November 15, 2020

ဝင်ငွေရရှိရေးအတွက် အာမခံချက်ရှိသော ဆိတ်မွေးမြူရေးလုပ်ငန်း

ထွန်းလှိုင်(မြိုင်)

        ဆိတ်မွေးမြူရေးသည် ကျေးလက်နေပြည်သူများအတွက် အရင်းအနှီးအနည်းဆုံးနှင့် မိသားစုဝင်ငွေရရှိစေသောလုပ်ငန်းဖြစ်ပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် မိုးခေါင်ရေရှားဒေသဖြစ်၍ မွေးမြူရေးသည် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိရေးအတွက် အာမခံချက်ရှိသောလုပ်ငန်းတစ်ခုဖြစ်သည့်အပြင်မိသားစုဝင်ငွေ သေချာသောလုပ်ငန်းဖြစ်ပါသည်။

        ဆိတ်မွေးမြူရေးအတွက် အဓိကရည်ရွယ်ချက်မှာ အသား၊ သားရေ ရရှိရန်ဖြစ်၍ တချို့နေရာများတွင် ကလေးများ၊ အရွယ်ကြီးသူများ ဆိတ်နို့ကို ကျန်းမာရေးအတွက် အသုံးပြုကြသည်။ ဆိတ်တစ်ကောင်၏ ကိုယ်အလေးချိန်သည် နွားတစ်ကောင်၏ အလေးချိန်၏ ရှစ်ပုံတစ်ပုံခန့်သာဖြစ်သော်လည်း နို့တစ်ပိဿာခန့်ထွက်ရှိနိုင်သည်။ ဆိတ်နို့သည် နွားနို့နှင့်ယှဉ်လျှင် ပရိုတိန်းနှင့် အဆီဓာတ်ပါဝင်မှု တူညီသော်လည်း ဆိတ်နို့ရှိ အဆီခဲကလေးများသည် ပိုမိုသေးငယ်သဖြင့် အစာကြေလွယ်သည်။ ဘက်တီးရီးယားပိုးပါဝင်မှုနှုန်းနည်းသည်။ သို့ဖြစ်၍ အသက်အရွယ်ကြီးရင့်သူများ၊ ကလေးများ၊ လူမမာများအတွက် အထူးသင့်လျော်သည်။

        ဆိတ်သည် နို့ညှစ်ရလွယ်ကူသည့်အပြင် သဘာဝအရလည်း အကြမ်းခံနိုင်သည်။ မြက်၊ အသီးအရွက် မျိုးစုံစားနိုင်သည်။ ဆီးပင်၊ ဆူးပင်များ ကြိုက်နှစ်သက်သည်။ ဆိတ်၏အစာအိမ်သည် အမျှင်ကြမ်း၍ ချေဖျက်နိုင်စွမ်းရှိခြင်းကြောင့် စားကျက်မကောင်းသော်လည်း ဆိတ်များကို ကောင်းစွာမွေးနိုင်သည်။ ဆိတ်သည် သားအောင်မြင်နှုန်း၊ မွေးဖွားနှုန်းကောင်းမွန်ပြီး တစ်နှစ်၊ နှစ်သားပုံမှန်မွေးသဖြင့် အကျိုးအမြတ်ခံစားရသည်။ ဆိတ်သားမှာ လူကြိုက်များ၍ အမြဲတမ်း အသားစျေးနှုန်း မြင့်မားသည့်အတွက် ဆိတ်မွေးမြူရာတွင် ကောင်းမွန်သောဆိတ်မျိုးများ ရွေးချယ်ဝယ်ယူနိုင်ရန် အထူးလိုအပ်ပေသည်။

ဓာတ်ပုံ - amazonaws

        ယခုအခါ မြန်မာနိုင်ငံတွင် ဆိတ်မွေးမြူရေးလုပ်ကိုင်သော မွေးမြူရေးသမားများအနေဖြင့် မြန်မာဆိတ်မျိုးများအဖြစ် ထိန်စမ်းမျိုး၊ ဂျိတ်နီမျိုး၊ ဝေသာလီမျိုးတို့ကို မွေးမြူကြသည်။

        ထိန်စမ်းမျိုးသည် အလုံးအရပ်ထွားကြိုင်းသည်။ အမွေးရောင်မှာ ကိုယ်လုံးအဖြူရောင်၊ ဦးခေါင်းမည်းပြီး မုတ်ဆိတ်ပါရှိသည်။ နားရွက်ရှည်၍ တွဲကျသည်။ ကိုယ်အလေးချိန်မှာ အထီး ၅ဝ ကီလို၊ အမ ၂၉ ကီလို၊ အရပ် အထီး ၇၆ ဒသမ ၂ စင်တီမီတာ၊ အမ ၆၈ ဒသမ ၅၈ စင်တီမီတာ ရှိပြီး ချောက်မြို့နယ်၊ မြိုင်၊ နတ်မောက်နှင့် ပုပ္ပါး၊ ကျောက်ပန်းတောင်းမြို့နယ်များတွင် အများဆုံးတွေ့ရသည်။

        ဂျိတ်နီမျိုးသည် အရွယ်အစားကြီးမားပြီး အမွေးရောင်မှာ အညိုရောင်ဖြစ်သော်လည်း အနက်ဘက်နွယ်ပြီး အလေးချိန်အားဖြင့် အထီး ၄၅ ကီလို၊ အမ ၄၂ ကီလိုခန့်ရှိသည်။ အရပ်မှာ အထီး ၇၃ ဒသမ ၆၆ စင်တီမီတာခန့်ရှိသည်။ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်နယ်တစ်ဝိုက်တွင် တွေ့ရှိရပြီး အထူးသဖြင့် မြေပြန့်ဒေသတွင် မွေးမြူရန် သင့်တော်သည်။

        ဝေသာလီမျိုးသည် အလုံးအထည်သွယ်ပြီး အမွေးအရောင်မှာ ဂျိတ်နီမျိုးကဲ့သို့ဖြစ်ပြီး ကိုယ်အလေးချိန်မှာ အထီး ၃၈ ကီလို၊ အမ ၃၁ ကီလို၊ အရပ် အထီး ၈၁ ဒသမ ၂၈ စင်တီမီတာ၊ အမ ၆၈ ဒသမ ၈၅ စင်တီမီတာ ရှိပြီး ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တစ်ဝိုက်တွင် မွေးမြူကြသည်။

        ဖော်ပြပါဆိတ်မျိုးများကို မွေးမြူသူ စိတ်ကြိုက်မွေးမြူနိုင်ပါသည်။ သို့သော် စီးပွားဖြစ်မွေးမြူသည်ဖြစ်၍ အကျိုးဖြစ်ထွန်းရန် လိုအပ်ပါသည်။ ကပြားမျိုးများဖြစ်သည့် ထိန်စမ်း၊ ဂျိတ်နီမျိုးများသည် မြေပြန့်ပိုင်းတွင် အမွေးများ၍ အောင်မြင်နေကြောင်း စာရေးသူကိုယ်တိုင် အနီးကပ်မွေးမြူစောင့်ရှောက်ပေးခဲ့ဖူးသည်။

        ယခုအခါ ဆိတ်မွေးမြူရေးလုပ်ငန်းသည် ယခင်ကထက် ပိုမိုမွေးမြူလာကြပြီး ဆိတ်သား၏ ကောင်းမွန်သောအရသာ၊ ထုတ်လုပ်မှုမြင့်မားခြင်း၊ မီနီမားကတ်များတွင် ဆိတ်သားခြောက်ဘူးများ နေရာယူထားခြင်းကြောင့် ဆိတ်သားစျေးမြင့်မားနေခြင်းဖြစ်သဖြင့် ဆိတ်မွေးမြူရေးကို မွေးမြူရေးသမားများ အလေးထားမွေးမြူနိုင်ကြပါရန် ရေးသားတင်ပြလိုက်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၃)

No comments:

Popular Posts