စံလွင်(ငါးဦးစီး)
သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနှင့် ဆင်ခြေထောက်ရောဂါများသည် ခြင်ကြောင့်ဖြစ်ပွားသော ကြောက်မက်ဖွယ်ရာ ရောဂါများဖြစ်ပါ၏။ ကမ္ဘာပေါ်၌ ခြင်မျိုးစိတ်ပေါင်း ၃၅ဝဝ ခန့်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံရှိ ခြင်အမျိုးအစားများ၌ ခြင်ပုန်း၊ ခြင်ကျားနှင့် ငှက်ဖျားခြင်ဟူ၍ အရပ်အခေါ်အဝေါ်အားဖြင့် ရှိကြသည့်အနက် သွေးလွန်တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးများ သယ်ဆောင်သော ခြင်သည် ခြင်ကျားဖြစ်ပါသည်။ ထိုနည်းတူ ငှက်ဖျားရောဂါဖြစ်ပွားစေသောခြင်မှာ အနော်ဖိလိခြင်မျိုးစိတ်ဖြစ်ကြောင်းကို မိမိတို့အထက်တန်းကျောင်းသားဘဝတွင် ဇီဝဗေဒဘာသာရပ်၌ သင်ကြားခဲ့ဖူးသည်။
ဆိုးရွားသည့် သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါသည် အသက် ၁၅ နှစ်အောက်ကလေးများတွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး မြန်မာနိုင်ငံ၌ အသက် ငါးနှစ်မှ ကိုးနှစ်အရွယ်ကလေးများ၌ အဖြစ်များသည်ဟု ဆိုပါသည်။ ထို့ပြင် ကလေးငယ်များတွင်သာမက လူကြီးများ၌လည်း ဖြစ်ပွားနိုင်ကြောင်း သိရ၏။ သွေးလွန်တုပ်ကွေးရောဂါသည် တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီ၌ အများဆုံးဖြစ်ပွားသည်။ ဆိုးရွားသည့်အချက်မှာ သွေးလွန်တုပ်ကွေးရောဂါကို ကုသပျောက်ကင်းနိုင်သည့် ဆေးဝါးမရှိသေးကြောင်းနှင့် ကာကွယ်ဆေးကိုမူ သုတေသနပြုလုပ်ဆဲအဆင့်၌သာ ရှိသေးကြောင်း သိရှိရခြင်းပင်။
သွေးလွန်တုပ်ကွေးကာကွယ်ရေး
အဆိုပါဆိုးရွားသည့် သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နှိမ်နင်းရန်အတွက် ပြည်သူလူထုအပိုင်းက ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းလေးရပ်အား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးထားပါသည်။ ယင်းတို့မှာ -
- မိမိတို့အိမ်တွင်းအိမ်ပြင်ရှိ ရေထည့်ထားသည့်အရာမှန်သမျှ ဖုံး၊ သွန်၊ လဲ၊ စစ်ဆိုသော ပညာပေးဆောင်ပုဒ်အတိုင်း အဖုံးဖုံးထားခြင်း၊ ရေသွန် ရေလဲ ရေစစ်ခြင်းတို့ကို ဆောင်ရွက်ခြင်း၊
- ခြင်များ ခိုအောင်းနေနိုင်သည့် မိမိနေအိမ်ပြင်ပရှိ စွန့်ပစ်ပစ္စည်းများ ရှင်းလင်းခြင်း၊
- အိပ်စက်ရာ၌ ခြင်ထောင်ဖြင့်အိပ်စက်ခြင်း၊ ခြင်ကိုက်ခြင်းမှ ကာကွယ်ရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ခြင်း၊
- ရေလှယ်ရန်ခက်ခဲသည့် အုတ်ကန်၊ ရေစည်၊ ရေကန်များ၌ ခြင်လောက်လန်းသတ်ဆေးခတ်ခြင်း၊ ခြင်လောက်လန်းများကို စားသုံးသည့်ငါးများထည့်သွင်းခြင်းတို့ ဖြစ်ပါသည်။
ခြင်အမျိုးအစားမျိုးစုံတို့သည် ရေရှိသောနေရာများ၌ ဥချပေါက်ဖွားတတ်ကြရာ ရေမြောင်းရေကန်စသည့် ရေထုထည်များ၌ ပေါက်ဖွားသည့် ခြင်သားလောင်း(ပိုးလောက်လန်း)များကို အစာသဖွယ် မက်မက်မောမောစားတတ်သည့် အလှမွေးဒေါင်းငါးများကို ထည့်သွင်းပေးခြင်းဖြင့် ခြင်အန္တရာယ်ကို တစိတ်တပိုင်းအားဖြင့် ကာကွယ်ရာရောက်ပါသည်။
မြန်မာအခေါ် ဒေါင်းငါး၏ သိပ္ပံအမည်မှာ Poecila Reticulata ဖြစ်ပြီး မူရင်းဒေသမှာ ဘရာဇီး၊ ဗင်နီဇွဲလား၊ နယ်သာလန်နှင့် ဂျမေကာတို့ဖြစ်သည်။ ခြင်သားလောင်း(ပိုးလောက်လန်း) များကို စားသုံးသည့် အလေ့အထကြောင့် ခြင်နှိမ်နင်းရန်နှင့် ငှက်ဖျားရောဂါကာကွယ်ရန်အတွက် အရပ်ရပ်သို့ သယ်ယူကြရာမှ ကမ္ဘာအနှံ့အပြားသို့ ဒေါင်းငါးများ ရောက်ရှိပျံ့နှံ့သွားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသို့လည်း ကိုလိုနီခေတ်အတွင်း ငှက်ဖျားရောဂါကာကွယ်ရေးအတွက် အင်္ဂလိပ်တို့ သယ်ဆောင်လာရာမှတစ်ဆင့် ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရ၏။ ယင်းငါးမျိုးစိတ်တွင် ငါးအထီး၏အမြီးသည် ဒေါင်းမြီးသဖွယ်အရောင်စုံ၍ လှပသည့်အတွက် ဒေါင်းငါးဟူ၍ မြန်မာအမည်ပေးလိုက်ခြင်း ဖြစ်ဟန်တူသည်။ ထိုအလှမွေးဒေါင်းငါးလေးများသည် ရေချိုငါးမျိုးဖြစ်သော်လည်း ဆားငန်နှုန်းက အတော်အတန်ခံနိုင်ရည်ရှိ၍ ရေငန်အတက်အကျရှိသော မြစ်ဝကျွန်းပေါ်ဒေသတို့၌လည်း ရှင်သန်နိုင်ပါသည်။
![]() |
ဓာတ်ပုံ - ltmcdn |
ဒေါင်းငါးလေးများတွင် အထီးသည် တစ်လခွဲ(ခြောက်ပတ်) သား၌ အရွယ်ရောက်ပြီး အမသည် သုံးလ(၁၂ ပတ်)သား၌ အရွယ်ရောက်ကာ သားပေါက်နိုင်သည်။ ဒေါင်းငါးလေးများသည် ဥဥလေ့မရှိဘဲ အကောင်လိုက်မွေးသော ငါးမျိုးဖြစ်သည်။ ဒေါင်းငါးအမသည် သန္ဓေဆောင်ကေ ၂၂ ရက်မှ ၂၆ ရက်ရှိပြီး တစ်ကြိမ်လျှင် ပျမ်းမျှအကောင်ရေ ၃ဝ မှ ၆ဝ အထိမွေးပြီး အများဆုံး ကောင်ရေ ၁ဝဝ အထိ သားပေါက်နိုင်သည်။ ငါးအမသည် သားပေါက်ပြီး တစ်လခန့်ကြာလျှင် နောက်တစ်ကြိမ် ထပ်မံ၍ သားပေါက်နိုင်သည်။ ဒေါင်းငါးလေးများ၏သက်တမ်းမှာ နှစ်နှစ်ခန့်ရှိသည်။
ယင်းဒေါင်းငါးကလေးများ၏ အစာစားသည့်အလေ့အထသည် အစုံစားငါးမျိုးဖြစ်ရာ သဘာဝတွင် ရေပိုးမွှားများ၊ ရေပေါက်ကလေးများကို စားသည်။ အထူးသဖြင့် ခြင်သားလောင်း (ပိုးလောက်လန်း)များကို အဓိကထား စားသုံးသည်ဖြစ်သောကြောင့် ခြင်နှိမ်နင်းရေးငါးမျိုးအဖြစ် ကျော်ကြားပါသည်။ ခြင်များပေါက်ဖွား၍ ခြင်ဥမှတစ်ဆင့် ပိုးလောက်လန်းများဖြစ်ပွားနေသော ရေပြင်ထဲသို့ ဒေါင်းငါးမျိုးများကို တစ်ကြိမ်ထည့်ပေးထားရုံဖြင့် ယင်းငါးကလေးများက ခြင်နှိမ်နင်းရေးကို သားစဉ်မြေးဆက်အလိုက် စဉ်ဆက်မပြတ် ပြုလုပ်ပေးသွားကြမည်ဖြစ်ပါသည်။
ဤနည်းလမ်းသည် သက်ရှိကို သက်ရှိဖြင့် ပြန်လည်ထိန်းချုပ်သည့် ဇီဝနည်းဖြစ်ပါသည်။ စမ်းသပ်ချက်များအရ တစ်လက်မခွဲအရွယ် ဒေါင်းငါးအထီးတစ်ကောင်သည် တစ်ရက်လျှင် ခြင်လောက်လန်းကောင်ရေ ၃ဝ ခန့် စားသုံးပြီး နှစ်လက်မခွဲအရွယ် ဒေါင်းငါးအမတစ်ကောင်လျှင် ခြင်လောက်လန်းကောင်ရေ ၆ဝ ခန့်စားသုံးသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ မိမိတို့ရပ်ရွာရှိ နေအိမ်များနှင့် စာသင်ခန်း၊ စာသင်ကျောင်းများအနီးတစ်ဝိုက်ရှိ ရေစီးရေလာများ၊ သောက်သုံးရေကန်များ၊ ရေနုတ်မြောင်းများ၊ ရေသိုလှောင်ရာ တိုင်ကီ၊ အိုးခွက်များ၊ အုတ်ကန်ကြီးများအတွင်း ဒေါင်းငါးလေးများကို ထည့်သွင်းပေးထားသင့်ပါသည်။
ဒေါင်းငါးများကို နီးစပ်ရာ အလှမွေးငါးအရောင်းဆိုင်များ၊ အလှမွေးငါးသားဖောက်ရောင်းချသူများနှင့် မြန်မာနိုင်ငံ အလှမွေးငါးမွေးမြူသူများအသင်းက အလှမွေးငါးများ လက်ကားရောင်းချသည့် သောကြာနေ့ စျေးပတ်များတွင် အမျိုးအစားအလိုက် တစ်ကောင်လျှင် ကျပ်တစ်ရာ၊ နှစ်ရာမျှသာ ချိုသာသည့်စျေးနှုန်းဖြင့် ဝယ်ယူနိုင်ပါကြောင်းနှင့် ခြင်အန္တရာယ်ကာကွယ်သည့်လုပ်ငန်းကို Mosgito Control အနေဖြင့် ဆောင်ရွက်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၅)
No comments:
Post a Comment