November 28, 2020

အမေနှင့် မြန်မာ့ဓလေ့ယဉ်ကျေးလိမ္မာ

လယ်တွင်းသားစောချစ်

        ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် သံဝေဇနိယလေးဌာန ဘုရားဖူးရန် အိန္ဒိယနိုင်ငံ ဂယာမြို့မှာ ရောက်နေသည်။

        မြန်မာဘုန်းတော်ကြီးကျောင်းမှာ တည်းခိုကြသည်။ သုံးထပ်ကျောင်းဆောင်၊ လေးထပ်ကျောင်းဆောင် သိမ်ကျောင်းဓမ္မာရုံ၊ စားသောက်ခန်းများ ချက်ပြုတ်ရန်နေရာများနှင့် ခေတ်မီစနစ်ကျသည်။ ဟိုတယ်တစ်ခုမှာ တည်းရသလိုပင် အဆင်ပြေသည်။

        အိပ်ခန်းနှင့် တွဲလျက် ရေချိုးခန်း၊ အိမ်သာခန်းပါသည်။ အဲယားကွန်းမရှိသော်လည်း ပန်ကာရှိသည်။

        မြန်မာဗုဒ္ဓဘာသာဘုရားဖူးများ အဆင်ပြေပြေ တည်းခိုနားနေရန် စီစဉ်ပေးထားခြင်းဖြစ်သည်။ တည်းခိုခပေးစရာမလို။ စေတနာရှိလျှင်ရှိသလောက် လှူဒါန်းနိုင်သည်။ မလှူလျှင်လည်း ရသည်။

        သို့သော် ကိုယ့်ရှေ့မှာ ဘုရားဖူးများ လှူဒါန်းသွား၍ မိမိတို့ကောင်းစွာတည်းခို နားနေရသည်။ ကိုယ့်နောက်လူများ ပို၍ အဆင်ပြေအောင် ဘုရားဖူးအားလုံး မြန်မာဘုန်းတော်ကြီးကျောင်းကို လှူဒါန်းကြသည်။

        ယောကျ်ားနှင့်မိန်းမ အတူတကွတော့ နေခွင့်မရှိ။ ဘုန်းကြီးကျောင်းဖြစ်သည်။ သီးခြားစီခွဲ၍ နေရသည်။ ယောကျ်ားများအပေါ်ထပ်မှာနေလျှင် အမျိုးသမီးများ အောက်ထပ်မှာနေရသည်။

        ကျွန်တော့်အမျိုးသမီးနှင့်တစ်ခန်းထဲ အတူနေရသည်မှာ ဒေါ်မိုးဖြူနှင့် သမီးခင်ထွေးဝင်းဖြစ်သည်။ ဒေါ်မိုးဖြူက အသက် ၇၀ ကျော်အရွယ်ဖြစ်သည်။ သမီးလေးက ၂၃ နှစ်ခန့်ဖြစ်သည်။

        သမီးလေး ခင်ထွေးဝင်း လိမ္မာပုံကို ဇနီးကပြောပြသည်။ သူ့အမေက ရန်ကုန်မှာနေသည်။ ခင်ထွေးဝင်းက အင်္ဂလန်နိုင်ငံသွားပြီး အလုပ်လုပ်သည်။

        အင်္ဂလန်တွင် နောက်ထပ်ဘွဲ့တစ်ခုယူရန်အတွက် ငွေစုနေစဉ် သူ့အစ်ကိုနှင့် တယ်လီဖုန်းပြောဆိုရာမှာ အစ်ကို၏ အမှတ်မထင်ပြောဆိုစကားတွင် အမေက ဗုဒ္ဓဂယာသွားပြီး ဘုရားဖူးရင် သေပျော်ပါပြီဟု ပြောသည်ဟု ပါသည်။ ခင်ထွေးဝင်း မြန်မာနိုင်ငံသို့ ပြန်လာသည်။

        "အမေ ... ပြင်တော့ ဗုဒ္ဓဂယာသွားမယ်"

        သူ့အမေအတွက် ကုန်ကျစရိတ်အားလုံး တာဝန်ယူ၍ သူကိုယ်တိုင် အမေ့ကို ဗုဒ္ဓဂယာလိုက်ပို့သည်။

        ထိုအချိန်က ဘုရားဖူးအဖွဲ့နှင့် လိုက်ပါလျှင် တစ်ယောက်အတွက် ခုနစ်သိန်းခန့် ကျသည်။ လှူမှာနှင့်ဆိုလျှင်  ၁၀ သိန်းခန့်မှ ပြည့်စုံသည်။ သို့သော် ခင်ထွေးက ရက်ရောသည်။ သူ့အမေလှူရန် သင်္ကန်းများစွာ ဝယ်လာသည်။ ကျောင်းအလှူ၊ မြေအလှူ၊ ဘုရားအလှူတို့အတွက်လည်း သူ့အမေ စိတ်တိုင်းကျ လှူနိုင်ရန် ဒေါ်လာများ အကုန်အကျခံသည်။

        အမေကို တစ်ချိန်လုံး အနီးကပ်ပြုစုသည်။ အမေက ဆီးချိုရောဂါရှိ၍ အချိန်မှန်ဆေးတိုက်သည်။ မတည့်သော အစားမစားရ။ ဆီးချိုနှင့် သင့်သော ကော်ဖီ၊ ဆီးချိုနှင့်သင့်သော မုန့်များယူလာသည်။ ကော်ဖီဖျော်ပေးသည်။ မုန့်ကျွေးသည်။

        ဇနီးက ခင်ထွေးဝင်းအကြောင်းများ ချီးမွမ်းပြောကြားပြီး -

        "မနက်ဖြန်မနက် လာကြည့်လှည့်စမ်းပါ... သိပ်လိမ္မာတာပဲ ကြည့်ရတာ ကြည်နူးစရာကောင်းတယ်"ဟု ပြောသည်။

        နောက်တစ်နေ့မနက်စောစော အောက်ထပ်မှ ဇနီးတည်းသောအခန်းသို့ သွားသည်။

        မှန်ပါသည်။ ခင်ထွေးဝင်း သူ့အမေကို မျက်နှာသစ်ပေးနေသည်။ ပြီးတော့ တဘက်နှင့်တို့ကာတို့ကာ ညင်ညင်သာသာ မျက်နှာသုတ်ပေးနေသည်။

        အင်္ဂလန်မှာနေ၍ မြန်မာမှုကို မမေ့။ သနပ်ခါးကျောက်ပြင်သေးသေးကို အလေးခံယူလာသည်။ သနပ်ခါးတုံးပါသည်။

        ကျွန်တော် ကြည့်နေစဉ်မှာပင် သနပ်ခါးရေကျဲလေးသွေးပြီး အမေ့မျက်နှာကို လိမ်းပေးသည်။

        အိုး ... အမေ့မျက်နှာ အေးသွားပေလိမ့်မယ်။ သူ့ဘ၀လေးလည်း အေးပါစေဗျာ။

        ကျွန်တော် ဘေးမှကြည့်၍ ဆုတောင်းနေမိသည်။ ကျွန်တော် ဆုမတောင်းလည်း သူပြုသည့်ကောင်းမှု သူရမှာ သေချာပါသည်။


        သူ့အမေ ဝေယျာ၀စ္စဆောင်ရွက်ပြီးတော့ ဇနီးက မိတ်ဆက်ပေး၍ ခင်ထွေးဝင်းနှင့်ကျွန်တော် စကားပြောဖြစ်သည်။

        "သမီးက သိပ်လိမ္မာတဲ့မိန်းကလေးပဲ.. အမေ့ကို အသေအချာ ပြုစုစောင့်ရှောက်တာပဲနော်"

        ကျွန်တော်က ချီးမွမ်းတော့ -

        "အမေ့ကျေးဇူးတွေနဲ့စာရင် သမီးလုပ်ပေးတာက ဘာမှ မပြောပလောက်ပါဘူး ဦးရယ်"ဟု ပြန်ပြောသည်။

        ကျွန်တော် ခေါင်းညိတ်ပြမိသည်။

        "သမီးက အင်္ဂလန်မှာ အလုပ်လုပ်တော့ ပိုက်ဆံအများကြီးရမှာပေါ့နော်"

        "ရပါတယ်... ဦးရယ်။ ဒါပေမဲ့ သူ့နိုင်ငံဘွဲ့ရှိမှ ပိုရတယ်ဦးရဲ့။ သမီးက မြန်မာနိုင်ငံက ဘွဲ့ပဲရှိတာ"

        "အဲဒါဆိုရင် မြန်မာနိုင်ငံက ကလေးတွေ ဆယ်တန်းအောင်ပြီး အင်္ဂလန်သွား ဘွဲ့ယူ၊ ဘွဲ့ရမှ အလုပ်လုပ်ဆိုရင် ငွေပိုရမှာပေါ့နော်"

        ကျွန်တော်ပြောသည်ကို ခင်ထွေးဝင်းက တစ်ချက်ကလေး တွေးပြီးမှ -

        "အဲဒီလိုတော့ မကောင်းဘူးထင်ပါရဲ့ ဦးရယ်။ သမီးတို့အရွယ်လောက်ကျတော့ စဉ်းစားချင့်ချိန်နိုင်ပြီ။ ငယ်တဲ့ကလေးတွေကျတော့ ကိုယ်ကိုးကွယ်တဲ့ဘာသာ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတာတွေ အတုခိုးမှာ စိုးရတာပေါ့"

        ခင်ထွေးဝင်းကို ကျွန်တော်စိတ်ထဲမှာ ပို၍ လေးစားမိသည်။ သူက ဆက်ပြောသည်။

        "သမီး အလုပ်လုပ်တဲ့ဆေးရုံမှာ အမျိုးသမီးတစ်ယောက် အသက် ၅၀ လောက် ဆေးရုံတက်နေတယ်။ ညနေကျတော့ ၁၄ နှစ်လောက်ရှိတဲ့ သူ့သားလေးကျောင်းဆင်းချိန် အိမ်ပြန်လာရင်း ဆေးရုံမှာ အမေ့ကို ဝင်တွေ့တယ်။ သူပြောတဲ့စကား ဦး နားထောင်ကြည့်စမ်းပါ။ အမေ... မသေသေးဘူးလား...တဲ့။ သူ့အမေကို ပြောတာ"

        "အိုး"

        ကျွန်တော်အံ့ဩသွားမိသည်။ မြန်မာနိုင်ငံတွင် အတော်ရိုင်းသောကလေးပင် ဤသို့ပြောမည်မထင်။

        "သူက ဆက်ပြောသေးတယ် ဦးရဲ့။ ကင်ဆာဆိုတာ ကုလို့ရတဲ့ ရောဂါမဟုတ်ဘူး အမေ... သေမှာပဲ။ သေမယ့်အတူတူ ဘာလို့အကြာကြီး ဒုက္ခခံနေရမှာလဲ မြန်မြန်သေလိုက်ပေါ့တဲ့"

        ဪ... ဖြစ်မှဖြစ်ရလေ။

        သူ့အတွေးနှင့် သူ့အမြင်တော့ ဟုတ်ချင်ဟုတ်နေမယ်။ သူ့လူနေမှုဘ၀နှင့် သူ့အယူအဆတော့ ကြားရသည့်အပေါ် မည်သို့သဘောထားမည်မသိ။ မြန်မာဗုဒ္ဓဘာသာတစ်ယောက်အတွက်တော့ တစ်ဆင့်ပြန်ကြားရသည်ပင် စိတ်မကောင်းဖြစ်မိသည်။ ခင်ထွေးဝင်း စိုးရိမ်သည်မှာ မှန်ပါသည်။ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ယဉ်ကျေးမှုတွင် မိဘဆိုသည်မှာ အနန္တဂိုဏ်းဝင် မြင်းမိုရ်တောင်ဦး မကကျူးသော ကျေးဇူးရှင်ဖြစ်သည်။

        "သူ့အမေက ဘာပြန်ပြောလဲ"

        ကျွန်တော်သိချင်၍ မေးကြည့်သည်။

        "သူ့အမေက ဘာမှမပြောပါဘူး ဦးရယ်။ ဒါပေမဲ့ သူ့သားပြန်သွားတော့ ချုံးပွဲချငိုတာပါပဲ"

        "အေးလေ စိတ်မကောင်းဖြစ်မှာပေါ့"

        ကျွန်တော်က အမေဖြစ်သူကို စာနာမိသည်။

        "ဒါပေမဲ့ တစ်ခုတော့ရှိတယ် ဦးရဲ့။ ကလေးချည်း အပြစ်ပြောလို့လည်း မရဘူး။ မိဘကလည်း သားသမီးမွေးလာရင် မြန်မာအမေတွေလို နို့တိုက်တာ၊ ချစ်ချစ်ခင်ခင်နေတာ၊ ကြင်ကြင်နာနာ၊ ပြုစုယုယတာ သိပ်မရှိဘူး။ မွေးပြီးတာနဲ့ ကလေးထိန်းအပ်။ ကလေးထိန်းက နို့ဘူးတိုက်၊ ကျွေးမွေးပြုစု၊ နည်းနည်းကြီးလာတော့ မူကြိုတို့၊ မူလတန်းတို့ ကျောင်းအဆင့်ဆင့်မှာ ဘော်ဒါပို့၊ ဒီလိုနဲ့ ကြီးလာတော့ မိဘနဲ့ သားသမီး သံယောဇဉ်နည်းကြတယ်။ သားသမီးကလည်း မိဘတွေကြီးလာရင် အနီးကပ်ပြုစုစောင့်ရှောက်တာ မလုပ်တော့ဘူး။ ဘိုးဘွားရိပ်သာတို့ သက်ကြီးဂေဟာတို့ ပို့လိုက်တာပဲ။ မကျန်းမာရင်လည်း ဆေးရုံပို့လိုက်တာပဲ"

        ခင်ထွေးဝင်းပြောသည်ကို ခေါင်းညိတ်ရပြန်သည်။

        ''ဪ... အမေချင်းတူပေမဲ့ ယဉ်ကျေးမှုဓလေ့ချင်းက ကွဲပြားခြားနားလို့ပါလား''ဟု ဆင်ခြင်စဉ်းစားရင်း မြန်မာဗုဒ္ဓဘာသာဖြစ်ရသည်ကို ဂုဏ်ယူမိသည်။ ကိုယ့်နိုင်ငံ ကိုယ့်ရေမြေနှင့် ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးမိပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၄)

No comments:

Popular Posts