December 20, 2020

နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးမယ့် နည်းလမ်း ၁၂ သွယ်

ပေါက်ပေါက်

        နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ လူ့အသက်ကို အများဆုံးသေစေနိုင်တဲ့ ရောဂါတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး အသက်အရွယ်ရလာသည်နှင့်အမျှ ကြုံတွေ့လာနိုင်သည့် ရောဂါတစ်မျိုးဖြစ်သည့်အားလျော်စွာ သုတေသနအသစ်တစ်ခု၏ တွေ့ရှိချက်အရ ၂ဝ၄ဝ ပြည့်နှစ်တွင် သက်ကြီးရွယ်အိုများ၏ နှလုံးရောဂါဖြစ်နိုင်ခြေဟာ ၂ ဒသမ ၃ ဆ မြင့်တက်လာနိုင်ကြောင်း၊ ၂ဝ၆ဝ ပြည့်နှစ်တွင်မူ ၂ ဒသမ ၉ ဆ မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။

        နှလုံးရောဂါမှာ နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောကျယ်၊ နှလုံးကြွက်သားပုပ်၊ နှလုံးအခန်းပျက်စီး၊ နှလုံးအဆို့ရှင်ပျက်စီး၊ နှလုံးအားနည်း၊ နှလုံးရောင်၊ နှလုံးကြီး၊ နှလုံးသွေးကြောပေါက်၊ နှလုံးခုန်နှုန်း မူမမှန်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိကြပြီး ထိုရောဂါတွေအားလုံးကို ခြုံပြီး ‘နှလုံးရောဂါ’လို့ ပြောလေ့ရှိပါတယ်။ ခွဲစိတ်ကုသလို့ရတဲ့ နှလုံးရောဂါမျိုးရှိသလို ခွဲစိတ်ကုသစရာမလိုဘဲ စားဆေး၊ ထိုးဆေးများနဲ့ ရေရှည်ကုသရတဲ့ နှလုံးရောဂါမျိုးတွေလည်း ရှိပါတယ်။ နှလုံးရောဂါက ဆီးချို၊ သွေးတိုး၊ လေငန်းရောဂါများနဲ့ပါ ဆက်စပ်မှုရှိနေတာကြောင့် မပေါ့ဆဘဲ စနစ်တကျ ကုသမှုခံယူပါ။

        ဗဟုသုတတစ်ရပ်အနေဖြင့် တင်ပြရပါလျှင် ဆေးပညာများ တိုးတက်ခေတ်မီလာတဲ့အလျောက်၊ သွေးအမျိုးအစားကိုကြည့်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို ဖော်ထုတ်ကြည့်ရာ AB အုပ်စု သွေးအမျိုးအစားရှိသူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာ ၂၃ ရာခိုင်နှုန်းပိုများပြီး B သွေးပိုင်ရှင်များက ၁၁ ရာခိုင်နှုန်း၊ A သွေးပိုင်ရှင်များက ၅ ရာခိုင်နှုန်းရှိတယ်လို့ သုတေသီများက ဆိုထားပါတယ်။

နှလုံးရောဂါလက္ခဏာများ

        ဝဲဘက်လက်မောင်း မကြာခဏနာကျင်ကိုက်ခဲခြင်း၊ မေးရိုးတစ်လျှောက် နာကျင်ခြင်း (တစ်ချက် တစ်ချက် မေးရိုးတအားနာခြင်းကြောင့် အိပ်မောကျနေရာမှ ရုတ်တရက်လန့်နိုးခြင်း)၊ ဝဲဘက်ရင်အုံအောက်တည့်တည့်မှာ သက်သောင့်သက်သာမရှိဘဲ အလိုလိုတင်းကျပ်ပြည့်ဆို့နေသလို ခံစားရခြင်း၊ အဆုတ်ထဲမှာအရည်တွေစုပုံလာခြင်းကြောင့် မကြာခဏချောင်းဆိုးခြင်း (သို့) တရွှီရွှီမြည်၍ အသက်ရှူပြင်းခြင်း၊ နေ့စဉ်ရက်ဆက် မဆိုသလောက် ခေါင်းကိုက်၊ မူးဝေနေခြင်း၊ ဇောချွေးပြန်ခြင်း၊ မကြာခဏဆိုသလို မောပန်းနွမ်းနယ်တတ်ပြီး တစ်ခါတလေမှာ တစ်ရက်ခန့်၊ တစ်ခါတလေမှာ တစ်ပတ်တိတိ နေ့စဉ်ရက်ဆက် မောပန်းနွမ်းနယ်လေ့ရှိခြင်း၊ မအီမလည် အော်ဂလီဆန်သလို ခံစားရတတ်ပြီး အစားအသောက်ပျက်လာခြင်း၊ စဦးပိုင်းမှာ ဘယ်ဘက်ရင်ခေါင်း အောင့်တတ်ပြီး တဖြည်းဖြည်းနဲ့ ပခုံး၊ လက်မောင်း၊ တံတောင်ဆစ်၊ နောက်ကျော၊ လည်ပင်း၊ မေးရိုးစတဲ့ ဝဲဘက်တခြမ်းလုံး ပြန့်ကာ နာကျင်လာခြင်း၊ တစ်ခါတစ်ရံမှာ ရင်ဘတ်ကလွဲလို့ ကျန်တဲ့နေရာတွေနာတတ်ပြီး ဒီဝေဒနာကို ပေါ်လိုက်ပျောက်လိုက်ခံစားနေရခြင်း၊ သွေးခုန်နှုန်းမမှန်တော့ခြင်း၊ လေကိုတဝကြီးရှူရတာ ခက်ခဲလာခြင်း၊ အမောဖောက်ပြီး ခြေဖဝါး၊ လက်ကောက်ဝတ်၊ ခြေထောက်၊ ရင်ဘတ်နဲ့ ခေါင်းဦးရေပြားများပါမကျန် ချွေးစေး၊ ချွေးအစိုတွေ ထွက်လာခြင်း တစ်ခါတစ်ရံ စက္ကူပါးတစ်ရွက်ကိုတောင် မဆုပ်ကိုင်နိုင်လောက်အောင် အားနည်းသလို ခံစားရခြင်း၊ ခေတ္တလမ်းလျှောက်ပြီး မောပန်းသလိုခံစားရခြင်း၊ (သို့) ပြတ်တောင်းပြတ်တောင်း အသက်ရှူရခြင်း စသည်တို့ ဖြစ်ပါတယ်။

ဓာတ်ပုံ - အင်တာနက်

ကာကွယ်နည်းများ

        မွေးရာပါနှလုံးရောဂါကို မဆိုလိုသော်လည်း မိမိရဲ့ အပြုအမူ နေထိုင်နည်းလမ်းမမှန်ကန်မှုကြောင့် နှလုံးရောဂါကို ဖိတ်ခေါ်ခြင်း မဖြစ်သင့်ပါဘူး။ အောက်ပါနည်းလမ်း ၁၂ သွယ်ကို လိုက်နာကျင့်ကြံရင်း တစ်ဖက်တစ်လမ်းမှနေ၍ နှလုံးရောဂါဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

        ဆေးလိပ်က ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ ဆိုးကျိုးပေးတဲ့အပြင် ဆေးပညာစစ်တမ်းများအရ နှလုံးရောဂါသည်အများစုက ဆေးလိပ်သောက်သုံးသူများဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဆေးလိပ်က အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းရည်ကို နိမ့်ကျသွားစေတဲ့အပြင် အရေပြားများ သွေးလည်ပတ်စီးဆင်းမှုကိုပါ နှေးကွေးလာစေပါတယ်။ နှိုင်းယှဉ်ချက်များအရ၊ ဆေးလိပ်သောက်သူများဟာ ဆေးလိပ်(လုံးဝ)မသောက်သူတွေထက် နှလုံးရောဂါဝေဒနာကို ငါးနှစ်လောက်စော၍ ဖြစ်လာနိုင်ပါတယ်။

ကိုလက်စထရောချပါ

        သွေးထဲရှိ ကိုလက်စထရောများက သွေးလွှတ်ကြောတွေမှာအနည်ထိုင်နေကြတာကြောင့် နှလုံးသွေးကြောကျဉ်းလာကာ နှလုံးသွေးလည်ပတ်စီးဆင်းမှု နှေးကွေးလာစေပါတော့တယ်။ ခန္ဓာကိုယ်အတွက် ကောင်းသော သွေးတွင်းအဆီဖြစ်တဲ့ HDL မြင့်တက်ပါက ခန္ဓာကိုယ်အတွက် အသုံးမဝင်သည့် မကောင်းသောသွေးတွင်းအဆီဓာတ် LDL ကို ကျသွားစေပါတယ်။ ဒါကြောင့် သွေးတစ်မီလီမီတာမှာ HDL ပမာဏ ၆ဝမီလီဂရမ်အထိရောက်အောင် ထိန်းညှိပေးနိုင်မယ်ဆိုရင် နှလုံးရောဂါမဖြစ်နိုင်တော့ပါဘူး။

ကိုယ်အလေးချိန်ထိန်းပါ

        အဝလွန်ခြင်းက နှလုံးရောဂါဖြစ်ဖို့ တာစူနေပါပြီ။ အဝလွန်သော ခန္ဓာကိုယ်အတွက် နှလုံး ပိုမိုအလုပ်လုပ်ရတာကြောင့် နှလုံးသွေးကြောရောဂါများအပြင် သွေးတိုးနှင့် ဆီးချိုရောဂါများပါ ဖြစ်စေတာကြောင့် အဝမလွန်အောင် ထိန်းသိမ်းပါ။

ဆီးချိုရောဂါမတက်ပါစေနဲ့

        ဆီးချိုရောဂါရှိသူတွေက ထိုရောဂါမရှိသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာ သုံးဆမျှပိုပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါ အမှတ်(၂)က နှလုံးရောဂါနှင့်အတူ လေဖြတ်ခြင်းကို ဖြစ်စေပါတယ်။ ဆီးချိုပမာဏ တက်မလာအောင် အချိုလျှော့စားရင်း ကိုယ်အလေးချိန်လျော့ကျနည်း လေ့ကျင့်ခန်းများဖြင့် သက်ရှည်ကျန်းမာအောင် ဆင်ခြင်ရပါမယ်။

စိတ်ဖိစီးမှုနည်းအောင်နေပါ

        စိတ်ဖိစီးမှုများခြင်းက နှလုံးကို ထိခိုက်စေတဲ့အပြင် ကိုလက်စထရောများများပါ မြင့်တက်လာစေပါတယ်။ ဒါ့ပြင် သွေးတိုးစေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ အသက်တိုစေပါတယ်။ စိတ်ဖိစီးမှုကြောင့် ဆေးလိပ်၊ အရက်ဖြင့် လွဲမှားစွာ စိတ်ဖြေခြင်းမျိုး မလုပ်သင့်ပါဘူး။ အလုပ်ထဲမှာ စိတ်ဖိစီးမှုများသူများ ခေတ္တခဏမျှ လမ်းထလျှောက်ပေးခြင်းဖြင့် စိတ်သက်သာမှု ရစေနိုင်ပါတယ်။

ကလေးသောက် Aspirin ဆေးဝါးမှီဝဲပါ

        နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူများအဖို့ ၈၁ ဂရမ် ပမာဏရှိတဲ့ ကလေးသောက် Aspirin ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် နှလုံးသွေးကြောထဲမှာ အနည်ကျပိတ်ဆို့ခြင်းကို မဖြစ်စေတော့ဘဲ နှလုံးရောဂါ (သိသိသာသာ) သက်သာလာစေပါတယ်။ သို့သော် အချို့သူများမှာ Aspirin ဆေးဝါးရဲ့ဘေးထွက်ဆိုးကျိုးများ ရှိနိုင်လို့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပေးပါ။

သွေးမတိုးပါစေနဲ့

        လေ့လာဆန်းစစ်ချက်များအရ သွေးတိုးရောဂါရဲ့ သုံးရာခိုင်နှုန်းလောက်က နှလုံးရောဂါပါ တွဲဖြစ်လာလေ့ရှိပါတယ်။ သွေးမတိုးစေဖို့အတွက် အဓိကအားဖြင့် ဆား (အငန်တွေ) လျှော့စားရမှာဖြစ်ပြီး၊ အိပ်ရေးဝဝ အိပ်ပေးဖို့နှင့် အမျက်ဒေါသ မထွက်စေဖို့လည်း လိုပါတယ်။ သွေးပေါင်ချိန်တိုင်းခြင်းဖြင့် နှလုံးခုန်နှုန်းကိုပါ တစ်ပါတည်း သိရှိနိုင်ပြီး သွေးပေါင်ချိန်မြင့်တက်လာပါက နှလုံးခုန်နှုန်းပါ မြင့်တက်လာလေ့ရှိပါတယ်။ ဒါကြောင့် သင့်နှလုံးကိုကာကွယ်သည့်အနေဖြင့် သွေးပေါင်ချိန်မတက်အောင် ထိန်းသိမ်းပါ။

ဗီတာမင်အားဆေးမှီဝဲပါ

        ဗီတာမင် E နဲ့ ဗီတာမင် B6 တို့က နှလုံးရောဂါကို သက်သာစေသလို၊ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင် B12 တို့ကလည်း ဟိုမုန်းပမာဏကို ပုံမှန်ဖြစ်စေပါတယ်။ အနည်းဆုံး ရက်သတ္တ တစ်ပတ်လျှင် နှစ်ကြိမ်လောက် ငါးသေတ္တာ၊ တူနာငါး၊ ဆယ်လ်မွန်ငါး စသော အဆီများတဲ့ပင်လယ်ငါးတွေ များများစားပေးပါ။

အာဟာရပြည့်ဝတဲ့ အမျှင်ဓာတ်စားပေးပါ

        ပြည့်ဝဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံ၊ အစေ့အဆန်များက နှလုံးအားကောင်းစေပါတယ်။ ထို့ပြင် စိမ်းရောင်ခြယ် ဟင်းသီးဟင်းရွက်များက နှလုံးကျန်းမာလာစေသလို၊ ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံများကလည်း နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ လတ်ဆတ်သောသစ်သီးများ၊ ဘယ်ရီသီးများနှင့် ကြက်သွန်နီတို့မှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါရှိနေပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးပါ

        လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ခြင်းက နှလုံးကြွက်သား သန်မာစေရန်နှင့် နှလုံးကြွက်သားကောင်းစေရန် အထောက်အကူပြုပါတယ်။ လမ်းမြန်မြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ အေရိုးဗစ်၊ ကြိုးခုန် စတဲ့ ပေါ့ပါးလွယ်ကူသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို တစ်နေ့လျှင် မိနစ် ၃ဝ မျှ လုပ်ပေးပါ။

ကျန်းမာရေးနှင့်ညီညွတ်မျှတအောင်စားပါ

        ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများမှာ အဆီဓာတ်နည်းပါးပြီးဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်တို့ များစွာပါဝင်တဲ့အတွက် ကိုယ်အလေးချိန်၊ သွေးတွင်းအဆီနှင့် သွေးပေါင်ချိန် မတက်လာစေရန် ထိန်းသိမ်းပေးပါတယ်။ 

        ဆန်လုံးညိုကဲ့သို့ အရောင်မချွတ်ထားသော ဆန်နှင့် ဂျုံများမှာ အမျှင်ဓာတ်များများပါရှိတဲ့အပြင် လူကို အာဟာရပြည့်စေတာကြောင့် များများစားပေးသင့်ပါတယ်။ ငါးထဲမှာပါတဲ့ အဆီဓာတ်က ကောင်းကျိုးပြုသောသွေးတွင်းအဆီဖြစ်တဲ့ HDL ကို မြင့်မားစေတာကြောင့် ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ငါးစားပါ။ အသားများကိုလည်း အရေခွံဖယ်ပြီး အဆီနည်းသောနေရာမှ အသားကိုသာ ရွေးချယ်စားပါ။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ တိရစ္ဆာန်အဆီများနဲ့ ဆီကြော်မုန့်များကို ရှောင်၍ အော်ဂဲနစ်သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကိုသာ ရွေးချယ်ပါ။ သံလွင်ဆီ၊ အဆီများသောငါးများ၊ အစေ့အဆန်များနှင့် အစေ့မှထုတ်ယူသောဆီတို့တွင် အိုမီဂါ-၃ ဖက်တီးအက်ဆစ်များပါဝင်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဖရုံစေ့၊ အစေ့အဆန်များနှင့် အခွံမာ ရေသတ္တဝါများတွင်ပါဝင်သော ဇင့်ဓာတ်ကလည်း အိုမီဂါ-၃ ကဲ့သို့ပင် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ခြည်မှ တစ်ဆင့်ရရှိသော ဗီတာမင်ဒီဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ အသား၊ ဥများနှင့် ငါးများတွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်သည့် Co-Q10 အာဟာရဓာတ်က နှလုံးသွေးကြောများ ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ဝိုင် သို့မဟုတ် ဘီယာတစ်ခွက် သောက်ပါ

        ဝိုင် ငါးအောင်စ (သို့မဟုတ်) Spirit ၁ ဒသမ ၅ အောင်စ (သို့မဟုတ်) ဘီယာ ၃၃၅ မီလီလီတာကို နေ့စဉ်မှန်မှန် မှီဝဲသောက်သုံးခြင်းက နှလုံးသွေးလည်ပတ်စီးဆင်းမှုကောင်းစေလို့ နှလုံးရောဂါမဖြစ်တော့ပါ။ (အကယ်၍ ထိုပမာဏထက်ပိုကဲစွာ သောက်သုံးခဲ့ရင်တော့ နှလုံးရောဂါသာမက၊ ကင်ဆာရောဂါများပါ ဖြစ်လာစေတာကြောင့် သတိဖြင့် ဆင်ခြင်သောက်သုံးပါ။)

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၇)

No comments:

Popular Posts