လယ်တွင်းသားစောချစ်
မိဘများ ကိုယ့်အိမ်ရှေ့မှ ရပ်လျက်လက်ပြရင်း ငိုကြပါသည်။ မိဘအချို့ မီရာကားပေါ် ပြေးတက်လိုက်ပါကြသည်။ ကျန်းမာရေးဆေးခန်းရှေ့ ရောက်သောအခါ ကျန်းမာရေးဆေးမှူး ဆေးခန်းထဲမှ ပြေးထွက်လာ၍ မီရာ ကားပေါ် တက်သည်။
ကားတန်းကြီး ကျောက်မီးရွာမှ ထွက်လာခဲ့ပါပြီ။ ရွာအပြင် ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ကျောင်းသားတစ်ယောက်က စတင်လိုက်ပါသည်။
"မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။ မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။ မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်။"
ပထမတော့ ကျောင်းသားတစ်ယောက်တည်း သူ့ခံစားချက်နှင့် သူဆိုခြင်းဖြစ်သည်။ အသံကလည်း ခပ်တိုးတိုးသာ ဖြစ်ပါသည်။
သို့သော် ကျန်သည့် ကျောင်းသား၊ ကျောင်းသူများကလည်း ခံစားချက်တူကြသည်။
"မှန်တယ်ကွ...ဒါဟာ ဆရာနဲ့ ငါတို့ နေ့တိုင်းသီဆိုတဲ့ သီချင်း"
ဟု ယူဆဟန် တူပါသည်။ လိုက်ဆိုကြသည်။ အဓိဋ္ဌာန် (၄)ချက်ကိုသာ ထပ်ခါထပ်ခါသီဆိုနေကြသည်။ ဆိုရင်းနှင့် ကားတစ်စင်းလုံး ညီညာသော အသံထွက်လာသည်။ အသံကကျယ်လည်း ကျယ်လာသည်။
ကျန်သည့် ကားများ ကြား၍ ကျန်ကားများမှ ကျောင်းသား ကျောင်းသူများပါ လိုက်ဆိုကြသည်။
အောင်ပင်လယ်ကန်ဘောင်ရိုးပေါ်သို့ ရောက်သောအခါ ကားခြောက်စင်းမှ ထွက်လာသောသီချင်းသံသည် လယ်ကွင်းများပေါ်သို့ လွှမ်းကျော်၍ ကောင်းကင်အမြင့်သို့ လွင့်တက်သွားပါသည်။
ထိုအချိန်တွင် ကျောင်းအုပ်ဆရာကြီးက ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဆရာ...ငိုလိုက်တော့ ဆရာ... ဒီအချိန်ဟာ ငိုဖို့ကောင်းတယ် ဆရာ"
ဆရာကြီးက ကျွန်တော့်ကို အငိုခိုင်းနေပါသည်။ သူကိုယ်တိုင်လည်း ပါးပေါ် မှာ မျက်ရည်များ စီးကျနေပါပြီ။
ကျွန်တော် ဆရာကြီးကို လေးစားပါသည်။ အားလည်းနာပါသည်။ သို့သော် ကျွန်တော်ငို၍ မရပါ။
ကျွန်တော်တို့ကားပေါ်မှာ ပါလာသည့်ကလေးများကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ ကျွန်တော်နှင့် ကလေးများကြားမှာ ကတိကဝတ်ရှိသလို ဖြစ်နေပါသည်။ ကျွန်တော်ငို၍ မရပါ။ ကလေးများ သီဆိုနေကြသော သီချင်းသံကို နားထောင်ရင်း ကျွန်တော်ရင်ထဲမှာ စိတ်မကောင်းခြင်းနှင့် တွဲလျက် ကြည်နူးမှုကိုလည်း ခံစားနေရသည်။
မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။
မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။
မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။
မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁)
No comments:
Post a Comment