ပင်လယ်ပြာ(ငါးဦးစီး)
ရေငန်ပိုင်းနေ အခွံမဲ့ရေနေသတ္တဝါများဖြစ်သော ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ ပုံသဏ္ဌာန်တူသည်ဟု ထင်ရသော်လည်း ကွဲပြားခြားနားပါသည်။ ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ ကျောရိုးမဲ့ရေနေသတ္တဝါများ ဖြစ်ကြပြီး ကင်းမွန်၏ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်မှာ ရှည်မျောမျောရှိပြီး ပြည်ကြီးငါး၏ပုံစံမှာ လုံးဝန်းနေပါသည်။ ထို့ကြောင့် ပြည်ပပို့ကုန်အဖြစ် စျေးကွက်ဝင်သော ကင်းမွန်နှင့် ပြည်ကြီးငါးသည် ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ရရှိစေနိုင်ပါသည်။
ကင်းမွန်နှင့် ပြည်ကြီးငါးမှာ လက်တံရှစ်ချောင်းပါရှိပြီး သူတို့လက်တံများပြတ်သွားပါက အသစ်ပြန်ထွက်သောသဘာဝ ရှိကြပါသည်။ ထူးခြားချက်မှာ နှလုံးသုံးခုပါရှိပြီး မှင်ရည်အိတ်နှစ်အိတ် ပါရှိပါသည်။ ပင်မရည်အိတ်မှာ ခန္ဓာကိုယ်အတွင်းပိုင်းတွင်ပါရှိပြီး အခြားသေးငယ်သည့် မင်ရည်အိတ်မှာ မျက်လုံးနောက်၌ပါရှိပါသည်။ သူတို့၏ မှင်ရည်အိတ်မှာ နက်ပြာရောင်ရှိပြီး ချက်ပြုတ်မစားသောက်မီ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောရပါမည်။ ကင်းမွန်အမမှာ ဥပေါင်း တစ်သိန်းကျော်ထိ ဥနိုင်ကြပါသည်။ ဧပြီ၊ မေလများသည် ကင်းမွန်များ သားပေါက်ရာသီဖြစ်သောကြောင့် ထိုကာလ၌ ကင်းမွန်ဖမ်းခြင်းရပ်ဆိုင်ထားသည်ဟု သိရပါသည်။
စျေးကောင်းပြီး စျေးကွက်ဝင်လှသော ကင်းမွန်နှင့် ပြည်ကြီးငါးများကို တနင်္သာရီ၊ ရခိုင်ကမ်းရိုးတန်းဒေသနှင့် မြိတ်ကျွန်းစုတို့တွင် အများဆုံးတွေ့ရှိရပါသည်။ မွန်ပြည်နယ်တွင် ရေးမြို့နယ်(အစင်)ဘက်မှ ကင်းမွန်မီးထွန်းလှေများမှလည်း ဖမ်းဆီးရမိကြပါသည်။
ကင်းမွန်နှင့် ပြည်ကြီးငါးများကို အငန်နှုန်း ၁၇ ppt အထက်တွင် တွေ့ရပြီး အများအားဖြင့် အငန်နှုန်းမြင့်မားသောအပိုင်းတွင် တွေ့ရတတ်ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တောင်တရုတ်ပင်လယ်၊ ဂျပန်နိုင်ငံအလယ်ပိုင်းတို့တွင် ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ ပျံ့နှံ့လျက်ရှိကြပါသည်။
ကင်းမွန်သဘာဝမှာ အများစုသည် နေ့ဘက်တွင် ပုန်းကွယ်လျက်ရှိကြပြီး ညဘက်တွင် လှုပ်ရှားကာ အစာရှာကြပါသည်။ နေ့ဘက်တွင် အလင်းရောင်နည်းသော ရေနက်ပိုင်းတွင်ရှိနေကြပြီး အများအားဖြင့် ရေနက်ပိုင်းကျယ်ပြန့်သောအလွှာများ၌ တွေ့ရလေ့ရှိကြပါသည်။ တချို့မှာမူ သူတို့၏ အချိန်ကို ညမှောင်မှောင် ကမ်းဦးရေတိမ်များ၌ ကုန်ဆုံးစေသည်လည်း ရှိကြပါသည်။ သတ္တဗေဒသဘောအရ ကင်းမွန်မျိုးစိတ်များသည် ဥပေါက်သည့်ရာသီ၊ ဥပေါက်ဖွားရာ အချိန်အတောအတွင်း ကြီးမားသော အစုအဝေးများဖြစ်ပေါ် တည်ရှိနေတတ်ကြပါသည်။ ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ တစ်နှစ်ပတ်လုံး သားပေါက်လေ့ရှိကြပြီး အများအားဖြင့် အပူချိန်တိုးလာချိန်များ၌ ပိုပြီးသားပေါက်ကြပါသည်။ အသေးဆုံး ကင်းမွန်များသည် တစ်နှစ်အရွယ်တွင် မျိုးအောင်ကြပြီးခန့်မှန်းအားဖြင့် ကင်းမွန်များသည် ထူးခြားစွာ အသက်သုံးနှစ်သာ ရှည်ကြပါသည်။
ကင်းမွန်များကို အများအားဖြင့် လမမြင်မှ ဖမ်းဆီး၍ရကြပြီး လပြည့်ကျော် ၄ ရက်လောက်တွင် ကင်းမွန်လှေများ ထွက်ကြသည်ဟု သိရပါသည်။ ကင်းမွန်များကို ဖမ်းဆီးခြင်းသည် အခြားပင်လယ်ပြင်တွင် ငါး၊ ပုစွန်ဖမ်းသည့်ပုံစံမျိုး မဟုတ်ဘဲ တစ်မူထူးခြားလှပါသည်။
![]() |
ဓာတ်ပုံ - EPA |
ပေ ၅ဝ မှ ပေ ၁ဝဝ အကြား ရှည်လျားသည့် အလင်းရောင်စူးရှသည့် မီးသီးများပါဝင်သည့် လက်တံများသည် ကင်းမွန်ဖမ်းလှေများထဲမှ ဘယ်ညာဆန့်တန်းကာ ထွက်ပေါ်နေကြပါသည်။ ၄င်းတို့မှာ ‘‘ကင်းမွန်မီးထွန်းလှေများ’’ ဖြစ်ကြပါသည်။ ထိုမီးသီးများအောက်သို့ ကင်းမွန်များ စုဝေးရောက်ရှိလာကြသည့် အချိန်တွင် လှေပေါ်မှပိုက်ချကာ ကင်းမွန်များကို ဖမ်းဆီးခြင်းဖြစ်ပါသည်။ ကင်းမွန်နှင့်အတူ မျိုးတူပြည်ကြီးငါးများကိုလည်း ဖမ်းဆီးရမိကြပါသည်။ ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ တစ်နှစ်ပတ်လုံး ဖမ်းဆီးရမိကြပြီး အထူးသဖြင့် ဆောင်းဦးအစမှ နွေဦးပေါက်အထိ ဖမ်းဆီးရမိကြောင်း သိရပါသည်။
ကင်းမွန်နှင့် ပြည်ကြီးငါးများကို မျိုးစိတ်ခွဲရာ၌ အဓိကအားဖြင့် ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်၊ နှာမောင်း၊ လက်တံများ၊ အရိုးနု၊ အရိုးပျော့၊ စုပ်ခွက်၊ ကိုယ်ထည်အလျားနှင့် အရောင်ပုံစံကို အခြေခံပြီး လေ့လာကြခြင်းဖြစ်ပါသည်။ ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ အခွံမဲ့များဖြစ်ကြသောကြောင့် သူတို့၏ သန်မာလှသော လက်တံများ၊ နောက်ဆက်တွဲအဆစ်အပိုင်းများနှင့် ရွေ့လျားသွားလာကြခြင်း ဖြစ်ပါသည်။ သမုဒ္ဒရာရေပြင်တွင် ကင်းမွန်၊ ပြည်ကြီးငါးနှင့် ရေဘဝဲအုပ်စုများ မြောက်မြားစွာရှိကြပြီး နက်ရှိုင်းသောချောက်များမှ ရေတက်၊ ရေကျတွင် ဖြစ်ပေါ်လေ့ရှိသော အိုင်များနှင့် အီကွေတာမှ ဝင်ရိုးစွန်းအထိ ရေပြင်တို့တွင် နေထိုင်ကြပါသည်။
မျိုးပေါင်းစု (phylum)-Mollusca မှ ဆင်းသက်လာသော ကင်းမွန်၊ ပြည်ကြီးငါးနှင့် ရေဘဝဲအုပ်စုဝင်များသည် ရေငန်ပိုင်းနေ အုပ်စုဖွဲ့ရေသတ္တဝါများ ဖြစ်ကြပါသည်။ Cephalopods အုပ်စုဝင်အားလုံးမှာ ဦးခေါင်းပေါ်ရှိ လက်တံများသည် ပါးစပ်ဝန်းကျင်၌ ပုံသေဆွဲထားကြပြီး ချိတ်ကဲ့သို့ ရှည်လျားသော ရေဘဝဲလက်ချောင်းသဏ္ဌာန်စုပ်ခွက်များနှင့် လက်တံများမှာ တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာကြပြီး ရေသတ္တဝါများကို ဖမ်းဆီးရန် သို့မဟုတ် အမကိုဖမ်းရန် သို့မဟုတ် အထီးများ မျိုးစေ့အနည်ကျရန် တည်ရှိကြလေသည်။ Cephalopods အုပ်စုဝင်များမှာ အခြေခံအားဖြင့် ဦးတိုက်သွားရေသတ္တဝါများဖြစ်ကြပြီး သူတို့၏ ဦးခေါင်းပိုင်းတွင် လက်တံများ နေရာယူထားကြပြီး ရောင်ပြေးထလျက် ရှိကြပါသည်။
ကင်းမွန်နှင့် ပြည်ကြီးငါးမှာ အဆီပါဝင်မှုနည်းပါးပြီး အသားဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် လူသားတို့၏ ကျန်းမာရေးအတွက် အထောက်အကူပြုသော ရေနေသတ္တဝါမျိုးများ ဖြစ်ကြပေသည်။
ကင်းမွန်နှင့် ပြည်ကြီးငါးများကို အကြော်၊ အပေါင်း၊ အကင်၊ အချက်၊ အသုပ် စသဖြင့် အသုံးပြုကြပါသည်။ ဟိုတယ်များတွင်လည်း ကင်းမွန်နှင့် ပြည်ကြီးငါးဟင်းလျာများမှာ နာမည်ကြီးလှပါသည်။ ကင်းမွန်နှင့် ပြည်ကြီးငါး ကုန်းဘောင်ကြော်၊ ချိုချဉ်ကြော်၊ ကင်းမွန်/ပြည်ကြီးငါး အကွင်းကြော်၊ ကင်းမွန်/ပြည်ကြီးငါး ကောက်ညှင်း အစာသွပ်၊ ပင်လယ်စာအစာသွပ်၊ ခရုဆီပေါင်း၊ သံပုရာပေါင်းအပြင် ကင်းမွန်/ ပြည်ကြီးငါးချဉ်စပ်သုပ်၊ ရခိုင်သုပ်၊ အချိုသုပ်၊ ယိုးဒယားသုပ်၊ အကင်၊ အထောင်းစသည့် ဟင်းလျာများမှာ နာမည်ကြီးလှပေသည်။
ကင်းမွန်နှင့် ပြည်ကြီးငါးမှာ ထူးခြားသော သဘာဝရှိပြီး ပြည်တွင်းတွင်လည်း စျေးကောင်း၊ ပြည်ပပို့ကုန်အဖြစ်လည်း စျေးကွက်ဝင်ကာလတန်ဖိုးမြင့် ရေနေသတ္တဝါများ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၈)
No comments:
Post a Comment