ကျော်ဖြိုးလွင်
သဘောကောင်းသော သူနာပြုဆရာမလေးမေသူ ရခိုင်ပြည်နယ်သို့ရောက်ရှိပြီး မြတ်စေတနာဆေးခန်းမှာ တာဝန်ထမ်းဆောင်နေသည်။ တစ်နေ့တွင် ဆေးခန်းသို့ လက်ကိုဓားရှသော ငါးနှစ်သားငယ်တစ်ဦးကို မိခင်ဖြစ်သူက ခေါ်လာ၏။ မေသူက ကလေးလက်မှ ဓားဒဏ်ရာကို အရက်ပျံဖြင့် ဆေးကြောရာ အရက်ပျံထိမိသည်နှင့် ကလေးငယ်က ‘‘ဆာတယ်၊ ဆာတယ်’’ဟု အော်ငိုသည်။
အချိန် ၁၁ နာရီခန့်မို့ ကလေးဆာသည်ဟုထင်ပြီး မေသူက ငှက်ပျောသီးတစ်လုံးကိုပေး၍ စားစေပြီးမှ အနာကိုဆက်၍ဆေး၏။ ကလေးကလည်း ‘‘ဆာတယ်’’ဟု အော်ငိုပြန်သည်။ သနားသဖြင့် ငှက်ပျောသီးကျွေးပြန်၏။ သို့ဖြင့် ကလေးငိုလိုက်၊ ထုတ်ကျွေးလိုက်နှင့် ငါးလုံးခန့်ကုန်သော်လည်း ကလေးငိုနေမြဲသာဖြစ်နေသဖြင့် မေသူက -
‘‘ဒီကလေး ဒီလောက်စားတာတောင် မဝသေးဘူးလား’’ဟု ပြောမိရာ ကလေးမိခင်ဖြစ်သူ၏ ပြန်ပြောစကားကြောင့် မေသူခမျာ ငိုအားထက် ရယ်အားသန်ဆိုသလို ဖြစ်သွားရလေ၏။ ကလေးအမေပြောလိုက်ပုံက -
‘‘ဆာတယ်ဆိုက ဆရာမရဲ့ အရက်ပျံနဲ့သူ့အနာကို ဆေးလို့ စပ်တာကို ပြောတာ။ ရခိုင်တိုင်းရင်းသားတွေက အနာစပ်တာကို ဆာတယ်လို့ပြောကြတယ်’’ဟူသတည်း။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၅)
No comments:
Post a Comment