November 5, 2020

ပိုတက်ရှ်ဓာတ်မြေ ဩဇာကျွေးခြင်းဖြင့် ဘက်တီးရီးယားရွက်ခြောက်ရောဂါ ကာကွယ်နိုင်

မောင်ငြိမ်းအောင်(တန့်ဆည်)

        ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက သီးနှံတွေ၊ မြေဆီလွှာတွေ၊ ဓာတ်မြေဩဇာတွေ၊ သီးနှံပိုးမွှားရောဂါ ကာကွယ်ရေးစနစ်တွေ၊ သီးနှံစိုက်ပျိုးရေးစနစ်တွေ၊ ရေစနစ်တကျအသုံးချရေးနည်းပညာစတဲ့ လုပ်ငန်းတွေကို နှစ်စဉ် သုတေသနပြု စမ်းသပ်လုပ်ဆောင်ပြီး ရရှိတဲ့ သုတေသနရလဒ်တွေနဲ့ တောင်သူလယ်သမားကြီးများရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးလျက်ရှိပါတယ်။

ဓာတ်ပုံ - naturepl.com

        ဒီလို သုတေသနစမ်းသပ်မှုတွေ နှစ်စဉ်ပြုလုပ်ပေးနေတဲ့အတွက် တောင်သူလယ်သမားကြီးများအတွက် အကျိုးစီးပွားဖြစ်စေမယ့် သုတေသနရလဒ် နည်းပညာအသစ်အဆန်းတွေဟာ အမြဲပေါ်ထွန်းလျက်ရှိနေပါတယ်။ ဒီလို တောင်သူလယ်သမားကြီးများရဲ့ အကျိုးစီးပွားမြှင့်တင်ဖို့ ပေါ်ထွန်းလာတဲ့ သုတေသနရလဒ် နည်းပညာအသစ်အဆန်းတွေထဲက စပါးဘက်တီးရီးယားရွက်ခြောက်‌ရောဂါကို ပိုတက်ရှ်ဓာတ်မြေဩဇာအကြိမ်ကြိမ်အလီလီ ကျွေးပေးခြင်းဖြင့် ကာကွယ်တားဆီးနိုင်တယ်ဆိုတဲ့ အချက်ကလေးကို ဆွေးနွေးတင်ပြလိုပါတယ်။

        စပါးမှာ ဘက်တီးရီးယားရွက်ခြောက်ရောဂါဟာ ဒီနောက်ပိုင်းမှာ အလွန်ဆိုးဝါးတဲ့ရောဂါတစ်ခုအဖြစ် တောင်သူလယ်သမားကြီးများ ခံစားလာရပါတယ်။ ဆုံးရှုံးနစ်နာမှုလည်း အများကြီး ကြုံတွေ့နေကြရပါတယ်။ အလွန်ဆိုးဆိုးရွားရွား ဒီရောဂါကျရောက်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်းထိ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီထက်ပိုပြီး ဆိုးဆိုးရွားရွား ကျရောက်ခံရမယ်ဆိုရင်တော့ အချို့ဒေသတွေမှာ တံစဉ်လွတ်သည်ထိ တောင်သူလယ်သမားကြီးများ ခံစားကြရတာကို တွေ့ရှိရပါတယ်။ ယခု ရေဆင်းစိုက်ပျိုးရေးသုတေသနက ဒီနည်းပညာလေးကို တွေ့ရှိလိုက်တာဟာ တောင်သူလယ်သမားကြီးများအတွက် အလွန်အဖိုးအနဂ္ဃထိုက်တဲ့ နည်းပညာရတနာတစ်ပါးကို ရရှိလိုက်ခြင်းဖြစ်တယ်လို့ဆိုရင်လည်း များမယ်မထင်ပါ။

        ရေဆင်းစိုက်ပျိုးရေးသတေသုနဦးစီးဌာနက စပါးခင်းမှာ ပိုတက်ရှ်မြေဩဇာကို အကြိမ်ကြိမ်အလီလီကျွေး၍ စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါကာကွယ်နှိမ်နင်းမှုကို သုတေသနစမ်းသပ်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အတည်ပြုထားတဲ့ နည်းပညာပါ။

        စပါးခင်းမှာ ပိုတက်ရှ်မြေဩဇာ ၂၈ ပေါင်ကို သုံးကြိမ်အလီလီခွဲ၍ ထည့်သွင်းစမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကောက်ပင်လှန်ချိန်မှာ တစ်ကြိမ်၊ ပင်ပွားချိန်မှာ တစ်ကြိမ်၊ မှို့ကပ်ချိန်မှာ တစ်ကြိမ်ကျွေးခဲ့ခြင်း ဖြစ်ပါတယ်။ ဘက်တီးရီးယားရွက်ခြောက်ရောဂါဟာ စပါးပင်ပွားစုံချိန် (စိုက်ပြီး ၄၅ ရက်မှ ၅၀ ရက်)မှ စတင်ကျရောက်လေ့ရှိပါတယ်။ ပိုတက်ရှ်မြေဩဇာကို ကောက်ပင်လှန်ချိန်မှာ ကျွေးခြင်း၊ ပင်ပွားချိန်မှာ ကျွေးခြင်းအားဖြင့် ပင်ပွားစုံချိန်မှာ ကျရောက်လာမယ့် ဘက်တီးရီးယားရွက်ခြောက်ရောဂါကို အပိုင်တားဆီးကာကွယ်လိုက်နိုင်တာ ဖြစ်ပါတယ်။

        ရေဆင်းစိုက်ပျိုးရေးသုတေသနက တွေ့ရှိချက်အရ ပိုတက်ရှ်မြေဩဇာကို နှစ်ကြိမ်ခွဲထည့်ပေးပါက ဘက်တီးရီးယားရွက်ခြောက်ရောဂါဖြစ်ပွားမှု ၁၈ ရာခိုင်နှုန်း၊ ပိုတက်ရှ်မြေဩဇာကို သုံးကြိမ်အလီလီခွဲကျွေးပါက ဘက်တီးရီးယားရွက်ခြောက်ရောဂါဖြစ်ပွားမှု ၃၂ ရာခိုင်နှုန်းအထိ လျော့နည်းသက်သာနိုင်တယ်လို့ ဆိုထားပါတယ်။

        ကဲ တောင်သူလယ်သမားကြီးများလည်း ဒီနေရာကစပြီး ပိုတက်ရှ်မြေဩဇာကို မြေခံတစ်ကြိမ်တည်းမကျွေးဘဲ ဘက်တီးရီးယားရွက်ခြောက်ရောဂါ ကာကွယ်နိုင်အောင် သုံးကြိမ်အလီလီ ခွဲကျွေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၄)

No comments:

Popular Posts