November 25, 2020

ဗီတာမင်ဒီနှင့် ကျန်းမာရေး

ညွန့်ဝင်း(နတ်တလင်း)

        ဗီတာမင်ဒီကို လူ့အရေပြားနှင့် နေရောင်ခြည်ထိတွေ့ရာမှ ပမာဏအများဆုံး ရရှိပါသည်။ လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဒီပမာဏ၏ ၈ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းကို နေရောင်ခြည်မှရရှိသည်။ လူ၏အရေပြားနှင့် နေရောင်ခြည်၏လှိုင်းပမာဏ (၂၉ဝ နှင့် ၃၁၅ nm) ရှိ အယ်ထရာ ဗိုင်အိုလက်ရောင်ခြည် (Ultramin D3) တို့ ထိတွေ့သောအခါ 7 dehydrocholesterol ဒီဟိုက်ဒရိုကိုလက်စထရောဟု ခေါ်သည့် အဆီမော်လီကျူးသည် ဗီတာမင်ဒီ-၃ (Vitamin D3) အဖြစ် ပြောင်းလဲလာခြင်းဖြစ်သည်။ လူတို့စားသုံးသော အစားအစာများမှ ဗီတာမင်ဒီ ၂ဝ ရာခိုင်နှုန်းရရှိသည်။ ၄င်းဗီတာမင်သည် ကျောက်ကပ်နှင့် အသည်းတို့တွင် ထပ်ဆင့်ပြောင်းလဲမှုဖြစ်ပေါ်ပြီး ကိုယ်ခန္ဓာအတွင်းရှိ သက်ဆိုင်ရာဆဲလ်များပေါ်တွင် အကျိုးသက်ရောက်မှု ဗီတာမင်များ ဖြစ်လာသည်။

        ဗီတာမင်ဓာတ်ချို့တဲ့လျှင် ကလေးများ ကြီးထွားမှုနှေးကွေးခြင်း၊ သွားပေါက်နောက်ကျခြင်း၊ ကယ်လ်ဆီယမ်ဓာတ် အလွန်နည်းသော ကလေးများတွင် ကြွက်တက်ခြင်း၊ အတက်ရောဂါနှင့် အသက်ရှူမမှန်ခြင်း၊ အလွန်ချို့တဲ့သော ကလေးများတွင် ခြေထောက်ခွင်ခြင်း၊ ခြေထောက်ရှိ အရိုးများနာကျင်ခြင်း၊ အရိုးကျိုးခြင်း၊ကြွက်သားများညောင်းခြင်း၊ နာခြင်းတို့ ခံစားဖြစ်ပေါ်စေနိုင်သည်။

        လူကြီးများ ဗီတာမင်ဒီဓာတ် ချို့တဲ့လျှင် တစ်ကိုယ်လုံးပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ နာကျင်ညောင်းညာခြင်း၊ အတက်အဆင်း အထိုင်အထခက်ခဲခြင်း၊ အရိုးများနာကျင်ခြင်း၊ လဲကျရန်လွယ်ကူခြင်း၊ အလွယ်တကူ အရိုးကျိုးခြင်းများ ဖြစ်နိုင်သည်။

        ဗီတာမင်ဒီသည် လူ့ခန္ဓာကိုယ်အတွက် အကျိုးသက်ရောက်မှု အလွန်များသည်။ ကိုယ်ခန္ဓာအတွင်း ကယ်လ်ဆီယမ် (Calcium) နှင့် ဖော့စ်ဖရပ် (Phosphorus) ကို ထိန်းညှိပေးသည်။ ထိုသို့ ထိန်းညှိပေးခြင်းဖြင့် အရိုး၊ သွားကျန်းမာရေးနှင့် ကြွက်သားများ ပုံမှန်အလုပ်လုပ်ခြင်းကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ကိုယ်ခန္ဓာအစိတ်အပိုင်းအသီးသီးရှိ ဆဲလ်များတွင် ဗီတာမင်ဒီလက်ခံရရှိမှုကြောင့် ဆဲလ်များ ကြီးထွားခြင်း၊ ရောဂါခုခံတိုက်ဖျက်အားများအပေါ် အကျိုးသက်ရောက်မှုရှိခြင်းတို့ကို တွေ့ရသည်။

ဓာတ်ပုံ - assetsadobe

        ဗီတာမင်ဒီ ချို့တဲ့မှုသည် နေရောင်ခြည်ရရှိမှု အားနည်းသော နိုင်ငံများတွင် အဖြစ်များသည်ကို တွေ့ရသည်။ သို့သော် ယခုဆယ်စုနှစ်ပိုင်းအတွင်းတွင် သုတေသနပြုလုပ်ချက်များအရ အာရှနိုင်ငံများတွင်လည်း ဗီတာမင်ဒီဓာတ်ချို့တဲ့မှုများရှိကြောင်း သိရသည်။

        အိန္ဒိယမြောက်ပိုင်းဒေသ အထက်တန်းကျောင်းသူ ၄ဝဝ ကျော်ကို သုတေသနပြု လုပ်ကြည့်ကြရာ ၉ဝ ရာခိုင်နှုန်းမှာ ဗီတာမင်ဒီဓာတ်ချို့တဲ့ကြောင်း တွေ့ရသည်။ တဖန် ထိုင်းနိုင်ငံတွင် အသက် ၂ဝ နှင့် အသက် ၆ဝ အရွယ်ရှိသူများကို သုတေသနပြုလုပ်ကြည့်ရာ ၄ဝ ရာခိုင်နှုန်းကျော်မှာ ဗီတာမင်ဒီဓာတ်ချို့တဲ့ကြောင်း တွေ့ရပြန်ပါသည်။ နေရောင်ခြည်ရရှိသော အာရှနိုင်ငံများတွင် ထိုသို့ ဗီတာမင်ဓာတ်ချို့တဲ့ရခြင်းမှာ နေရောင်ခြည်ဒဏ်ကို ကာကွယ်ရန် လုံခြုံလွန်းစွာ ဝတ်စားဆင်ယင်ခြင်း၊ နေရောင်ခြည်ကာကွယ်သည့်ဆေးများ လိမ်းခြင်း၊ မြို့နေလူတန်းစားများတွင် နေရောင်ခြည်ထဲ၌ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့ကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဆေးပညာရှင်များက ယူဆကြသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း လေ့လာဆန်းစစ်သုတေသနပြုမှုများ မရှိသေးသော်လည်း အိမ်နီးချင်းနိုင်ငံများနည်းတူ ဗီတာမင်ဓာတ်ချို့တဲ့မှုများ ရှိနိုင်သည်ဟု ယူဆကြပါသည်။

        ဗီတာမင်ဒီဓာတ်လုံလောက်စွာရရှိရန် နည်းလမ်းသုံးသွယ်ဖြင့် လိုက်နာဆောင်ရွက်နိုင်ပါသည်။

နေရောင်ခြည်မှရရှိခြင်း

        နေရောင်ခြည်နှင့် အရေပြားထိတွေ့ကာ ဗီတာမင်ဓာတ် ရရှိနိုင်မှုနှုန်းသည် ရာသီဥတုအလိုက် နေရောင်ခြည်ရရှိမှုနှင့် အသားအရေ အရောင်ပေါ်တွင် မူတည်ပါသည်။ စာရေးသူတို့ မြန်မာနိုင်ငံ၌ နွေ၊ မိုး၊ ဆောင်းဥတုသုံးပါးစလုံးတွင် နေရောင်ခြည်ပုံမှန်ရရှိနိုင်သောကြောင့် ခြေထောက်နှင့် လက်များကို တစ်နေ့လျှင် ၅ မိနစ် မှ ၁ဝ မိနစ်ခန့် နံနက် ၈ နာရီမှ ၁၁ နာရီအတွင်း တစ်ပတ်လျှင် ၅ ရက်မျှ နေရောင်ခြည်ခံယူပါက အရိုးအတွက် လိုအပ်သော ဗီတာမင်ဒီကို လုံလောက်စွာ ရရှိနိုင်သည်ဟု ဆေးပညာရှင်များက ဆိုသည်။

အစားအစာမှရရှိခြင်း

        ဗီတာမင်ဒီဓာတ်ကို အစားအစာ တစ်မျိုးတည်း စားသုံးခြင်းဖြင့်တော့ လုံလောက်စွာ ရရှိရန်ခဲယဉ်းသည်။ သို့သော်လည်း ဗီတာမင်ဒီဓာတ်ပေါကြွယ်စွာပါရှိသော အဆီများသည့် ငါးများ၊ ကြက်ဥ၊ နို့၊ ဒိန်ချဉ်၊ ဂျပန်ဟီတာရှီမှို အမျိုးအစားတို့ကို စားသုံးခြင်းဖြင့် ရရှိနိုင်ပါသည်။ 

ဗီတာမင်ဒီဆေးသောက်သုံးခြင်းဖြင့် ရရှိခြင်း

        သာမန်အားဖြင့် ဗီတာမင်ဒီအများစုကို နေရောင်ခြည်ထိတွေ့ခြင်းဖြင့်လည်း ရရှိနိုင်သည်။ သို့ရာတွင် ဗီတာမင်ဒီဓာတ် ပိုမိုလိုအပ်သောသူများ၊ ဗီတာမင်ဒီဓာတ်ချို့တဲ့သည့် ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့်အသက် ၅ နှစ်အောက် ကလေးငယ်များတွင် ဗီတာမင်ဒီဆေးကို ဖြည့်စွက်သောက်သုံးရန် လိုအပ်သည်။ သောက်သုံးရမည့်နှုန်းမှာ တစ်နေ့လျှင် ဗီတာမင်ဒီ ၄ဝဝ ယူနစ်အနည်းဆုံး သောက်သုံးပေးခြင်းဖြင့် ဗီတာမင်ဒီဓာတ်ချို့တဲ့မှုကို ကာကွယ်နိုင်ပါသည်။

        ဗီတာမင်ဒီဓာတ်လိုအပ်မှုမှာ အသက်အရွယ်နှင့် ကျန်းမာရေးအပေါ် မူတည်၍ ကွဲပြားနိုင်သည်။ မွေးစမှ ကိုးနှစ်အထိ ကလေးငယ်များတွင် တစ်နေ့တာ ဗီတာမင်ဒီလိုအပ်ချက် ယူနစ် ၂ဝဝ၊ ၁ဝ နှစ်မှ ၁၈ နှစ်အထိလူငယ်များတွင် ယူနစ် ၂ဝဝ၊ အသက် ၁၉ နှစ်မှ ၅ဝ နှစ်အထိ အရွယ်များတွင် ယူနစ် ၂ဝဝ၊ ၅၁ နှစ်မှ ၆၅ နှစ်အထိ အရွယ်များတွင် ယူနစ် ၄ဝဝ၊ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများတွင် ယူနစ် ၆ဝဝ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များတွင် ယူနစ် ၄ဝဝ လိုအပ်သည်ဟု ဆေးပညာရှင်များ၏ ဖော်ပြချက်အရ သိရှိရသည်။ ထို့ကြောင့် မိမိကိုယ်ကို ဗီတာမင်ဒီဓာတ် ချို့တဲ့နိုင်မှုအချက်များနှင့် အကျုံးဝင်နေလျှင် ဗီတာမင်ဒီဓာတ်ပမာဏကို စစ်ဆေးလိုပါက ကျွမ်းကျင်သောဆရာဝန်နှင့်တိုင်ပင်၍ စစ်ဆေးမှုနည်းကို ခံယူကျင့်သုံးသင့်ပါသည်။

        ဗီတာမင်ဒီဓာတ်သည် နေရောင်ခြည်မှ ပေါကြွယ်စွာရရှိနိုင်သောကြောင့် စာရေးသူတို့ မြန်မာနိုင်ငံတွင် ဗီတာမင်ဒီဓာတ်ချို့တဲ့မှု အဖြစ်နည်းမည်ဟု ယူဆရသော်လည်း အိမ်နီးချင်းနိုင်ငံများ၏ သုတေသနပြုချက်ရလဒ်အရ မြန်မာနိုင်ငံတွင်လည်း ဗီတာမင်ဒီချို့တဲ့မှုဖြစ်နိုင်သည်ဟု ယူဆကြသည်။ ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်းသည် အရိုးကျန်းမာရေးအတွက် ဆိုးကျိုးရလဒ်များ များစွာရရှိစေနိုင်သောကြောင့် နံနက်ပိုင်းနေရောင်ခြည်ကို ထိတွေ့နိုင်အောင် ကြိုးစားခြင်း၊ ဗီတာမင်ဒီဓာတ်ကြွယ်ဝသည့် အစားအစာများကို ရွေးချယ်စားသုံးခြင်းတို့ဖြင့် ဗီတာမင်ဒီချို့တဲ့မှုကို ကာကွယ်နိုင်ကြောင်း ရးသားတင်ပြအပ်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၃)

No comments:

Popular Posts