လယ်တွင်းသားစောချစ်
‘‘ဘယ်လိုပဲဖြစ်ဖြစ်ဗျာ ကျွန်တော်က ခင်ဗျားကို သစ္စာရှိတဲ့နည်းနဲ့ ပေါင်းသင်းခွင့်မရတာတော့ မကျေနပ်ဘူး’’
ဆရာကြီးပြောသည့် သစ္စာရှိသောနည်းဖြင့် ပေါင်းသင်းခွင့်ဆိုသည်မှာ သူနှင့် ပုလင်းတူဘူးဆို့ အရက်သေစာသောက်စားပေါင်းသင်းခြင်း မပြုရသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။
ကျွန်တော် ဘာမျှပြန်မပြောတော့ပါ။
ကလေးများနှင့် နှုတ်ဆက်ပွဲ
နေ့ခင်း (၁)နာရီတွင် ကျောင်းသားများနှင့် နှုတ်ဆက်ပွဲပြုလုပ်သည်။ အလယ်တန်းကျောင်းဆောင်တွင် ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်းတို့ ပိုင်းခြားထားသော ထရံခန်းဆီးများကို ဖယ်ရှားလိုက်၍ အခန်းကျယ် ဖြစ်သွားသည်။ ငါး၊ ခြောက်၊ ခုနစ် သုံးတန်းပေါင်း အလယ်တန်းကျောင်းသား ၁၀၀ နီးပါး ဖြစ်သည်။ အတန်းငယ်လေးများ ပါဝင်ခြင်းမရှိပါ။
ဆရာကြီးက ကျောင်းသားများထိုင်ရန် ထိုင်ခုံများစီစဉ်ပေးသည်။ သူတို့ အားလုံး၏ ရှေ့မှာ စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးချပြီး ကျွန်တော့်ကို ထိုင်ခိုင်းသည်။
''ကဲ တပည့်တို့ မင်းတို့ဆရာက ရန်ကုန်မြို့က သိပ္ပံကျောင်းကြီးတစ်ခုမှာ ရာထူးတိုးပြီး ပြောင်းရမှာ ဖြစ်တယ်။ ဒါပေမဲ့ ရန်ကုန်ကို မသွားခင် သုံးလေးလလောက်မှ လှိုင်မြို့ကို သွားရမယ်။ ဒီနေ့ညနေ ခြောက်နာရီရထားနဲ့ သာစည်ကို လိုက်ရမယ်။ ဒါ့ကြောင့်မို့ ကန်တော့ပွဲ၊ နှုတ်ဆက်ပွဲလုပ်တာ ဖြစ်တယ်။ တပည့်တို့ ဆရာကို ကန်တော့ကြပါ"
ဆရာကြီးက ကျွန်တော့် စားပွဲဘေးမှာ မတ်တပ်ရပ်လျက် အခမ်းအနားမှူးလုပ်နေပါသည်။ ဆရာကြီးအတွက် ထိုင်စရာခုံမရှိပါ။
တပည့်များ ကျွန်တော့်ကို ကန်တော့ကြသည်။
"ဆရာ ကလေးတွေကို ဆုပေးရင်း နှုတ်ဆက်စကားပြောလိုက်ပါ"
ဆရာကြီးက အစီအစဉ် ဆက်လုပ်ပေးနေသည်။
"တပည့်တို့ ဆရာကြီး ပြောသလိုပဲ ဆရာ....ဒီနေ့ပဲ ပြောင်းရမှာ ဖြစ်တယ်။ ဝန်ထမ်းဘဝဆိုတာ ဒီလိုပါပဲ။ ပြောင်းရရွှေ့ရတာ ဘာမှမဆန်းပါဘူး။ နောင်တစ်နေ့ မင်းတို့ ကြီးလို့ ဝန်ထမ်းဖြစ်ရင်လည်း ဒီလိုပြောင်းရမှာပဲ။ ဒါဘာမှ မဆန်းပါဘူး။ အဲဒီလို ပြောင်းလို့ နှုတ်ဆက်တဲ့အခါ ငိုတာတော့ ဆရာသဘောမကျဘူး။ မငိုကြနဲ့။ တကယ်တော့လည်း ဆရာ့ကို လွမ်းစရာ ဘာမှမရှိပါဘူး။ ဆရာက ပစ်ခဲ့မှာပါ။ တကယ်ကျေးဇူးတင်ဖို့ ချစ်ခင်လေးစားဖို့ ကောင်းတာက ဒီမှာ မင်းတို့ကို ဆက်ပြီး ပညာသင်ပေးမယ့် ဆရာကြီးနဲ့ ဆရာ၊ ဆရာမတွေပဲ။ သူတို့ကို ပိုချစ်ရမယ်။ ပိုပြီး လေးစားရမယ်။ တပည့်တို့ အားလုံး မိမိကိုယ်ကို ကောင်းအောင် ကြိုးစားနိုင်ကြပါစေ။ မိမိအတန်းကို ကောင်းအောင် ကြိုးစားနိုင်ကြပါစေ။ မိမိကျောင်းကို ကောင်းအောင် ကြိုးစားနိုင်ကြပါစေ။ နောင်တစ်နေ့မှာ တပည့်တို့ ကြီးလာရင် မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားနိုင်ကြပါစေ ....ဒါပါပဲကွာ"
ကျွန်တော်က ပြောဆိုရာတွင် လေသံရော၊ ဟန်ပန်ပါ ပေါ့ပေါ့ပါးပါး ပြောဆိုပါသည်။ လေးလေးနက်နက်ပြောလျှင် ကလေးများ စိတ်မကောင်းမှာစိုး၍ ဖြစ်သည်။
ကျွန်တော်ပြောပြီးသည်နှင့် ဘေးမှာ အသင့်ရပ်နေသော ဆရာကြီးက -
"ကဲ...တပည့်တို့ ဆရာက နှုတ်ဆက်စကားပြောပြီးပြီ။ ခုအချိန်ကစပြီး မင်းတို့ကို ကျောင်းဆင်းပေးလိုက်ပြီ ပြန်ကြ"
ဆရာကြီးက အသံကိုမြှင့်၍ ပြောလိုက်သည်။
ဆရာကြီးရော ကျွန်တော်ပါ မျှော်လင့် ထင်မှတ်မထားသည်ကို တွေ့ရ၍ အံ့အားသင့်မိသည်။ ကလေးများ လုံးဝမလှုပ်ပါ။ ငြိမ်သက်စွာ ထိုင်နေကြသည်။ ညှိထားသလိုဖြစ်နေသည်။ သို့သော် သူတို့တိုင်ပင်ချိန်မရှိပါ။ မျက်နှာရိပ် မျက်နှာကဲပြသည်ပင် မတွေ့ရပါ။
"ဆရာ....ဒီကောင်တွေက ပြန်ခိုင်းလို့လည်း မရဘူး။ သူတို့ ကျေနပ်အောင် ကြည့်ပါစေဗျာ။ ဆယ့်ငါးမိနစ်လောက် ထိုင်ပေးလိုက်ပါ"
ဆရာကြီးက စိတ်မကောင်းဖြစ်ဟန် တူပါသည်။ ကျွန်တော့်ကို ပြောပြီးသည်နှင့် ဆရာကြီးက ရုံးခန်းဘက်ထွက်သွားသည်။
ကျွန်တော်ကျောင်းသားများနှင့် မျက်နှာချင်းဆိုင် ထိုင်လျက် ကျန်ရစ်သည်။
ထိုအချိန်တွင် ကျောင်းသူလေး မအုန်းကြင်ထံမှ ရှိုက်သံတစ်ချက်ထွက်လာသည်။
"ဟေ့ ...ဆရာကြီးက ငိုတာမကြိုက်ပါဘူးလို့ ပြောထားတာ မကြားဘူးလား"
သူ့ဘေးမှ ယောကျ်ားလေး၏ ဟန့်တားသော စကားဖြစ်သည်။ သူ့လုပ်ရပ်သည် ကျွန်တော့်ရင်ကို ထိခိုက်သည်။
သူတို့ မငိုချင်လို့ မဟုတ်။ ကျွန်တော်က ငိုတာမကြိုက်လို့ မငိုခြင်းဖြစ်သည်ကို သိလိုက်ရ ပါသည်။
နောက်ထပ်တော့ ငိုရှိုက်သံ ဘာမျှ မကြားရတော့ပါ။ မျက်ရည်ကျသည်ကိုလည်း မတွေ့ရတော့ပါ။ အံ့သြ စရာ ငြိမ်သက်စွာ ထိုင်နေကြပါသည်။ ကျွန်တော့်ရင်ထဲမှာ ခံစားရပါသည်။ သို့သော် ခံစားမှုကို မပေါ်အောင် ထိန်းချုပ်ထားပါသည်။ ဆယ့်ငါးမိနစ်တိတိပြည့်သောအခါ ကျောင်းအုပ်ဆရာကြီး ပြ န်ရောက်လာပါသည်။
"ကဲ...တပည့်တို့ ဆယ့်ငါးမိနစ်ပြည့်သွားပါပြီ။ ခုချိန်ကစပြီး ကျောင်းဆင်းပေးလိုက်ပြီ။ ပြန်ကြ ...."
ဆရာကြီးက အသံကို ပိုမြှင့်ပြီး ပြောလိုက်ပါသည်။
ကျောင်းသားများက မလှုပ်။ ငြိမ်သက်စွာ ထိုင်လျက်။ ဆရာကြီးကို မလေးမစားပြုနေကြခြင်း မဟုတ်ပါ။ ငြိမ်ငြိမ်ကလေးထိုင်နေကြခြင်းသာ ဖြစ်သည်။
"ဒီကောင်တွေကလည်း အပြန်ခိုင်းလို့မရဘူးဗျာ။ ဆရာနောက်ဘက်က နားနေခန်းထဲမှာ ဆရာ့လုပ်ဖော်ကိုင်ဘက်တွေကိုလည်း သွားပြီး အားပေးလိုက်ပါဦးဆရာ"
ဆရာကြီး ကလေးများနှင့် ကျန်ရစ်သည်။ ကျွန်တော် နားနေခန်းဆီသို့ သွားလိုက်သည်။
ကျွန်တော့် သူငယ်ချင်း ကိုလူအေးနှင့် ဆရာဦးလှမင်းတို့ စားပွဲရှည်ကြီးပေါ်မှာ ကိုယ်တစ်ပိုင်းမှောက်လျက်ငိုနေကြသည်။ ကျန်သည့် ဆရာ၊ ဆရာမအားလုံးမှာလည်း ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေကြပါသည်။
ဤအခန်းမှာ ကြာကြာနေလျှင် ကျွန်တော်ပါ ငိုမိနိုင်သည်။ ဥပဒေဆိုသည်မှာ ကိုယ်ကထုတ်ပြီးလျှင် ကိုယ်တိုင်လိုက်နာရမည်ဟု ကျွန်တော်ခံယူပါသည်။ ကျွန်တော့်တပည့်လေးများ ဘယ်သူမျှ မငိုကြပါ။
ကျွန်တော်ရှေ့သို့ ပြန်ရောက်ပြီး မကြာမီပင် သားသည်မအေများက ကလေးကို ခါးထစ်ခွင်ချီလျက် ပြေးပြေးလွှားလွှား ရောက်လာကြသည်။ ပြတင်းတစ်ပေါက်လျှင် သုံးယောက်နှုန်း နေရာယူ၍ အသံထွက်ပြီး ငိုနေကြပါသည်။ စျေးဆိုင်တန်းမှ သတင်းပေး၍ ပြေးလာကြခြင်း ဖြစ်သည်။ မငိုသောကလေးများကို ကြည့်ပြီးသူတို့က ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေကြသည်။
ကျွန်တော့်တပည့်လေးများက ပြတင်းပေါက်မှာ ရပ်လျက် ငိုနေကြသော မိဘများကို လှမ်းကြည့်ပြီး သဘောကျနေကြဟန်တူသည်။
"ကောင်းတယ် ငါတို့က ငိုလို့မရဘူး။ သူတို့က ငိုလို့ရတယ်။ ငါတို့ ကိုယ်စား ငိုကြ" ဟု ကျေနပ်နေဟန်ရှိပါသည်။
ဆရာကြီးရော ကျွန်တော်ပါ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် သုံးနာရီခွဲလောက်မှာ ဘတ်စ်ကားခြောက်စီး ကျောင်းထဲသို့ ဝင်လာသည်။
ရှေ့ဆုံးကားပေါ်မှ ရွာလူကြီးဦးညိုတုတ်ဆင်းပြီး ကျောင်းထဲသို့ ဝင်လာသည်။ ဆရာကြီးကိုပင် ခွင့်မတောင်းတော့ပါ။ ကျောင်းသားကျောင်းသူများအားလုံး ကြားအောင် အော်ပြောပါသည်။
"ကဲ...သားတို့သမီးတို့ မင်းတို့ကလည်း အပြန်ခိုင်းလို့ မရဘူး။ ဆရာကြီးကလည်း မီးရထားအချိန်မီ မန္တလေးဘူတာကြီးကို သွားရမယ်။ ဆရာကြီး ပစ္စည်းတွေလည်း ဘကြီးမှုံအိမ်ကနေ တင်ခဲ့ပြီ။ ဘကြီးမှုံ ကိုယ်တိုင်လည်း ပါလာပြီ။ မင်းတို့ကို အပြန်ခိုင်းတာမရလို့ မင်းတို့ပါ မန္တလေးဘူတာကြီးအထိ လိုက်ပို့နိုင်အောင် ဘတ်စ်ကားခြောက်စင်း စီစဉ်လာတယ်။ သားတတို့ သမီးတို့အားလုံး ကားတွေပေါ် မျှတက်ကြပါ"
ရွာလူကြီးဦးညိုတုတ်၏ စကားဆုံးသည်နှင့် တစ်ချိန်လုံး ငြိမ်သက်နေသော ကလေးများအားလုံး ကားများဆီသို့ ပြေးသွားကြပါသည်။ ကားများပေါ်သို့ ရောက်သောအခါ ငြိမ်သက်စွာထိုင်နေကြပါသည်။
ပြတင်းပေါက်မှ ရပ်ကြည့်နေသော သားသည်အမေအားလုံး ရွာဆီသို့ ပြန်ပြေးကြသည်။ ကိုယ့်အိမ်ရှေ့မှာ ရပ်လျက်စောင့်ကြိုနှုတ်ဆက်ကြမည်ဖြစ်သည်။
ရွာလူကြီးများနှင့် ကျောင်းတည်ဆောက်ရာတွင် တက်ကြွစွာ ပါဝင်ကြသော မိဘများပါ ကားများပေါ်တက်ကြသည်။ ရွာလူကြီးများက ကျောင်းအုပ်ဆရာကြီးနှင့် ကျွန်တော်တို့ ဆရာ၊ ဆရာမများကို ရှေ့ဆုံးကားများမှ မျှတင်ပေးကြသည်။
ကားတန်းကြီး ကျောင်းဝင်းထဲမှ ထွက်ခွာ၍ ရွာလမ်းအတိုင်း မောင်းလာပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၄)
No comments:
Post a Comment