November 29, 2020

စာပန်းချီခြယ်သ တန်ဆောင်မုန်းလ

မင်းသန်းနိုင်(မုဒုံ)

        မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်လဖြစ်ပြီး အောက်တိုဘာ၊ နိုဝင်ဘာလတွင် ကျရောက်လေ့ရှိရာ ရက် ၃၀ ရှိသောကြောင့် ရက်စုံသောလဖြစ်ပါသည်။ တန်ဆောင်မုန်းလတွင် သာမညဖလအခါတော်နေ့ကို ကျင်းပလေ့ရှိသလို ဘာသာရေးကို အခြေခံသော တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်းအလှူပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပွဲတော် ကျင်းပပြီး ရပ်ရွာအချို့တွင် မဲဇလီဖူးသုပ်ဝေငှပွဲ၊ ကျီးမနိုးပွဲများ ကျင်းပလေ့ရှိပါသည်။ ဤပွဲတော်များအနက် တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်းအလှူပွဲတော်နှင့် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲသည် ဤလ၏ အထွဋ်အမြတ်ပွဲတော်ပင်ဖြစ်သည်။

        “လှူကထိန် သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ ဆုပန်ရွယ်၊ သည်ချိန်ကို ဝတ်မှုန်ကြဲလို့၊ ခဝဲရွှေညှာရင်းမှာ သင်းရနံ့ကြွယ်၊ ကောင်းကင်လယ် ထက်ဝယ်ဘုံဦး၊ ရွှေစန္ဒာနှင့် ကြတ္တိကာ ကြယ်ရောင်စွန်းတယ် ထွန်းထိန်လို့မြူး” စသည့် ဖိုးသူတော်ဦးမင်း၏ ၁၂ လရာသီဘွဲ့သည်လည်း တန်ဆောင်မုန်းလ၏ အလှူပွဲ၊ ရာသီပန်းမန်နှင့် ဩကာသ သဘာဝအခြေအနေကို တွေ့မြင်ညွှန်းဆိုထားပေသည်။

ဓာတ်ပုံ - HELZk.com

        “ကထိန်”ဟူသည်မှာ “ကထိန်”ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်ပြီး မြဲမြံခြင်း၊ ခိုင်ခံ့ခြင်းဟုအဓိပ္ပာယ်ရပေသည်။ ရဟန်းတော်များသည် မြဲမြံခိုင်ခံ့သည့် အကျိုးထူးငါးပါးကို ရရှိသောကြောင့် “ကထိန်”ဟု ခေါ်ဆိုရခြင်းဖြစ်ကြောင်း မှတ်သားရပေသည်။

        ကထိန်ခင်းရခြင်း၏ အစမှာ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် သာဝတ္ထိပြည်၊ အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးနှင့် ညီနောင်များဖြစ်ကြသော ဘဒ္ဒဝဂ္ဂီသုံးကျပ်တို့သည် မြတ်စွာဘုရားရှင်အား ဖူးမြော်ခွင့်ရရန်အတွက် ပါဝေယျကတိုင်းမှ ခရီးထွက်ခွာရာ လမ်းခရီးကြား “သာကေတ”မြို့၌ ဝါဆိုဝါကပ်ကြသည်။

        သီတင်းကျွတ်၍ ခရီးဆက်လာကြရာ ဘုရားရှင်ရှေ့မှောက်အရောက်တွင် ဘုရားရှင်ခွင့်ပြုထားသော သင်္ကန်းသုံးထည်စလုံး စိုစိုစွတ်စွတ် ညစ်ထေးထေးဖြစ်နေသဖြင့် ထိုရဟန်းတို့၏ ပင်ပန်းဆင်းရဲမှုကို အကြောင်းပြု၍ ကထိန်သင်္ကန်းကပ်လှူခြင်းကို ခွင့်ပြုတော်မူခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ ကထိန်ခင်းရခြင်း သမိုင်းအစပင်ဖြစ်သည်။ ထိုအချိန်မှစ၍ ဗုဒ္ဓဘာသာဝင်တို့သည် ကထိန်ခင်းခြင်းကို သာသနာတော်အထောက်အပံ့၊ နိဗ္ဗာန်အထောက်အပံ့ငှာ ယနေ့ထိ လှူဒါန်းခဲ့ကြသည်။

        တန်ဆောင်မုန်းလတွင် ကထိန်ပွဲသာမက မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲများကိုပါ ကျင်းပခဲ့ကြသည်ကို တွေ့ရပေသည်။ မသိုးသင်္ကန်းဟူသည်မှာ နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ မသိုးသင်္ကန်းကို ကထိန်ကာလ၏ နောက်ဆုံးနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ လဆန်း ၁၄ ရက် ညနေပိုင်းတွင်မှ စတင်ရက်လုပ်ကြပြီး လပြည့်နေ့အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော်နှင့် ထင်ရှားသောဘုရားစေတီများတွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲများကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပေသည်။

        တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့်အတူ မီးပုံးပျံလွှတ်တင်ပွဲကိုလည်း ဘာသာရေးအနှစ်သာရနှင့်အညီ ကျင်းပပူဇော်ခဲ့ကြသလို မြန်မာနိုင်ငံရှိ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် မြန်မာသာမက နိုင်ငံတကာအထိပင် ကျော်ကြားခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများပါ ပျော်ရွှင်စွာ စိတ်ဝင်တစား ဆင်နွှဲကြသောပွဲတော်လည်း ဖြစ်သည်။

        တန်ဆောင်မုန်းလပြည့်နေ့၌ ဘုရားရှင်ဟောကြားသော သာမညဖလသုတ္တံကို အကြောင်းပြု၍ သာမညဖလအခါတော်နေ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။ သာမညဖလ၏အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏အကျိုး ဖြစ်သောကြောင့် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန်ချပ်ကြီးပမာပင် ဖြစ်သည်။

        မိုးလေကင်းလွတ်၍ လင်းလက်နေသော ကြယ်များနှင့်အပြိုင် ဘုရားရှင်အား ပူဇော်လွှတ်တင်ထားသည့် မီးပုံးပျံလေးများ၏ မီးအရောင်မှာ ကောင်းကင်အာကာထက်တွင် လင်းလင်းလက်လက်နှင့် တွေ့မြင်ရသည့်အပြင် မြန်မာ့ယဉ်ကျေးမှုပွဲတော်များ ကျေးလက်၊ မြို့အနှံ့ ခြိမ့်ခြိမ့်သဲစည်ကားစွာ ကျင်းပနေမှု၏ ပုံရိပ်လေးများကို မြ င်ယောင်လွမ်းဆွတ်ရင်း တန်ဆောင်မုန်းလကို စာပန်းချီခြယ်သလိုက်ရပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၂၂)

No comments:

Popular Posts