ထို့အတူ အဆစ်ရောင်ဝေဒနာများကို သက်သာပျောက်ကင်းစေသည်။ အရိုးအားကောင်းစေသည်။ လူတစ်ယောက် နေ့စဉ် ကယ်လ်စီယမ်လိုအပ်ချက်၏ ၄ ရာခိုင်နှုန်းကို ပဲသီးဟင်းတစ်ခွက်မှ ရရှိနိုင်သည်။ ပဲသီးတွင်ပါရှိသော မီးစုန်းနှင့် ကယ်လ်စီယမ်ဓာတ်များက အရိုးပါးရောဂါဖြစ်ပွားနှုန်း လျော့ကျစေပြီး အရိုးများကို သန်စွမ်းခိုင်ခံ့စေပါသည်။
လေသင်တုန်းဖြတ် ခံစားရခြင်းကို ကောင်းမွန်သက်သာစေနိုင်သလို ဆီးချိုရောဂါဝေဒနာသည်များအတွက် ဓာတ်စာတစ်မျိုးအဖြစ် စားသုံးသင့်သည်။ ထို့ပြင် သွေးအားနည်းသူများ၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိသူများ၊ ကိုယ်ဝန်သည်များနှင့် ကလေးမီးဖွားပြီးသူများ ပဲသီးကို နေ့တိုင်းလိုလို စားပေးသင့်သည်။ ပဲသီးတွင်ပါရှိသော ဓာတ်ပေါင်းစုက ဦးနှောက်နှင့် အာရုံကြောဆဲလ်များကို ကျန်းမာစေသည်။ ထို့ကြောင့် စိတ် ဖိစီးမှုများသူများ ပဲသီးကို အမျိုးမျိုး ချက်ပြုတ်၍ စားပေးပါ။ ပဲသီးတွင်ပါရှိသော သဘာဝဗီတာမင်စီက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသည်။ ၄င်းဓာတ်က အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်လွယ်သော အအေးမိ၊ တုပ်ကွေး၊ ရာသီဖျားနာတို့မှ ကာကွယ်ပေးနိုင်သည်။
ပဲသီးတွင် ဖော့စ်ဖရပ်စ် (ခေါ်) မီးစုန်းဓာတ်ကြွယ်ဝသဖြင့် သွားရောဂါအမျိုးမျိုးကို ကောင်းကျိုးပြုပေးနိုင်သည်။ စိမ်းရောင်ခြယ် ပဲသီးတွင်ပါရှိသော သဘာဝပရိုတင်းဓာတ်များက ကြွက်သားများကို သန်စွမ်းအားကောင်းစေသည်။ ပဲသီးတွင် ဗီတာမင်အေပါဝင်မှုများသဖြင့် မျက်စိရောဂါအမျိုးမျိုးအတွက် လွန်စွာဆေးဖက်ဝင်သည်။ နာတာရှည် သွေးအားနည်းရောဂါရှိသူများသည် သံဓာတ်ပါဝင်မှုများသော ပဲသီးကို မကြာခဏစားပေးပါ။
အချုပ်အားဖြင့်ဆိုရသော် ပဲသီး (ခေါ်) ပဲတောင့်ရှည်သည် စားသုံးသူများအတွက် ဘက်ပေါင်းစုံက ဆေးဖက်ဝင်ပြီး၊ ဘေးထွက်ဆိုးကျိုး လုံးဝမရှိစေဘဲ တစ်နှစ်ပတ်လုံး လွယ်လင့်တကူ ရရှိနိုင်ကာ အာဟာရလည်းဖြစ်စေသည့် ပဲတောင့်ရှည်ကို စားပေးကြပါရန် တိုက်တွန်းရေးသားအပ်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၉)
No comments:
Post a Comment