နေဝင်းလွင်(မွေး/ကု)
မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ကျေးလက်တောင်သူများ မိမိတို့အိမ်ဝင်း၊ ခြံဝင်းအတွင်း တစ်နိုင်ဘဲငန်းမွေးမြူရေးနှင့်ပတ်သက်၍ သိရှိလေ့လာမှတ်သားနိုင်စေရန် စာရေးသူထံသို့ မေးမြန်းလာသည့် အကြောင်းအရာများကို စုစည်းတင်ပြလိုက်ရပါသည်။
မေး။ တစ်နိုင်ဘဲငန်းမွေးမြူရေးနှင့်ပတ်သက်ပြီး ဘဲငန်းတွေကို စတင်မွေးမြူသူတွေအနေနဲ့ သိသင့်သိထိုက်တဲ့အချက်တွေကို သိလိုပါတယ်။
ဖြေ။ ဘဲငန်းမွေးမြူရေးမှာ မွေးမြူမည့်ဘဲငန်းမျိုးတွေအနေနဲ့ ဥရောပတိုက် ဘဲငန်းမျိုးနဲ့ အာရှတိုက်ဘဲငန်းမျိုး နှစ်မျိုး ရှိပါတယ်။ အာရှတိုက်ဘဲငန်းမျိုးတွေရဲ့ စတင်ပေါက်ဖွားရာ ဇာတိကတော့ အာရှတိုက်အလယ်ပိုင်း၊ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ဖြစ်ပါတယ်။ အာရှတိုက် ဘဲငန်းမျိုးတွေဟာ ဥပရောပဇာတိဖြစ်တဲ့ ဘဲငန်းတွေထက် ကိုယ်ခန္ဓာသေးငယ်တာကို တွေ့ရပါတယ်။
မေး။ ဘဲငန်းမွေးမြူရေးရဲ့ အဓိကရည်ရွယ်ချက်တွေကို သိပါရစေ။
ဖြေ။ ဘဲငန်းတွေဟာ သူတို့ရဲ့ အသားနဲ့ ဥတွေရဲ့ ကောင်းမွန်တဲ့အရသာရှိခြင်း၊ ဘဲငန်းတွေ မွေးမြူခြင်းကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ ပေါင်းပင်၊ မြက်ပင်တွေရဲ့ ကြီးထွားလာမှုကို ဘဲငန်းတွေက နှိမ်နင်းပေးနိုင်ခြင်းနှင့် အိမ်မှာမွေးမြူထားတဲ့ တိရစ္ဆာန်တွေအတွက် အစောင့်သဖွယ် အားကိုးရခြင်းကြောင့် မွေးမြူရတာ ဖြစ်ပါတယ်။
မေး။ ဘဲငန်းမွေးမြူရေးအနေနဲ့ တခြားအိမ်မွေးတိရစ္ဆာန်မွေးမြူရေးတွေထက် အားသာတဲ့အချက်တွေ ရှိပါသလား ဆရာ။
ဖြေ။ ဘဲငန်းတွေကို မွေးတဲ့အခါမှာ အိမ်ခြံဝန်းထဲမှာမွေးလို့ရသလို လွှတ်ကျောင်းစနစ်နဲ့လည်း မွေးလို့ရပါတယ်။ ဘဲငန်းတွေဟာ သူတို့မွေးမြူတဲ့နေရာမှာ အလေ့ကျပေါက်တဲ့ သစ်ပင်သီးနှံတွေပေါ်မှာ စားသောက်ရှင်သန်နိုင်ပြီး အခြားအစာအနေနဲ့ မီးဖိုချောင်စွန့်ပစ်ပစ္စည်းတွေနဲ့ တခြားအသီးအရွက်တွေဖြစ်တဲ့ ဆလတ်ရွက်နဲ့ ဂေါ်ဖီထုပ်စတဲ့ အသီးအရွက်တွေကို စားသောက်နိုင်ပါတယ်။
![]() |
ဓာတ်ပုံ - jrcompton |
မေး။ ဘဲငန်းတွေရဲ့ အစားအစာ စားသောက်မှုနဲ့ပတ်သက်ပြီး ထူးခြားတဲ့အချက်တွေ ရှိပါသလားဆရာ။
ဖြေ။ ဘဲငန်းတွေဟာ တခြားမွေးမြူရေး တိရစ္ဆာန်တွေဖြစ်တဲ့ ကြက်တွေ၊ ဘဲတွေနဲ့စာရင် သူတို့ရဲ့ အစာချေလမ်းကြောင်းဟာ တိုတောင်းတာကြောင့်ရယ်၊ စားသောက်တဲ့ အစားအစာတွေကို အလွယ်တကူကြေချက်နိုင်တာရယ်၊ ဘဲငန်းတွေဟာ မြက်နဲ့ တခြားအသီးအနှံတွေကို စားတဲ့အခါ သူတို့နှုတ်သီးမှာ အရိုးစောင်းပါရှိတဲ့အတွက် ကိုက်ဖြတ်စားသောက်နိုင်တာကို တွေ့ရပါတယ်။
မေး။ ဘဲငန်းတွေကို မွေးမြူတဲ့အခါမှ ာကောင်ရေ ဘယ်နှကောင်ကစပြီး မွေးမြူရမလဲ ဆရာ။
ဖြေ။ ဘဲငန်းတွေမွေးမြူရေးစတဲ့အခါမှာ ကောင်ရေအားဖြင့် လေးကောင်ကနေ ကောင်ရေ ၂ဝ အထိ မွေးမြူနိုင်ပါတယ်။ မျိုးပေါက်ပွားမှုအတွက် ဘဲငန်းအထီးတစ်ကောင်အတွက် ဘဲငန်းအမ ငါးကောင်နှုန်းနဲ့ ထားပေးရပါမယ်။ ဘဲငန်းမတွေ ဥဥဖို့အတွက် ဥသိုက်အနေနဲ့က ဘဲငန်းအမ လေးကောင်မှာ ဥသိုက်တစ်ခုထားရှိရပါမယ်။ ဥသိုက်ရဲ့ အကျယ်ဟာ ၆ဝ စတုရန်းစင်တီမီတာရှိရပါမယ်။
မေး။ ဘဲငန်းမွေးမြူရေးနဲ့ပတ်သက်ပြီး အသက်အရွယ်အလိုက် ပြုစုထိန်းသိမ်း စောင့်ရှောက်မှုတွေကို သိပါရစေ။
ဖြေ။ ဘဲငန်းမွေးမြူရေးမှာ ဘဲငန်းလေးတွေရဲ့ ပထမအရွယ်အနေနဲ့ တစ်ရက်သားကနေ တစ်လသားအထိဖြစ်ပြီး ကြီးထွားတဲ့အရွယ်အနေနဲ့ တစ်လသားကနေ ကိုးလသားအရွယ်အထိ သတ်မှတ်ထားပါတယ်။ အရွယ်ရောက်တဲ့အရွယ်ကိုတော့ ကိုးလသားကနေ လေးနှစ်သားအရွယ်အထိ သတ်မှတ်ထားပါတယ်။ ဘဲငန်းတွေ ကြီးထွားတဲ့အချိန်ဖြစ်တဲ့ အသက် ငါးပတ်သားကနေ ရှစ်ပတ်သားအတွင်းမှာ အသားဓာတ်များတဲ့ အစာတွေ၊ သတ္တုဓာတ်ဆားများတဲ့ အစာတွေကို အပိုစာအဖြစ် ကျွေးပေးဖို့လိုပါတယ်။ ရောဂါကာကွယ်မှုအနေနဲ့ကတော့ သွေးဝမ်းကျရောဂါကာကွယ်ဆေး ထိုးနှံပေးပြီး သန်ချဆေးတိုက်ကျွေးပေးဖို့ လိုပါတယ်။
မေး။ ဘဲငန်းတွေရဲ့မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုတွေကို သိပါရစေ။
ဖြေ။ ဘဲငန်းတွေဟာ အသက် တစ်နှစ်အရွယ်ကစပြီး မျိုးပေါက်ဖွားနိုင်ပြီး ဘဲငန်းအမတွေဟာ အသက် ၁ဝ နှစ်အရွယ်အထိ သားမွေးနိုင်ကြပါတယ်။ ဘဲငန်းအမတွေဟာ ဥအနေနဲ့ တစ်နှစ်မှာ ၁၅ လုံးကနေ ၈၈ လုံးအထိ ဥဥနိုင်ပြီး တစ်နှစ်မှာ ဘဲငန်းငယ်လေး ၂၈ ကောင်အထိ ပေါက်ပွားနိုင်ပါတယ်။ ဘဲငန်းတွေရဲ့ အမွေးထုတ်လုပ်မှုအနေနဲ့ကတော့ ဘဲငန်းတွေရဲ့ အသက် ၁ဝဝ ရက်ကနေ ၁၁ဝ ရက်အတွင်း အမွေးစတင်ရရှိနိုင်ပါတယ်။ အသားထုတ်လုပ်မှုအနေနဲ့ကတော့ အရွယ်ရောက် ဘဲငန်းအထီးဟာ အလေးချိန် ၅ ဒသမ ၅ ကီလိုဂရမ်ရှိပြီး အမကတော့ ၄ ဒသမ ၅ ကီလိုဂရမ်ရှိပါတယ်။ အသားထွက်နှုန်းအနေနဲ့ကတော့ အရှင်အလေးချိန်ရဲ့ ၇၃ ရာခိုင်နှုန်း ထွက်ပါတယ်။ ဘဲငန်းတွေဟာ အသက် ၂၅ နှစ်အထိ အသက်ရှည်နိုင်တာကို တွေ့ရပါတယ်။ ဘဲငန်းဥတွေရဲ့ အလေးချိန်ကတော့ ၁၄ဝ ဂရမ်ကနေ ၁၇ဝ ဂရမ်အထိ ရှိပါတယ်။
မေး။ ဘဲငန်းတွေမွေးတဲ့အခါမှာ ထာပေးရမယ့်နေရာအကျယ်အဝန်းတွေ သတ်မှတ်မှုနဲ့ပတ်သက်ပြီး သိလိုပါတယ်။
ဖြေ။ ဘဲငန်းတွေကို ခြံဝန်းထဲမှာထားပြီး မွေးရင် တစ်ကောင်ကို ၁ဝ စတုရန်းမီတာ၊ အိမ်ထဲမှာမွေးရင် တစ်ကောင်ကို သုည ဒသမ ၅ စတုရန်းမီတာနဲ့ လွှတ်ကျောင်းမွေးရင်တော့ တစ်ကောင်ကို ၂၅ စတုရန်းမီတာ လိုအပ်ပါတယ်။ ရေထဲမှာ ထားမွေးရင်တော့ တစ်ကောင်ကို တစ်စတုရန်းမီတာ လိုအပ်ပါတယ်။ အစာကျွေးဖို့အတွက် တစ်ကောင်ကို အစာက အကျယ် ၁ဝ စင်တီမီတာနဲ့ ရေခွက်အလယ်ကတော့ တစ်ကောင်ကို တစ်စတုရန်းမီတာလိုပါတယ်။
မေး။ ဘဲငန်းတွေမှာ တခြားအမျိုးတူတိရစ္ဆာန်တွေဖြစ်တဲ့ ကြက်တွေ၊ ဘဲတွေနဲ့ မတူညီတဲ့ ထူးခြားတဲ့ပင်ကိုယ်သဘာဝတွေရှိရင် သိပါရစေ။
ဖြေ။ ဘဲငန်းတွေရဲ့ မျက်လုံးဟာ ဖောင်းနေပြီး အမြင်အာရုံအနေနဲ့ အကွာအဝေး မီတာ ၁၂ဝ လောက်အထိ မြင်နိုင်စွမ်းအားရှိတာရယ်၊ အကြားအာရုံအနေနဲ့ မီတာ ၅ဝ လောက်အကွာအဝေးက အသံကို ကြားနိုင်စွမ်းရှိတာတို့ကို တွေ့ရပါတယ်။ ဒါကြောင့် ဘဲငန်းမွေးမြူရေးမှာဘဲငန်းတွေဆီက အသား၊ ဥ၊ အမွေးအတောင်တွေရတဲ့အပြင် မွေးမြူသူရဲ့ အိမ်နဲ့ တခြားမွေးမြူရေးတိရစ္ဆာန်တွေအတွက် အစောင့်သဖွယ် မွေးမြူလို့ရတဲ့ တိရစ္ဆာန်တွေဖြစ်တာကို တွေ့ရပါတယ်။ ဘဲငန်းတွေဟာ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရရင် သူတို့ဟာ လှုပ်လှုပ်ရှားရှားဖြစ်လာတတ်ပါတယ်။ ဒီလှုပ်ရှားမှုတွေက မွေးမြူသူပိုင်ရှင်နဲ့ တခြားတိရစ္ဆာန်တွေကို သတိပေးသလိုဖြစ်တဲ့အတွက် အစောင့်သဖွယ် မွေးမြူလို့ရတာဖြစ်ပါတယ်။
မေး။ ဘဲငန်းမွေးမြူရေးနဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်တွေရှိရင်လည်း သိရှိလိုပါတယ်။
ဖြေ။ ဘဲငန်းတွေမွေးတဲ့အခါမှာ သတိထားရမယ့်အချက်တွေအနေနဲ့ကတော့ မွေးမြူထားတဲ့ဒေသရဲ့ ပတ်ဝန်းကျင်မှာ အပူချိန်မြင့်မားတဲ့အခါမှာ၊ ရေခိုးရေငွေ့များတဲ့အချိန်မှာ ဘဲငန်းတွေမှာ ရောဂါဖြစ်ပွားပျံ့နှံ့မှုများပြားနိုင်တဲ့အတွက် ဂရုစိုက်ရမှာဖြစ်ပါတယ်။ တခြားအချက်ကတော့ စီမံခန့်ခွဲမှုအားနည်းမှုကြောင့် ဘဲငန်းတွေကိုယ်လက်အင်္ဂါထိခိုက်မှုတွေနဲ့ အစာအဆိပ်သင့်မှုတွေ ဖြစ်နိုင်တဲ့အတွက် သတိထားဖို့လိုအပ်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၅)
No comments:
Post a Comment