နီလာစိုး
ပိန္နဲပင်သည် ပူအိုက်စွတ်စိုသည့်ဒေသများတွင် ပို၍ဖြစ်ထွန်းသော အပင်မျိုးဖြစ်သည်။ အသီးများတွင် ပိန္နဲသီးသည် အလွန်အရသာရှိသော အသီးဖြစ်သည်။ အသီးမှာ ဒူးရင်းသီးနှင့်ဆင်သော်လည်း အနံ့မှာ ဒူးရင်းသီးကဲ့သို့ စူးရှရှပြင်း အနံ့မျိုးမဟုတ်ဘဲ သင်းပျံ့ပျံ့စားချင်စဖွယ်ဖြစ်သည်။
ပိန္နဲသီးတွင် အိမ်ပျော့နှင့် အိမ်မာဟူ၍ နှစ်မျိုးရှိသည်။ အိမ်ပျော့သည်စားလျှင် လည်ချောင်း၌ကပ်၍ တစ်နေတတ်သည်။ အိမ်မာသည် တမြုံ့မြုံ့ဝါး၍ အရသာခံနိုင်သဖြင့် လူကြိုက်များသည်။ ပိန္နဲသီးမှည့်ကို စားသုံးရသကဲ့သို့ ၄င်းအစေ့ကိုလည်း ပြုတ်၍လည်းကောင်း၊ ဖုတ်၍လည်းကောင်း စားနိုင်သည်။
![]() |
ဓာတ်ပုံ - shopify |
ပိန္နဲသီးအနုကို အကွင်းလိုက်၊ အချပ်လိုက် ပါးပါးလှီးပြီး တို့စရာအဖြစ် စားကြသည်။ နို့တိုက်မိခင်များ ပိန္နဲသီးအစေ့ကိုစားလျှင် နို့ထွက်သန်စေသည်။ သွေးတွင်းသကြားဓာတ်နည်းသူများ ပိန္နဲသီးအမြွှာနှစ်မြွှာ၏အသားကို တစ်နေ့နှစ်ကြိမ်၊ သုံးရက်ဆက်တိုက်စားလျှင် သကြားဓာတ်ပြန်လည်ပြည့်လာနိုင်သည်။ ပိန္နဲသီးသည် ရေဓာတ်အများအပြားပါဝင်သဖြင့် ကိုယတွင်းအပူ ပြေပျောက်၍ ရေငတ်လည်း ပြေစေသည်။ နို့မထွက်သေးသောမိခင်များ ပိန္နဲရွက်ကိုပါးပါးလှီးပြီး ငရုတ်ကောင်းအနည်းငယ်ထည့်၍ ဟင်းခါးအဖြစ် သောက်သုံးပါက နို့ထွက်သန်စေသည်။
ပိန္နဲသီးတွင် Proteinase တစ်မျိုးပါရှိသဖြင့် ဓာတ်မတည့်သူများစားမိပါကတွင် အရေပြားနီမြန်းလာခြင်း၊ ယားယံလာခြင်း၊ အင်ပျဉ်ထခြင်း၊ ဗိုက်ထဲတွင် ရစ်၍နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်တတ်သည်။ ထို့ပြင် ပြင်းထန်လာပါက လက်သည်းနှင့် နှုတ်ခမ်းများပြာလာပြီး မျက်နှာပါ ဖြူဖတ်ဖြူရော်ဖြစ်လာ၍ သွေးတိုးနှုန်းလည်း ကျလာတတ်သည်။ ထို့ကြောင့် ပိန္နဲသီးကို စားလျှင် ဆားရည်စိမ်စားမှသာ ပိန္နဲသီးတောက်ခြင်းကင်းဝေးနိုင်သည်။ ပိန္နဲသီးကို ပျားရည်နှင့် ရောနှောမစားသင့်ပါ။ ပန်းနာ၊ ရင်ကျပ်ရောဂါရှိသူ၊ သွက်ချာပါဒ၊ထုံနာစို၊ လေငန်းရှိသူ၊ ဖျားနာသူတို့ ရှောင်သင့်ပါသည်။
အချုပ်ဆိုရသော် ပိန္နဲသီးနှင့် ပိန္နဲပင်သည် လူတို့ကျန်းမာရေးအတွက် အကျိုးပြုသော အပင်တစ်မျိုးဖြစ်ပေသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၀)
No comments:
Post a Comment