လယ်တွင်းသားစောချစ်
ကျွန်တော်တို့အိမ်မှာ ကြွက်ပေါများ၍ မိတ်ဆွေတစ်ယောက်က ကြောင်လေးတစ်ကောင်ပေး၏။ ကြောင်မလေး။ ပြာခြောက်ခြောက်အရောင်ပေါ်မှာ အစင်းလေးများပါ၍ မိကျားအမည်ပေးလိုက်သည်။
မိကျားသည် အဆင်းမလှ။ သို့သော် အချင်းရှိသည်။ ကြောင်၏ အချင်းက ကြွက်ခုတ်ကောင်းခြင်း။
အိမ်မှာ သောင်းကျန်းနေသော ကြွက်များ တစ်နေ့တခြားလျော့ပါးသွားသည်။
မိကျားက တစ်ကောင်ပြီးတစ်ကောင် ဖမ်း၍ ကြွပ်ကြွပ်မြည်အောင် ဝါးတော့သည်။ ကြွက်များနည်းသွားသည်နှင့်အမျှ မိကျား၏ ခန္ဓာကိုယ်တစ်နေ့တခြား ကြီးထွားလာသည်။
နောက်တော့ ကျွန်တော်တို့အိမ်တွင် ကြွက်၏ အရိပ်အယောင်ပင် မမြင်ရ။ အနီးဝန်းကျင်အိမ်များမှ ကြွက်များကိုပါ မိကျားက ရှင်းလင်းပေးသည်။ အိမ်နီးချင်းများက မိကျားကို ကျေးဇူးတင်ကြသည်။
ကြွက်များကိုစား၍ ကြီးထွားလာသော မိကျား အိမ်ရောက်ပြီး တစ်နှစ်အကျော်မှာ အပျိုဖော်ဝင်လာပြီ။ ကိုယ့်သမီးမိကျား အပျိုဖြစ်လာသည်ကို ကျွန်တော်မသိ။ ရပ်ကွက်ထဲမှ ကြောင်လူပျိုပေါက်၊ ကြောင်လူပျိုကြီးတို့ သိကြပြီ။ ညအခါ အိမ်ဘေးသို့ လာ၍ ဖိုသံပေးကြ၏။
"အိပ်ပြီလားကွယ့်၊ ဖြူပြာ မူယာသူဇာပျိုရယ်..."
လူက လူသီချင်းဆို၍ ကြောင်က ကြောင်သီချင်းဆိုသည်။
"အွမ်... အွမ်... အွမ်..."
ကျွန်တော်က မိသားစုများ အိပ်ပြီးနောက် တစ်ယောက်တည်း ညဉ့်နက်အောင် စာရေးလေ့ရှိသည်။
ကျွန်တော်စာရေးလျှင် မိကျား ကျွန်တော့် စာရေးစားပွဲပေါ်မှာ လာအိပ်လေ့ရှိသည်။ ကျွန်တော်က မိကျားအိပ်၍ရအောင် စာအုပ်၊ စာရွက်များကို ဘေးတစ်ဖက်မှာ ကပ်ထားပေးရသည်။
ကြောင်များ ဖိုသံပေးသည်ကြားလျှင် ကိုယ့်သမီး မိကျားကို လှမ်းကြည့်အကဲခတ်ရ၏။ မိကျားက ခွေခွေလေး အိပ်နေသည်။ လှုပ်ရုံမျှပင်မရှိ။
"ငါ့သမီး.....တော်လိုက်တာ.."ဟု စိတ်ထဲမှာ ချီးမွမ်းမိသည်။
တစ်ညမှာ ခပ်ကဲကဲကြောင်တစ်ကောင် ကျွန်တော်စာရေးနေသည့် စားပွဲရှေ့ ပြတင်းပေါက်ဘောင်ပေါ်အထိ ခုန်တက်လာသည်။ အိမ်က လှေခါးသုံးထစ်သာရှိ၍ ကြောင်တစ်ကောင်အတွက် တစ်ချက် ထောက်ခုန်လိုက်လျှင် ရောက်နိုင်သောအမြင့် ဖြစ်ပါသည်။
"ဟာ... ဒီကောင် ကဲလိုက်တဲ့ကြောင်"
သူ့ကို ဘယ်လိုရိုက်ချရင် ကောင်းမလဲ။
ကျွန်တော် ဒေါသစိတ်နှင့် စဉ်းစားစဉ်မှာပင် လျင်လိုက်သည့်ကြောင်။ ကျွန်တော့်ကို ပြူးပြူးကြီးကြည့်နေရာမှ ဖျတ်ခနဲ ခုန်ဆင်းသွားသည်။ ကျွန်တော်ဘာမျှ မလုပ်လိုက်ရ။
အိမ်အောက်မှ အသံပေးပြီး ခေါ်နေပြန်သည်။ မကျေနပ်စရာ။
မိကျားကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ မျက်မွှေးထော်မော်၍ပင် မကြည့်။ ငြိမ်လိုက်သည်မှ သူနှင့်ဘာမှမဆိုင်သလို။ ဣန္ဒြေရလိုက်သည့် မိကျား။
"ဒါမှ....ငါ့သမီး"
သဘောကျစိတ်နှင့်ပြောရင်း မိကျားကိုယ်လေးကို အသာပွတ်သပ်ပေးမိသည်။ သို့သော် တကယ်ကတော့ ကျွန်တော်စာရေးပြီး၍ အိပ်ပျော်သွားလျှင် မိကျားထွက်လိုက်သွားသည်ကို ကျွန်တော်မသိ။
ငါ့သမီး လိမ္မာလှဟု ချီးမွမ်းနေသော ကျွန်တော်၊ ကိုယ့်သမီး မဖုံးနိုင်မဖိနိုင်ဖြစ်မှ ရိပ်မိသည်။
"ဖြစ်လာပြီဆိုတော့လည်း မွေးရမှာပေါ့သမီးရယ်....ဘယ်တတ်နိုင်ပါ့မလဲ"
ကျွန်တော်တို့မိသားစု မိကျားမွေးရန် နေရာလေး လုပ်ပေးကြရသည်။ စက္ကူဘူးလွတ်တစ်ခုမှာ စောင်စုတ်တဘက်စုတ်ကလေးများ ထည့်၍ပြင်ဆင်ပြီး-
"မိကျား...ဒီမှာမွေးနော်...."ဟု ပြောရသည်။
မိကျား နားလည်ပါသည်။ ထိုစက္ကူဘူးခွံလေးမှာပင် မွေးပါသည်။ မွေးချိန်က ည (၁၁)နာရီခန့်မို့ ဇနီးနှင့်သားသမီးများ အိပ်နေကြပြီ။ မိကျားက သူမွေးနေကြောင်း အသံပေးသည်ထင်၍ ကျွန်တော် စာရေးရာမှ ထသွားကြည့်သည်။ ဟုတ်ပါသည်။ မိကျားမွေးနေသည်။ ဇနီးနှင့် သားသမီးတို့ကို နှိုးရသည်။ တစ်ညလုံး ကောင်းကောင်းမအိပ်ရတော့ပါ။ ကြောင်လက်သည်၊ ကြောင်စပယ်ရှယ်နာ့စ် လုပ်ကြရသည်။
မိကျားက ကြောင်ထီးလေးနှစ်ကောင် မွေးပါသည်။ ဝဝကစ်ကစ် ချစ်စရာလေးများဖြစ်၏။
မိကျားက မိခင်ကောင်းပီသသည်။ သူ့ကလေးများကို အလွန်ကြင်နာသည်။ ချစ်ခင်စွာ နို့တိုက်ရင်း အချိန်တိုင်းမှာပင် လျှာလေးနှင့် လျက်ပေးနေသည်။ မိသားစုမဟုတ်သော သူစိမ်းလာကြည့်လျှင် သူ့ကလေးများအတွက် စိတ်မချ။ နေရာရွှေ့ရသည်ကလည်း အမော။
သို့သော် ကြောင်ကလေးများ အသက်မရှည်ကြပါ။ သုံးလေးရက်အကြာမှာ ဗိုက်ကလေးများပူ၍ သေ သွားကြသည်။ ပထမတစ်ကောင် နေ့မှာသေ၍ ဝေးဝေးသွားပစ်နိုင်၏။ ဒုတိယတစ်ကောင် ညမှာသေ၍ အိမ်အနီးမှ အုန်းပင်ခြေရင်းမှာ မိကျားမသိအောင် သားက သွားမြှုပ်လိုက်သည်။
မိကျားခမျာ သားနှစ်ကောင်မရှိသောအခါ ဝမ်းနည်းပူဆွေးစွာ အော်မြည်သံပေး၍ ငိုကြွေးတမ်းတနေ သည်။ သူ့ကလေးများကို မွေးခဲ့သော သေတ္တာခွံလေးကို နမ်းလိုက် အော်မြည်လိုက် ဖြစ်နေသည်။ လူနှယ်သူ့ဟန်ဆိုသကဲ့သို့ ဆောက်တည်ရာမရ ခံစားနေရပုံမှာ သနားစရာ။ မိကျားရင်ထဲမှာ ပူပင်လယ် လှိုင်းဘောင်ဝေနေလိမ့်မည်။
တစ်နေ့လုံး အစာကျွေးသော်လည်း အနည်းငယ်မျှမစား။ ကျွန်တော်တို့မိသားစု မိကျားအတွက် စိတ်မကောင်း ဖြစ်ကြရသည်။
ညအချိန်တွင် အသံပေး၍ အိမ်အောက်မှ တက်လာသော မိကျားကို ကြည့်ပြီး ကျွန်တော်တို့အားလုံး အံ့အားသင့်ကြရသည်။
မိကျားပါးစပ်ထဲမှာ ပုပ်စပြုနေသော ကြောင်သေလေးကို ကိုက်ချီလာသည်။ မြှုပ်သည့်နေရာကို အနံ့ခံရှာ၍ ကိုက်ချီလာခြင်းဖြစ်သည်။ ခံစားတတ်လွန်းသော မိကျားကို ကြည့်ပြီး ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရသည်။
သမီးက မိကျားကို ချော့ပြီး ပုစွန်ခြောက်ကျွေးသော်လည်း မိကျားမစား။ သားငယ်ကို ရှေ့မှာချ၍ တညောင်ညောင် အော်နေသည်။ သမီးက မိကျားကို ပွေ့ချီလိုက်သည်။ သားက ကြောင်ကလေးကို ခပ်ဝေးဝေးမှာ သွားမြှုပ်သည်။
ကြောင်ကလေးများ သေဆုံးသည့်အကြောင်းကို တိရစ္ဆာန်ဆေးကုဆရာ၀န်နှင့် မေးကြည့်သောအခါ သန်ရောဂါကြောင့်ဖြစ်ကြောင်း နောက်တစ်ခါ ကြောင်မတွင် ကိုယ်ဝန်ရှိလျှင် သန်ချဆေးတိုက်ရန်နှင့် ကလေးကို တိုက်သည့်နှုန်းအတိုင်း တိုက်လျှင်ရကြောင်း ပြောသည်။
မိကျား ဒုတိယအကြိမ် ကိုယ်ဝန်ရှိသောအခါ ဆရာဝန်ပြောသည့်အတိုင်း သန်ချဆေးတိုက်သည်။
ယခုတစ်ကြိမ်တွင် ကြောင်ကလေး လေးကောင်မွေးသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၉)
No comments:
Post a Comment