November 6, 2020

ငါးပြေမမွေးမြူခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်နိုင်မည်

အိမ်မဲဦးစိန်ဝင်း

        ကမ္ဘာကြီးကို မှီတင်းနေထိုင်ကြသော ကမ္ဘာ့လူမျိုးအသီးသီးတွင် ဒေသအလိုက် ရိုးရာအစားအစာများ ဖန်တီးပြုလုပ် စားသောက်လေ့ရှိကြပါသည်။ မြန်မာနိုင်ငံတွင် ရိုးရာအစားအစာများအဖြစ် မုန့်ဟင်းခါးနှင့် ညှပ်ခေါက်ဆွဲသည် မြန်မာတစ်နိုင်ငံလုံးရှိ လူမျိုးတိုင်း နှစ်ခြိုက်စွာစားသုံးသော သရေစာမုန့်တစ်မျိုးလည်း ဖြစ်ပါသည်။ နံနက်စောစောအဆာပြေအဖြစ် စားသုံးကြသကဲ့သို့ နေ့လယ်စာအဖြစ် ထမင်းနှင့်တွဲဖက်၍လည်း စားသုံးကြသေးသည်။ ဘုရားပွဲတော်များ၊ အလှူအတန်းများနှင့် အခြားဧည့်ခံပွဲများတွင် လူအများကို လှူဒါန်းကျွေးမွေးသော ဗမာမုန့်လည်း ဖြစ်ပါသည်။

        မုန့်ဟင်းခါးနှင့် ညှပ်ခေါက်ဆွဲကို စားသုံးရာတွင် စားစရာအမယ်များစွာ စပ်ဟပ်စားသုံးလေ့ရှိသော်လည်း မပါမဖြစ်သောအရာမှာ မုန့်ဟင်းခါးဟင်းရည်ဖြစ်ပါသည်။ မုန့်စားကောင်းသည် မကောင်းသည်မှာ ဟင်းခါးရည်ပေါ်တွင် မူတည်ပါသည်။ ဟင်းခါးရည်ကောင်းမွန်လျှင် မုန့်စားရာတွင် အလွန်အရသာရှိပါသည်။ အချို့ အလှူပွဲများတွင် မုန့်ဖတ်နှင့် ဟင်းခါးရည် နှစ်မယ်သာစပ်၍ တစ်ပင်တိုင် မုန့်ဟင်းခါးအဖြစ် ကျွေးမွေးကြပါသေးသည်။ဟင်းခါးရည်ကောင်းလျှင် အခြားအမယ်များဖြစ်သည့် ပဲမှုန့်၊ ဆီချက်၊ အကြော် စသည်တို့ပင် ထည့်သုံးခြင်းမပြုကြပေ။

ဓာတ်ပုံ - ytimg

        မုန့်ဟင်းခါးဟင်းရည်ချက်ရာတွင် ရေချိုငါးမျိုးကို ဟင်းခတ်အဖြစ် အသုံးပြုကြသော်လည်း ရေချိုငါးများဖြစ်ကြသော ငါးခူနှင့် ငါးပြေမသည် အကောင်းဆုံး ဟင်းခတ်ငါးများဖြစ်ကြသည်။ ယခုအခါ ငါးခူမှာ ရှားပါးခြင်း၊ စျေးကြီးခြင်းတို့ကြောင့် မုန့်ဟင်းခါးရည်ချက်ရာတွင် အသုံးနည်းလာကြသည်။ ငါးပြေမမှာမူ ဝယ်ယူရလွယ်ကူခြင်း၊ ဟင်းရည်ချိုခြင်းကြောင့် ဟင်းခါးချက်ရာတွင် အသုံးများလာသည်။ ဒေသအလိုက် ငါးပြေမမွေးမြူရေးကို လုပ်ဆောင်လာခြင်းကြောင့် ငါးစျေးကွက်တွင် ငါးပြေမသည် အတော်အတန် နေရာယူလာသည်။ ဆီပြန်ချက်စားလျှင်လည်း အလွန်ကောင်းမွန်လှပါသည်။ ရပ်ဝေးဧည့်သည်များကိုလည်း ငါးပြေမဆီပြန်ဟင်းနှင့် ဧည့်ခံကျွေးမွေးကြသေးသည်။

        စာရေးသူတို့ မြစ်ဝကျွန်းပေါ်ဒေသတွင် ဒေသရှိ ငါးပြေမနှင့် ထိုင်းငါးပြေမနှစ်မျိုး မွေးမြူကြပါသည်။ ငါးပြေမမျိုးသည် အသက်ပြင်းခြင်း၊ မွေးရလွယ်ကူခြင်း၊ မွေးချိန်မကြာခြင်း၊ နေရာကျဉ်းကျဉ်းတွင် မွေးမြူနိုင်ခြင်းကြောင့် မွေးမြူသူများလာသည်။ 

        ငါးမွေးမြူရေးလုပ်ငန်းကို စိတ်ပါဝင်စားသူတို့အတွက် ငါးပြေမမွေးမြူမည်ဆိုလျှင် ကန်ကို အလျား ၁၅ ပေ၊ အနံ ၁ဝ ပေ၊ အနက် သုံးပေခန့် တူးရမည်။ ကန်တူးရာတွင် အနက်ပိုင်းကိုကျဉ်း၍ ဇလားပုံ တူးပေးရသည်။ မြေကြီးကန်မလုပ်လိုပါက တာပေါ်လင်(တာလပတ်)ကို ကန်ပုံစံချုပ်၍ ရေသွင်းကာမွေးမြူနိုင်ပါသေးသည်။ မြေကျဉ်းကျဉ်းသာရှိသူများသည် ၄င်းတာပေါ်လင်ပေါ်တွင် ကန်ပြုလုပ်၍ မွေးကြပါသေးသည်။ ရေအနက် နှစ်ပေခန့် အမြဲရှိစေရပြီး ရေကန်တွင်းရှိ ရေနောက်ကျိပါလာခြင်း၊ မသန့်ရှင်းခြင်းဖြစ်လာက ရေကိုထုတ်၍ ရေသန့်ကို ပြန်ထည့်ပေးရပါမည်။

        အထက်ပါ အတိုင်းအတာရှိ ကန်တွင် ငါးသားပေါက် ၃ဝဝ ခန့်ထည့် မွေးနိုင်ပါသည်။ သုံးလနှင့် လေးလခန့်သာမွေးလျှင် ရောင်းတန်းဝင်ငါးများ ရရှိနိုင်ပါသည်။ တစ်နေ့ သုံးကြိမ် အစာကျွေးရပါသည်။ ယခုအခါ ငါးစာရောင်းသော ကုမ္ပဏီများရှိနေသဖြင့် သက်တမ်းအလိုက် ကျွေးရမည့် စပ်စာများကို ထုတ်လုပ်ရောင်းချနေကြပါသည်။ နည်းပညာများလည်း ဖြန့်ဝေပေးနေကြပါသည်။ ရောဂါကာကွယ်ဆေး၊ ကုသဆေးများလည်းရောင်းချပေးနေသဖြင့် မွေးမြူရအဆင်ပြေလှပါသည်။ သက်တမ်းသုံးလ၊ လေးလတွင် ငါးတစ်ကောင်၏ အလေးချိန်သည် ခုနစ်ကျပ်သားနှင့် ၁၅ ကျပ်သားအတွင်း ရှိနေပါသည်။ ဖောက်သည်စျေး ၇ဝဝဝ ခန့်ရှိပြီး စျေးကွက်တွင် လက်လီစျေးမှာ ၁၂ဝဝဝ ကျပ်ဝန်းကျင် ရှိနေပါသည်။ တစ်ယူနစ်လျှင် ပိသာချိန် ၁၅ဝ ခန့် ထွက်သဖြင့် အရင်းအနှီးစရိတ်နုတ်ပါက သုံးလတွင် ဝင်ငွေ ကျပ် ခြောက်သိန်းခွဲရရှိနိုင်သော လုပ်ငန်းလည်းဖြစ်ပါသည်။ စီးပွားဖြစ်လုပ်ဆောင်လိုပါလျှင် စနစ်တကျမွေးမြူ၍ အောင်မြင်နေသော ငါးကန်များသို့ သွား၍ သေချာစွာ လေ့လာသင့်ပါသည်။ အောင်မြင်နေသူတို့၏ အကြံဉာဏ်များကို တောင်းယူခြင်း၊ စနစ်တကျလေ့လာခြင်းတို့လည်း လုပ်ဆောင်ရပါသည်။ စာရေးသူတွေ့ရှိမှုကို အကြမ်းဖျင်းရေးသားတင်ပြခြင်းသာ ဖြစ်ပါသည်။ ဆက်လက်လေ့လာပြီး အောင်မြင်အောင်မွေးမြူကြရန် တိုက်တွန်းအပ်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၂)

No comments:

Popular Posts