December 1, 2020

သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို စိုက်ပျိုးအသုံးချကြစို့

 ချမ်းသာ(မိတ္ထီလာ)

        မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည့် တောင်သူလယ်သမားများသည် လယ်ယာမြေများအား နှစ်စဉ်ဆက်တိုက်အသုံးချ၍ စိုက်ပျိုးလာခဲ့ကြသည်။ လယ်ယာမြေများကို နှစ်စဉ်ဆက်တိုက် စိုက်ပျိုးလုပ်ကိုင်ကြသည့်အတွက် စိုက်ပျိုးလယ်ယာမြေများ၏ မြေဆီသြဇာတက်အောင် ပြုပြင်ရန်လိုအပ်လာပါသည်။ ထိုသို့ မြေကိုပြုပြင်ရာတွင် သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို စိုက်ပျိုးခြင်းသည် လွယ်ကူရိုးရှင်းပြီး ကုန်ကျစရိတ်လည်းသက်သာကာ ထိရောက်မှုရှိကြောင်း သိရသည်။ 

        ယနေ့ခေတ်အခါတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ တဖြည်းဖြည်း အသွင်ကူးပြောင်းလျက်ရှိရာ မြန်မာနိုင်ငံ၏လယ်ယာလုပ်ငန်းခွင်တွင် ကျွဲ၊ နွားများ အသုံးချမှုနည်းပါးလာ၍ ကျွဲချေး၊ နွားချေးကဲ့သို့ သဘာဝဓာတ်မြေသြဇာရရှိရန်လည်း မလွယ်ကူဘဲ ရှားပါးလာလျက်ရှိသည်။ ထို့ကြောင့် မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာရှိ ဒေသခံတောင်သူဦးဝင်း၏ လယ်ယာမြေများတွင် သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို ပထမဆုံးစမ်းသပ်အသုံးချရန် စိုက်ပျိုးထားရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိပါသည်။ အဆိုပါ သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များကို လာမည့်မိုးရာသီစပါးစိုက်ပျိုးချိန်တွင် သဘာဝမြေသြဇာအဖြစ် အသုံးချသွားမည်ဖြစ်သည်။ ဒေသခံတောင်သူဦးဝင်း၏ သဘာဝသစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးသည့်လုပ်ငန်းအား အဓိကနေရာမှ အနီးကပ်ပံ့ပိုးကူညီဆောင်ရွက်ခဲ့သည့် မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့် တွေ့ဆုံ၍ သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)အကြောင်း သိရှိလိုသည်များကို မေးမြန်းခဲ့သည်များထဲမှ တချို့ကို ရေးသားတင်ပြလိုက်ပါသည်။

ဓာတ်ပုံ - ချမ်းသာ(မိတ္ထီလာ)

မေး။    ဇောင်ချမ်းကုန်းကျေးရွာမှာရှိတဲ့ တောင်သူဦးဝင်းရဲ့ လယ်ယာမြေမှာ သဘာဝသစ်စိမ်းမြေသြဇာ(ပိုက် ဆံလျှော်) စတင်စိုက်ပျိုးဖို့ ပံ့ပိုးကူညီဆောင်ရွက်ခဲ့တဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

ဖြေ။    တောင်သူဦးဝင်းရဲ့ လယ်ယာမြေမှာ သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ၁ဝ ဧက ပထမဆုံး စတင်စိုက်ပျိုးအသုံးချပြီး အခြားတောင်သူတွေလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိ စိုက်ပျိုးသုံးစွဲနိုင်ရေးအတွက် တောင်သူပညာပေးလုပ်ငန်းအနေနဲ့ ပံ့ပိုးကူညီဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မေး။    သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးအသုံးချခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေလည်း သိပါရစေဗျာ။

ဖြေ။    တောင်သူလယ်သမားတွေအနေနဲ့ သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းတွေ နှစ်စဉ် လုပ်ကိုင်လာခဲ့တာကြောင့် စိုက်ပျိုးတဲ့လယ်ယာမြေတွေမှာ မြေဆီလွှာတွေမှာ အနည်းလိုအာဟာရဓာတ်တွေ လျော့နည်းလာပါတယ်။ အနည်းလိုအာဟာရဓာတ်တွေ လျော့နည်းလာတာကို သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးအသုံးချခြင်းနဲ့ မြေဆီလွှာဖြည့်စွက်ပြုပြင်နိုင်ပြီး စိုက်ပျိုးတဲ့သီးနှံတွေလည်း အထွက်နှုန်းတိုးလာနိုင်ပါတယ်။တောင်သူလယ်သမားတွေအနေနဲ့ အရင်တုန်းက သဘာဝမြေသြဇာအတွက် ကျွဲချေး၊ နွားချေးတွေကို အသုံးပြုလာခဲ့တာဖြစ်ပြီး ယနေ့ခေတ် လက်မှုလယ်ယာကနေ စက်မှုလယ်ယာစနစ်ကို ကူးပြောင်းလာချိန် ကျွဲ၊ နွားအသုံးပြုစိုက်ပျိုးခြင်းလည်း နည်းပါးလာတာကြောင့် ကျွဲချေး၊ နွားချေးရရှိနိုင်ခြင်းလည်း ရှားပါးလာတယ်။ အဲဒီ ရှားပါးလာတဲ့ ကျွဲချေး၊ နွားချေး သဘာဝမြေသြဇာအစား ဒီသဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို အစားထိုး စိုက်ပျိုးအသုံးချနိုင်ပါတယ်။

မေး။    သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) တစ်ဧကအတွက် စိုက်ပျိုးကုန်ကျမှုနဲ့ ထွက်ရှိမှုအခြေအနေကို ပြောပြပေးပါဗျာ။

ဖြေ။    သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) တစ်ဧကကို မျိုးစေ့တစ်ပြည် လေးထောင်ကျပ်နှုန်းနဲ့ မျိုးစေ့သုံးပြည် အသုံးပြုရပါတယ်။ ပြန်ပြီးထွက်တဲ့အခါမှာ တစ်ဧကကို ပိဿာ ၃၄၀၀ ရရှိပြီး သဘာဝမြေသြဇာ ငါးတန်ကျော်ရရှိမှာ ဖြစ်ပါတယ်။

မေး။    သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးတဲ့နည်းစနစ်ကိုလည်း မျှဝေပေးပါဦးခင်ဗျ။

ဖြေ။    သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို စိုက်ပျိုးမယ်ဆိုရင် စပါးရိတ်ပြီး ကျန်နေတဲ့ အစိုဓာတ်လေးနဲ့ ထယ်ရေးလုပ်ရပါတယ်။ ထယ်ရေးလုပ်ပြီးတဲ့ မြေပေါ်မှာ ခြောက်နာရီခန့် ရေစိမ်ထားပြီးဖြစ်တဲ့မျိုးစေ့ကို ပက်ကြဲစိုက်ပျိုးရင် လွယ်လွယ်ကူကူပဲ အပင်ပေါက်ရှင်သန်နိုင်ပါတယ်။ အပင်ပေါက်ရှင်သန်ပြီး ၄၅ ရက်သားအရွယ် ပန်းဖြိုင်ဖြိုင်ပွင့်တဲ့အချိန်မှာ ထယ်မှောက်ပြီး မြေကြီးထဲမြှုပ်ထားလိုက်ရင် နောက်သီးနှံစိုက်ပျိုးဖို့အတွက် အနည်းလိုအာဟာရဓာတ်တွေရရှိပြီး သီးနှံတွေကို အထွက်နှုန်းတိုးစေမှာ ဖြစ်ပါတယ်။ နောက်သီးနှံကို သဘာဝသစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်မှောက်မြေမြှုပ်ပြီးတာနဲ့ ချက်ချင်းစိုက်ပျိုးလိုတယ်ဆိုလည်း ရေသွင်းပြီး ချက်ချင်းစိုက်ပျိုးလို့ရပါတယ်။

မေး။    သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ရဲ့ အစွမ်းသတ္တိတွေကိုလည်း ပြောပေးပါဦးဗျာ။

ဖြေ။    သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ရဲ့ အစွမ်းသတ္တိတွေကတော့မြေဆီလွှာကောင်းမွန်လာရေး ပြုပြင်ပြောင်းလဲပေးနိုင်ခြင်း၊ စရိတ်ကုန်ကျမှု သက်သာစေခြင်း၊ မြေဆီလွှာအစိုဓာတ်ကို ကြာရှည်စွာ ထိန်းသိမ်းပေးနိုင်ခြင်း၊ သီးနှံပင်က အလွယ်တကူစားသုံးနိုင်ခြင်း၊ ဓာတုဆေးလွတ်သီးနှံများ စိုက်ပျိုးနိုင်ခြင်း၊ အလွယ်တကူစိုက်ပျိုး အသုံးချနိုင်ခြင်းစတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။

မေး‌။    သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးအသုံးချမယ့် တောင်သူလယ်သမားတွေကို စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဘယ်လိုကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါသလဲဗျာ။ စိုက်ပျိုးမယ့် တောင်သူတွေကိုလည်း တိုက်တွန်းပြောကြားလိုတာများရှိရင် ပြောပေးပါဗျာ။

ဖြေ။    တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးအသုံးချမယ်ဆိုရင် ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မျိုးစေ့တွေ ရေရရှိအောင် ဝယ်ယူချိတ်ဆက်ဖြန့်ဖြူးပေးမယ်။ စိုက်တဲ့အခါမှာလည်း စိုက်နည်းစနစ်တွေကို ကွင်းဆင်းစိုက်ပျိုးပြသဆောင်ရွက်ပေးခြင်းနဲ့ သုံးစွဲရမယ့်အချိန်ကာလမှာဆိုရင်လည်း ဘယ်လိုနည်းလမ်းတွေနဲ့ သုံးစွဲရမယ်ဆိုတာကိုလည်း တောင်သူလယ်ကွက်အရောက် ကွင်းဆင်းကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးအသုံးချမယ့် တောင်သူတွေကို တိုက်တွန်းပြောကြားချင်တာကတော့ သီးနှံလည်းအထွက်တိုးမြေဆီလွှာလည်း ကောင်းမွန်စေနိုင်တဲ့ ကုန်ကျစရိတ်သက်သာစေမယ့် သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို စိုက်ပျိုးအသုံးချကြစို့ပါဗျာ။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၈)

No comments:

Popular Posts