November 30, 2020

ခရုသင်းနှင့် လူမှုအခွင့်အရေး ဆုံးရှုံးရခြင်း

ဒေါက်တာနိုက်တင်ဂေးလ်

        ခရုသင်းရောဂါစွဲကပ်နေတဲ့ ရောဂါသည်များကို ပိုမိုကာကွယ်စောင့်ရှောက်ပေးကြပါလို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် မဟာမင်းကြီးနေဗီပီလေးက တိုက်တွန်းလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက၂၀၁၉ ခုနှစ် မေလ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ တန်ဇန်းနီးယားနိုင်ငံမှာ ခရုသင်ရောဂါခံစားနေရသူ အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် ပီလေးက ဒီလိုတိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။

        တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာနေထိုင်သူ အသက် ၄ဝ အရွယ် အမျိုးသမီးတစ်ဦးဟာ မေလ ၁၂ ရက်က ခြေလက်များ ဖြတ်တောက်ခံရပြီး သေလုမျောပါးဖြစ်နေတာကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ခရုသင်းရောဂါစွဲကပ်ရခြင်းဟာ ပြုစားခံရမှုကြောင့် ဖြစ်တယ်လို့ ယူဆမှားတာကြောင့် ခရုသင်းရောဂါသည် အမျိုးသမီးရဲ့ ခြေလက်တို့ကို ဖြတ်တောက်လို့ ယဇ်ပူဇော်ဖို့ လိုအပ်တယ်ဆိုပြီး အဲဒီအမျိုးသမီးကို ဝိုင်းဝန်းနှိပ်စက်ခဲ့ကြရာက လက်လွန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တန်ဇန်းနီးယားနိုင်ငံမှာ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း ခရုသင်ရောဂါသည် ၇၃ ဦးထက်မနည်း အသတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က ပြောကြားခဲ့ပါတယ်။

        တန်ဇန်းနီးယားနိုင်ငံနဲ့ တခြားသောနိုင်ငံများမှာ ခရုသင်ရောဂါခံစားနေရသူများအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေပုံကို အဲဒီဖြစ်ရပ်က ဖော်ညွှန်းနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ခရုသင်းရောဂါသည်များ တိုက်ခိုက်ခံရခြင်း၊ ဒါမှမဟုတ် ကြောက်ခမန်းလိလိ ခွဲခြားဆက်ဆံခံရခြင်းနဲ့ ရင်ဆိုင်နေရရတဲ့အပြင် စိတ်ဒဏ်ရာရရှိခြင်းနဲ့ လူ့အဖွဲ့အစည်းမှ အကြဉ်ခံရခြင်းတို့ကိုပါ တွေ့ကြုံနေရကြောင်းလည်း အဲဒီကြေညာချက်မှာ ပါရှိပါသေးသည်။

        ယနေ့ သိပ္ပံပညာ၊ နည်းပညာများ တိုးတက်ထွန်းကာလာတာနဲ့အမျှ ယနေ့ပညာခေတ်ကြီးမှာ ကျန်းမာရေးကို အလေးထားလာကြသလို အလှအပတရားကိုလည်း အလွန်အမင်း ဦးစားပေးလာကြပါတယ်။ တကယ်တော့ ကျန်းမာခြင်းနဲ့ ပြည့်စုံသူတစ်ယောက်မှာ အလှအပတရားလည်း ပြည့်ဝေနမှာပါ။ အမှန်စင်စစ် အလှအပတရားဟာလည်း ကျန်းမာခြင်းနဲ့ ပြည့်စုံသူမှာသာ ရှိနေတာပါ။

        ကျန်းမာခြင်းဆိုတာ အနာရောဂါ၊ ဒါမှမဟုတ် မသန်မစွမ်းပြစ်မှုကင်းပရုံမျှမက ကာယသုခ၊ စတ္တိသုခ၊ လူမှုရေးသုခနဲ့ တစ်လုံးတစ်ဝ ပြည့်စုံခြင်းကို ဆိုလိုပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အဓိပ္ပါယ်သတ်မှတ်ထားပါတယ်။ တချို့ ခန္ဓာကိုယ် အလှတရားကိုသာ အဓိကထားနေကြပေမယ့် စိတ်ထားမလှပလို့ စိတ်နာမကျန်းဖြစ်နေရသူတွေ ရှိနေသလို တချို့အမူအကျင့် မလှပကြဘဲ အရုပ်ဆိုးအကျည်းတန်ကြလို့ ကျန်းမာရေးကို ထိခိုက်ယိုယွင်းစေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ရတတ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးမှာ ခန္ဓာတစ်ကိုယ်လုံး၊ ခန္ဓာကိုယ်ပြင်ပဧရိယာ အတော်များများကို ဖုံးအုပ်ကာကွယ် နေရာယူထားတဲ့ အရေပြားကျန်းမာရေးဟာလည်း အလေးထားစရာပါပဲ။ အရေပြားကျန်းမာရေးအတွက် အရေးကြီးတဲ့ ပြဿနာတစ်ခုအဖြစ် ကြုံတွေ့ရင်ဆိုင်နေရတဲ့ ခရုသင်းစွဲခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်များနဲ့ သတိထားသင့်တာလေးတွေကို ပြောပြချင်မိပါတယ်။

ဓာတ်ပုံ - healthlynked

        ခရုသင်းစွဲရင် လူမှုရေးပြဿနာတွေ အကြီးအကျယ် တွေ့ကြုံခံစားရတတ်ပါတယ်။ ဥပမာအားဖြင့် အိမ်ထောင်ဖက်ရှာရခက်တာမျိုး၊ အလုပ်ရှာလို့ မလွယ်တာမျိုးပေါ့။ ခရုသင်းဟာ အမျိုးသားရော၊ အမျိုးသမီးမှာပါ ဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အသက် ၁ဝ နှစ်နဲ့ ၃ဝ နှစ်ကြားမှာ ဖြစ်လေ့ရှိပါတယ်။ တချို့ ရှားရှားပါးပါး အသက်အရွယ်ကြီးမှဖြစ်တာလည်း တွေ့ရဖူးပါတယ်။ လူမျိုးဘာသာမရှေးဖြစ်တတ်တယ်ဆိုပေမဲ့ အသားညိုတဲ့ လူမျိုးမှာ ပိုပြီးပြဿနာတက်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့မူလအသားအရောင်နဲ့ ဒီခရုသင်းကြောင့် ဖြစ်လာတဲ့ အဖြူကွက်က သိသာကွာခြားတာမို့ ဖုံးရဖိရ မလွယ်ဘူးပေါ့။ ခရုသင်းဟာ မျိုးရိုးတတ်ပါသလားဆိုရင် မျိုးရိုးလိုက်တတ်တယ်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရုသင်းဝေဒနာရှင် ၃ဝ ရာခိုင်နှုန်းလောက်မှာ သူတို့မျိုးရိုးထဲက တစ်ဦးဦးမှာ ခရုသင်းရှိတယ်လို့ သုတေသနမှတ်တမ်းများအ‌ရ သိရှိရပါတယ်။

        နောက်တစ်ခုက ခရုသင်းကို အမြွှာမောင်နှမတွေမှာ နှစ်ယောက်စလုံးတွေ့ရတတ်လို့ပါပဲ။ ဒါပေမဲ့ မိဘမှာ ခရုသင်းရှိလို့ သားသမီးမှာ ခရုသင်းစွဲမယ်ဆိုပြီး တစ်ထစ်ချမှတ်ယူလို့တော့ မရပါဘူး။ ဖြစ်နိုင်ခြေက ၁ဝ ရာခိုင်နှုန်းထက် နည်းပါတယ်။ ခရုသင်းဟာ စိတ်ဖိစီးမှုများတဲ့အခါ၊ စိတ်သောကဗျာပါဒများတဲ့အခါတွေမှာ အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်။ ဥပမာ- ကိုယ်သိပ်ချစ်တဲ့ ဆွေမျိုးသားချင်း၊ မိတ်ဆွေတစ်ယောက်ယောက် ကွယ်လွန်သွားတဲ့အခါမျိုးပေါ့။ ပြီးတော့ ဖြစ်နိုင်တာနောက်တစ်ခုက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မိတာမျိုးပါ။ ထိခိုက်မိတဲ့နေရာ နှစ်လ၊ သုံးလလောက်ကြာတော့ ခရုသင်းပေါ်လာတတ်တာမျိုးတွေ ရှိပါတယ်။ နေရောင်ပြင်းပြင်း ထိမိတာများရင်လည်း နေလောင်ပြီး ခရုသင်းဖြစ်တာမျိုးတွေရှိပါတယ်။ ငယ်ငယ်ရွယ်ရွယ် ဆံပင်ဖြူရင်လည်း ဥပမာအားဖြင့် အသက် ၃၅ နှစ်အရွယ်မှာ ဆံပင်ဖြူတာမျိုးပေါ့။ အဲလိုမျိုး အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူသူများမှာ ခရုသင်းဖြစ်နိုင်ခြေရှိတယ်လို့လည်း ဆေးသုတေသန မှတ်တမ်းများကဆိုထားပါတယ်။

        ခရုသင်းစွဲနေတဲ့လူတွေ လူအများကြားထဲသွားလာတဲ့အခါ တချို့က ရောဂါကူးစက်မှာ ကြောက်ရွံ့ပြီး ရှောင်ဖယ်တတ်ကြပါတယ်။ အမှန်က ခရုသင်းရောဂါဟာ ရောဂါပိုးကြောင့်ဖြစ်တာ မဟုတ်တဲ့အတွက် လူတစ်ယောက်ကနေ တစ်ယောက်ကို လုံးဝမကူးစက်တတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ခရုသင်းဟာ မျက်နှာမှာတင်မကဘဲ နေရာမရွေးဖြစ်နိုင်တယ်ဆိုပေမယ့် အတွေ့ရများတဲ့နေရာတွေကတော့ ဦးခေါင်း၊ မျက်လုံးပတ်လည်၊ ရင်ဘတ်အပေါ်ပိုင်း၊ ချိုင်း၊ လက်ကောက်ဝတ်၊ လက်ဖျံ၊ ဒူး၊ ခြေချင်းဝတ်၊ လိင်အင်္ဂါများနဲ့ လက်ဖျား၊ ခြေဖျားတွေမှာဖြစ်ပါတယ်။ တချို့ကျတော့လည်း ထိပ်ဖျားလေးတွေမှာ ကွက်ပြီး ဖြစ်တတ်ပါတယ်။ Lip-tip Pattern လို့ ခေါ်ပါတယ်။ နှုတ်ခမ်းတို့၊ နို့သီးထိပ်၊ လက်ချောင်းထိပ်၊ ခြေချောင်းထိပ်နဲ့ အမျိုးသားလိင်အင်္ဂါထိပ်တို့မှာ ဖြစ်တတ်တာမျိုးပါ။ တချို့ ရှားရှားပါးပါး တစ်ကိုယ်လုံးနီးပါး ဖြူသွားတာမျိုးလည်း ရှိပါတယ်။

        ခရုသင်းဟာ အစားအသောက်နဲ့မပတ်သက်ပါဘူး။ ဒါကြောင့်မို့ အစားရှောင်ဖို့ မလိုအပ်သလို အထူးဓာတ်စာတွေပေးဖို့လည်း မလိုအပ်ပါဘူး။ ပုံမှန်အတိုင်း စားနိုင်ပါတယ်။ ခရုသင်းကို ကုသလို့ရပါသလားလို့ မေးလာမယ်ဆိုရင်တော့ ကုသလို့ရတယ်လို့လည်း ပြောနိုင်သလို၊ မရဘူးလို့လည်း ပြောလို့ရပါတယ်။ အဓိကကတော့ ခရုသင်းကွက်တွေရဲ့နေရာနဲ့ အမျိုးအစားကိုလိုက်ပြီး ကုလို့ရတယ်၊ မရဘူး ဆိုတာ ဆုံးဖြတ်ကြပါတယ်။ ဥပမာအားဖြင့် တစ်ကိုယ်လုံးနီးပါး ပျံ့နှံ့နေတာမျိုး၊ Lip-tip လို့ ခေါ်တဲ့ လက်ချောင်းထိပ်၊ ခြေချောင်းထိပ်၊ နှုတ်ခမ်းထိပ်တို့မှာဖြစ်တဲ့ အမျိုးအစားတွေက ကုသလို့မလွယ်ပါဘူး။ ခရုသင်းကုထုံးတွေက အမျိုးမျိုးရှိပါတယ်။

        အလွန်ကုရခက်တဲ့ အမျိုးအစားတွေကလွဲရင် တချို့အမျိုးအစားတွေက ကုသလို့ရတန်သလောက်ရနေပါပြီ။ ခရုသင်းကွက်တွေက သိပ်မများဘူးဆိုရင် တစ်နည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ဧရိယာ ၂ဝ ရာခိုင်နှုန်းထက် မကျော်လွန်ဘူးဆိုရင် အဲဒီခရုသင်းကွက်ပေါ်မှာ မီသိုဆာစလင်လို့ခေါ်တဲ့ လိမ်းဆေးတစ်မျိုးကို လိမ်းပေးပြီး UVA လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ပြပေးရပါမယ်။ ခရုသင်းကွက်တွေဟာ ခန္ဓာကိုယ်ရဲ့ လေးပုံတစ်ပုံလောက်များနေမယ်ဆိုရင် ဆိုရာလင်လို့ခေါ်တဲ့ သောက်ဆေးကိုသောက်ပြီး ခုနကလိုပဲ နေရောင်ခြည်ပြပေးရပါတယ်။ ဒီဆေးတွေဟာ မသုံးတတ်ရင် နေရောင်ခြည်နဲ့တွေ့တဲ့အခါ တစ်ခါတစ်ရံမှာ အရေပြားလောင်တတ်ပါတယ်။ ဒီဆေးကလည်း ရေရှည်သုံးရင် အန္တရာယ်များတာမို့ ဆရာဝန်ရဲ့ ညွန်ကြားချက်မပါဘဲ မသုံးစွဲသင့်ပါဘူး။ အခုနောက်ပိုင်း ခေတ်ပေါ်ကုထုံးတွေလည်း ပေါ်လာပါတယ်။ အော်တိုဂရမ်ဖ်လို့ခေါ်တဲ့ ကာယကံရှင် လူနာရဲ့အသားကို ပြန်အသုံးပြုတဲ့နည်းပါ။ ဥပမာ- လူမြင်တဲ့နေရာ၊ လက်ဖျံမှာရှိတဲ့ ခရုသင်းကွက်မှာ လူမမြင်ရတဲ့နေရာ ပေါင်က အရေပြားအပေါ်လွှာကို အစားထိုးလိုက်တာမျိုး ဖြစ်ပါတယ်။

        နောက်တစ်ခုက Narrow Band UVB လို့ခေါ်တဲ့ ရောင်ခြည်ပြပေးတဲ့ ကုထုံးပါ။ ဒီကုထုံးက ကလေးတွေအတွက် ပိုကောင်းတယ်လို့ဆိုပါတယ်။ နောက်တစ်နည်းကတော့ တက်ခရိုလိုင်းမ်ပစ်ဆိုတဲ့ ဆေးလိမ်းတာပါပဲ။ သူက စတီးရွိုက်အပြင်းစားလိမ်းဆေးနဲ့ အာနိသင်ချင်း မတိမ်းမယိမ်းဆိုပေမယ့် သူ့ရဲ့အားသာချက်က ရေရှည်လိမ်းလို့ရတာပါပဲ။ တချို့ တစ်ကိုယ်လုံးပျံ့နေတဲ့ ခရုသင်းမှာ နေရာကွက်ပြီး နည်းနည်းကျန်နေတဲ့ ပင်ကိုအသားအရောင်ကို လေဆာရောင်ခြည်သုံးပြီး ဖျက်ပစ်တာမျိုးလည်း ရှိပါတယ်။

        ခရုသင်းစွဲနေတဲ့လူတွေဟာ အထူးသဖြင့် နေရောင်ခြည်ထိနိုင်တဲ့နေရာမှာ ခရုသင်းကွက်တွေရှိနေရင် ခရုသင်းကွက်တွေက မယ်လနင်လုံးဝမရှိတော့တဲ့အတွက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို မကာကွယ်နိုင်တော့တာမို့ နေရောင်ခြည်ကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မဖြစ်မနေ နေပူထဲထွက်ရမယ်ဆိုရင်တောင် အဲဒီအကွက်တွေမှာ နေရောင်ခြည်ဒဏ်ခံနိုင်အားရှိတဲ့ ဆေးတွေ၊ ကရင်မ်တွေ လိမ်းပေးသင့်ပါတယ်။ SPF 30 အဆင့်လောက် လိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မထိခိုက်မိအောင် ဂရုတစိုက်နေထိုင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခန့်မသင့်ရင် ထိခိုက်မိတဲ့နေရာမှာ ခရုသင်းအကွက်တွေ ထပ်တိုးလာတတ်လို့ပါပဲ။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၄)

No comments:

Popular Posts