မုဒိတာ(တောင်သာ)
လူသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် ရောဂါများစွာရှိသည့်ထဲမှ မျိုးရိုးလိုက်တတ်သောရောဂါတစ်ခုဖြစ်သည့် သွေးတိုးရောဂါလည်းပါဝင်သည်။ ကျွန်မတို့ တိုင်းရင်းဆေးပညာတွင် ဒေသနာဆေးပညာအရ သွေးတိုးရောဂါဖြစ်ပွားရသည့် အကြောင်းတရားလေးပါးမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ ဖြစ်ပါသည်။ ကံကြောင့်ဖြစ်ခြင်းတို့တွင် အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ဟူ၍ နှစ်မျိုးရှိပါသည်။ အတိတ်ကံမကောင်း၊ အကြောင်းမလှ၍လည်းကောင်း၊ ပစ္စုပ္ပန်ကာလတွင် သွားလာနေထိုင်မှုများ မမှန်ကန်ခဲ့လျှင် သွေးတိုးရောဂါ ဖြစ်စေနိုင်ပါသည်။ စိတ်ကြောင့်ဖြစ်ခြင်းတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းကြောင့် သွေးတိုးခြင်းသည် ယာယီသွေးတိုးခြင်းဖြစ်ပါသည်။ မကြာခဏ ထိတ်လန့်မှုများဖြစ်နေပါက သွေးတိုးရောဂါဖြစ်လာနိုင်ပါသည်။ ဥတုကြောင့်ဖြစ်ခြင်းတွင် တစ်ဦးတစ်ယောက်သည် ဥတုအနေအထား နားမလည်ဘဲ ဆန့်ကျင်ဘက်အမှုတို့ကို ပြုလုပ်နေမည်ဆိုပါက သွေးတိုးရောဂါ ဖြစ်စေနိုင်ပါသည်။ အာဟာရကြောင့်ဖြစ်ခြင်းတွင် ငန်သောအစားအစာများ၊ သွေးတက်စေသော ငါးသလောက်၊ မှို၊ ဆူးပုပ် စသော အတက်စာများ၊ ကောက်ညှင်း၊ လက်ဖက် အစရှိသော အာဗန္ဓနဖြစ်စေသောအစာများ၊ ဝက်သား၊ ဘဲသား စသော အဆီအဆိမ့်များသော အစားအစာတို့ကို လွန်ကဲစွာစားသုံးခြင်းကြောင့် သွေးတိုးရောဂါဖြစ်ရခြင်းဖြစ်သည်။
သွေးတိုးစေသောအကြောင်းများ
အမျိုးသားများတွင် အသက် ၄၅ နှင့်အထက်၊ အမျိုးသမီးများတွင် အသက် ၆၅ နှစ်နှင့်အထက် ဆိုလျှင် သွေးတိုးနိုင်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ တက်ကြွသော ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ထိုင်၍အလုပ်လုပ်ချိန်များခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ဆိုဒီယမ်ဆားများ အစားများခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ကျောက်ကပ်ရောဂါဖြစ်နေခြင်း၊ ဆီးချိုရောဂါဖြစ်နေခြင်း၊ ကိုယ်ဝန်ဆောင်နေစဉ် အချိန်များတွင် ဖြစ်ပေါ်တတ်ပါသည်။
![]() |
ဓာတ်ပုံ - express.co |
နောက်ဆက်တွဲရောဂါများ
ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ ပေါက်ခြင်း၊ ပြတ်၍ရုတ်တရက်သေဆုံးခြင်း၊ နှလုံးကြွက်သားများ ထူလာပြီး နှလုံးသွေးကြောမာ၍ နှလုံး၏လုပ်ဆောင်တာများ ထိခိုက်ခြင်း၊ နှလုံးအားနည်းလာခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊ အမြင်အာရုံချို့တဲ့ပြီး မျက်စိကွယ်နိုင်ခြင်း၊ ကျောက်ကပ်ပျက်စီးပြီး ဆီးဆိပ်တက်ခြင်း၊ ခြေလက်တို့တွင် သွေးကြောများပိတ်ဆို့ပြီး သွေးကြောပိတ်ရောဂါကြောင့် ခြေပုပ်၊ လက်ပုပ်ခြင်းတို့ ဖြစ်ပါသည်။
သွေးတိုးရောဂါကို သွေးစမ်းပညာအရ စမ်းသပ်၍လည်း ရပါသည်။ တစ်ကိုယ်လုံးရှိ သွေးလွှတ်ကြောများတွင် သွေးဖိအားများနေခြင်းကို အလွယ်ကူဆုံး ထင်သာမြင်သာရှိသည့်နေရာမှာ လက်ကောက်ဝတ်သွေးလွတ်ကြောပင်ဖြစ်သည်။ သွေးဖိအားသည် မူမှန်မဟုတ်ဘဲ လွန်ကဲနေလျှင် လက်ကောက်ဝတ်သွေးလွှတ်ကြောကို စမ်းသပ်ကြည့်သောအခါ သွေးတိုးပုံသည် ချွန်ထက်နေသည်ကိုလည်းကောင်း၊ မြင့်မောက်၍လည်းကောင်း၊ ရုတ်တရက်ဆောင့်တွန်းနေသကဲ့သို့လည်းကောင်း တိုးနေသည်ကို တွေ့ရသည်။
သွေးတိုးရောဂါနှင့်ပတ်သက်၍ သတိပြုရမည့်အချက်များ
သွေးတိုးသော လူနာအများစုတွင် သွေးတိုးရောဂါသည် ရောဂါလက္ခဏာ အမြဲတမ်းမပြတတ်ပါ။ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးခြင်း၊ အမြင်မကြည်လင်ခြင်း အစရှိသော လက္ခဏာများကို တစ်ခါတစ်ရံပြတတ်ပါသည်။ တစ်ခါတစ်ရံတွင်မှ ရောဂါလက္ခဏာပြသောကြောင့် တစ်ခါတစ်ရံတွင်သာ သွေးတိုးတတ်သည်မဟုတ်ပါ။ သွေးတိုးဟူသည် ရောဂါစဖြစ်ပါက ဆက်တိုက်သွေးတိုးဖို့သာ ရှိပါသည်။ ပြန်ကောင်းသွားစရာ မရှိပါ။ ရောဂါလက္ခဏာပေါ်သည် မပေါ်သည်သာရှိပါသည်။ ထို့ကြောင့် လက္ခဏာပေါ်လျှင်ဆေးသောက်မည်။ မပေါ်လျှင် ဆေးမသောက်ဘဲ နေ၍မရပါ။ မည်သည့်ရောဂါလက္ခဏာမျှ မပြဘဲနှင့် သွေးတိုးရောဂါ ရှိနေနိုင်သည်ကို သတိပြုပါ။
သုံးစွဲနိုင်သော ဆေးဖက်ဝင်ပင်များ
နနွင်းခါး၊ ဘုမ္မာရာဇာ၊ ဆင်တုံးမနွယ်၊ ဒန့်သလွန်ရွက်၊ ကွမ်းရွက်၊ သံပရာသီး၊ မြင်းခွာရွက်၊ ရှောက်ရွက်၊ ကြောင်ပန်းရွက်၊ ရဲယိုပင်နှင့် ထိကရုန်းပင်တို့ ဖြစ်ပါသည်။ ဆောင်ရန်အနေဖြင့် နေ့စဉ် မိနစ် ၃ဝ ခန့်လမ်းလျှောက်ပါ။ အသက်ရှူလေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှုများ မှန်မှန်ပြုလုပ်ပါ။ ကိုယ်အလေးချိန်များလျှင် စနစ်တကျ လျှော့ချပါ။ ဝမ်းမချုပ်အောင် နေထိုင်ပါ။ အပူအအေးမျှတအောင် နေထိုင်ပါ။ အမျှင်ဓာတ်များပါသော ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဟင်းနုနယ်ရွက် အစရှိသော အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ စားပါ။ အရည်ရွှမ်းသော သံပရာသီး၊လိမ္မော်သီးတို့ကို တစ်နေ့တစ်လုံး စားပါ။ အုန်းစိမ်းရည်သောက်ပါ။ ငှက်ပျောသီး၊ ထောပတ်သီး၊ ဒိန်ချဉ်စားသုံးပါ။ ပူခါးစပ်များ စားသုံးပါ။ မြေကြီးပေါ်တွင် ဖိနပ်မပါဘဲ နင်းပေးခြင်းကိုလည်း ပြုလုပ်ပေးနိုင်ပါသည်။ စိတ်ဖိစီးမှုများ လျှော့ချခြင်းသည် သွေးတိုးရောဂါ၏ နောက်ဆက်တွဲ နှလုံးရောဂါကြောင့် သေဆုံးမှုကို ရာခိုင်နှုန်း ၇ဝ နီးပါးလျှော့ချနိုင်သည်ကို သုတေသနပြုလုပ်ထားသော စာတမ်းတစ်စောင်တွင်လည်း ဖတ်ဖူးပါသည်။ ထို့ကြောင့် စိတ်တည်ငြိမ်စေရန် တရားများများ ထိုင်သင့်ပါသည်။
ရှောင်ရန်အနေဖြင့် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အအေးခံခြင်း၊ အေးချိုဆိမ့်ဖန်နှင့်ငန်သောအစားအစာများစားခြင်း၊ အဆီအစိမ့်များသော အစားအစာများ၊ စားအုန်းဆီနှင့် ပြောင်းလဲဆီပါသော ဆီကြော်မုန့်မျိုးစုံတို့ကို ရှောင်ကြဉ်ပါ။ အငန်ဓာတ်များသော အစာများဖြစ်သည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အချိုမှုန့် စသည်တို့ကို ရှောင်ကြဉ်ပါ။ ဆော်ဒါနှင့် ပြုလုပ်သော အီကြာကွေး၊ ပလာတာ၊ ကိတ်မုန့်များ၊ ဆော်ဒါပါသော ဖျော်ရည်အမျိုးမျိုးတို့ကို ရှောင်ကြဉ်ပါ။ တညင်းသီးစသော အတက်စာများ၊ ကလီစာများ၊ မြေတွင်းအောင်းစာအမျိုးမျိုး စားခြင်းမှ ရှောင်ကြဉ်ပါ။ စိတ်သောကများခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဒေါသကြီးခြင်းတို့ကို ရှောင်ပါ။ ဆူညံသောအသံများရှိနေရာအရပ်တွင် နေထိုင်ခြင်းကိုလည်း ရှောင်ကြဉ်ရပါမည်။ လေထုညစ်ညမ်းသည့်နေရာများမှလည်း ရှောင်နေဖို့လိုအပ်ပါသည်။ ဤသို့ဖြင့် လူသားတို့၏ အသက်အန္တရာယ်ဖြစ်သော အသံတိတ်လူသတ်သမား သွေးတိုးရောဂါမှ ကာကွယ်နိုင်ရန် တင်ပြအပ်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၆)
No comments:
Post a Comment