November 24, 2020

ဘဲ‌ရောဂါများကာကွယ်ရန်နှင့် ဘဲများကို သေစေနိုင်သော ရောဂါများ

ထွန်းလှိုင်(မြိုင်)

        မွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေးသည် ထုတ်လုပ်မှုကောင်းမွန်သည့်မျိုး၊ စနစ်ကျသည့် မွေးမြူထိန်းသိမ်းနည်းပညာ၊ ကြိုတင်စီမံဆောင်ရွက်ရသည့် ရောဂါကင်းရှင်းရေး အစီအစဉ်များနှင့် ကျရောက်နိုင်သည့် ကူးစက်ရောဂါအတွက် ကာကွယ်ဆေး စနစ်တကျ အသုံးပြုပေးမှုတို့တွင် မူတည်လျက်ရှိသည်။

        ကူးစက်ရောဂါကာကွယ်တားဆီးရေးကိစ္စအတွက် ဘဲများတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများနှင့် ကာကွယ်ပေးနိုင်သည့် နည်းလမ်းများကို ဘဲမွေးမြူသူများ ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။

        မြန်မာနိုင်ငံတွင် ကြက်မွေးမြူရေးအတွက် ကာကွယ်ဆေးမျိုးစုံ ဝယ်ယူရရှိနိုင်ေသာ်လည်း ဘဲမွေးမြူရေးအတွက် ရည်ညွှန်းသည့် ကာကွယ်ဆေး အလွန်နည်းကြောင်း တွေ့ရပါမည်။ ဝမ်းဆေးဟု သိထားကြသည့် ကြက်ဘဲဝမ်းကျရောဂါအတွက် ကာကွယ်ဆေးကိုသာ ဘဲအတွက် ထိုးနှံပေးနေရပါသည်။ ထို့ကြောင့် ဘဲများကြိုတင်ကာကွယ်ရန် နည်းလမ်းများကို ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။

        မိမိဘဲခြံသို့ ထည့်သွင်းမွေးမြူမည့် ဘဲပေါက်များ ရရှိမည့်ဖောက်စက်အား ရောဂါကင်းရှင်းကြောင်း သေချာစွာစစ်ဆေး လေ့လာသင့်သည်။ ဖျားနာနေသော ဘဲများရှိပါက သီးသန့်ဖယ်ရှား ရှင်းလင်းရန်နှင့် ရောဂါကူးစက်မှုမရှိစေရေးပြုလုပ်သင့်သည်။ ကျွေးမွေးသည့် ဘဲစာသည် အာဟာရအချိုးမျှတရန် လိုအပ်သည်။ အာဟာရအချိုးမျှတမှုမရှိပါက ရောဂါဝင်ရောက်ရန် လွယ်ကူသည်။ အေးမြသန့်ရှင်းလတ်ဆတ်သောသောက်ရေအား အချိန်မရွေး ရရှိအောင် စီစဉ်ပေးရမည်။ သောက်ရေခွက်များ တစ်နေ့တစ်ကြိမ် သန့်ရှင်းပေးရမည်။ သန့်ရှင်းမှုမရှိသော သောက်ရေသည် ဘဲများအတွက် ကျန်းမာရေးနှင့် ထုတ်လုပ်မှုကိုထိခိုက်စေသည်။ အစာခွက်များသည် အမြဲတစေ ခြောက်သွေ့သန့်ရှင်းနေရမည်။ အစာခွက်စွတ်စိုနေပါက ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားစေသဖြင့် မိုက်ကိုတောက်စင်ကဲ့သို့သော မှိုရောဂါများ ဖြစ်ပွားနိုင်သည်။ ဘဲများသည် အယ်ဖလာတောက်စင်မှိုရောဂါအား ခံနိုင်ရည်နည်းပါးသဖြင့် အထက်ဖော်ပြပါအချက်များ အထူးဂရုပြုရမည်။

        ဘဲခြံတစ်ခြံတွင် သက်တမ်းတူဘဲများ ထည့်သွင်ပြီး ဆေးတိုက်ကျွေးရာတွင်လည်း တစ်ပြိုင်နက်တည်း ကျွေးရမည်။ ဘဲခြံအတွင်း၊ အပြင် သန့်ရှင်းရေးပြုလုပ်ပေးရမည်။ အခင်းမှာ ခြောက်သွေ့ပြီး အပြင်ပိုင်း ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်။

        ဘဲခြံတွင်း လေဝင်လေထွက်ကောင်းမွန်၍ ဘဲများ ပြွတ်သိပ်အောင် မထည့်ရ။ ခွေး၊ ကြောင်၊ ကြွက်ကဲ့သို့သော သတ္တဝါများ ဘဲခြံတွင်းသို့ မဝင်အောင် ဆောက်လုပ်ပေးရမည်။ ဘဲသေဆုံးခဲ့ပါက မီးရှို့ဖျက်ဆီးခြင်း၊ ကျင်းနက်စွာတူး၍ မြှုပ်ပစ်ခြင်းဖြင့် ရောဂါကာကွယ်ပါသည်။ မွေးမြူထားသောဘဲများ ဖိစီးမှုဒဏ် အနည်းဆုံးဖြစ်စေခြင်းဖြင့် ထုတ်လုပ်မှုမထိခိုက်နိုင်ပေ။

        ဘဲမွေးမြူရေး ခြံတွင်းသို့ ပြင်ပသူစိမ်းများ၊ ယာဉ်အဝင်အထွက်များ၊ ထိန်းချုပ်ခြင်းဖြင့် ပြင်ပခြံမှ ရောဂါများမဝင်ရောက်နိုင်ပါ။ ဘဲခြံအတွင်း မဝင်ရောက်မီ ခြေဆေးကန်ပြုလုပ်ထားရမည်။ ဘဲဝမ်းကျရောဂါကာကွယ်ဆေး ပုံမှန်ထိုးရမည်။ အားပြည့်ဆေးများ ကြိုတင်ကျွေးခြင်းဖြင့် ခံနိုင်ရည်ရရှိနိုင်ပါသည်။ ဘဲခြံပြင်ပပတ်ဝန်းကျင် မွှား၊ လှေး၊ ကပ်ပါးကောင်များ နှိမ်နင်းခြင်း တစ်နှစ်တစ်ကြိမ် ပြုလုပ်ပါ။ ဘဲစာနှင့် ပိုးသတ်ဆေးများ ဝေးကွာစွာထားရမည်။

ဓာတ်ပုံ - အင်တာနက်

ဘက်တီးရီးယားပိုးကြောင့် ဘဲသေစေနိုင်သောရောဂါ

        ဤပိုးဝင်ရောက်ခြင်းကြောင့် ဘဲများ ဝမ်းကျရောဂါ ဖြစ်ပွားစေသည်။ ခြံနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိက ရောဂါဖြစ်ပွားနှုန်း မြင့်မားစေသည်။ ရောဂါဖြစ်ပွားပါက အစာစားနှုန်းကျဆင်းခြင်း၊ အသက်ရှူကျပ်ခြင်း၊ နှာရည်ယိုခြင်း၊ ဝမ်းသွားခြင်း စသည့်လက္ခဏာများ တွေ့ရသည်။ နှလုံးကြွက်သားများ၊ အူအမြှေးများပေါ်တွင် သွေးကွက်တွေ့ရခြင်း၊ ရံဖန်ရံခါ ဝမ်းဗိုက်အဆီပေါ်တွင် သွေးသွန်စက်များ တွေ့ရမည်။ ပါးစပ်မှအကျိအချွဲများကျ၍ တခြားဘဲများသို့ ကူးစက်မည်။ ရောဂါပိုးကျန်ရှိနေပါက အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းခြင်း၊ အကြောဆွဲခြင်းဖြစ်၍ မသေသော်လည်း ထုတ်လုပ်မှုကျဆင်းသည်။ ကုသရန်အတွက် ကလိုရိုတက်ထွာဆိုက်ကလင်း ပဋိဇီဝဆေးများဖြင့် ကုသပေးနိုင်သည်။ ဆေးကို သတ်မှတ်ရက်အပြည့်အဝကုသပါ။ ကာကွယ်ဆေးကို ခြောက်လတစ်ကြိမ်ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်သည်။ 

အီကိုလိုင်းရောဂါခေါ် ကိုလီဘက်စီလိုးစစ်

        ၎င်းရောဂါသည် ဘက်တီးယားပိုးကြောင့် ဖြစ်ပွားသည်။ ဤရောဂါကျရောက်ပါက ဘဲဥပေါက်နှုန်းကျဆင်းသည်။ ဥဥနှုန်းကျဆင်းခြင်း၊ ချက်ရောင်ခြင်း၊ မျက်လုံးရောင်ခြင်း၊ အဆစ်ရောင်ခြင်း၊ အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်း၊ လေအိတ်ရောင်ခြင်း၊ အူပိတ်ခြင်း၊ အူ၊ အသည်း၊ ခေါင်းရောင်ခြင်း၊ ဝမ်းတွင်းသွေးပါခြင်း၊ အညိုရောင်ဝမ်းသွားခြင်း၊ သွေးကြောများမှ သွေးယိုထွက်ခြင်းတို့ကို ဘဲငယ်များတွင် အဖြစ်များပြီး သေဆုံးမှုများပြားသည်။ ပဋိဇီဝဆေးများဖြင့် ရောဂါထိန်းချုပ်နိုင်သည်။

ဘဲသွေးအဆိပ်တက်ရောဂါ

        ဘက်တီးရီယားပိုးကြောင့်ဖြစ်သည်။ ဘဲများ နှစ်ပတ်သားမှ နှစ်လခွဲသားအရွယ်တွင် အဖြစ်များပြီး သေနှုန်း ရာခိုင်နှုန်း ၃ဝ မှ ၇၅ ရာခိုင်နှုန်းထိ သေဆုံးနိုင်သည်။ ဘဲငယ်များ ဦးခေါင်းတုန်ခြင်း၊ မျက်ရည်ထွက်ခြင်း၊ နှာရည်ကျခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်းတို့ကို ပင်နင်စလင်၊ စတက်တိုမိုက်စင် ထိုးနှံပေးခြင်း၊ ဆာဖာကွီနောက်စလင်း ရေတွင် ဖျော်၍တိုက်ခြင်းဖြင့် ကုသပေးနိုင်သည်။

ဘဲဗိုင်းရပ်စ် အသည်းရောဂါ

        ဘဲများ တစ်ရက်သားမှ ၂၈ ရက်သားအရွယ်တွင် အဖြစ်များသည်။ ဘဲ လေးပတ်ကျော်လွန်ပါက ရောဂါခံနိုင်ရည်ရှိသည်။ ရောဂါဖြစ်လျှင် ၉ဝ ရာခိုင်နှုန်း ကူးစက်နိုင်သည်။ ရောဂါဖြစ်သောဘဲငယ်များသည် ခြေထောက်များ အကြောဆွဲပြီး ကျောကုန်းတစ်လျှောက် ခုံးတက်လာ၍ သေဆုံးသည်။ အသည်းများရောင်ရမ်းပြီး သွေးသွန်စက်များတွေ့ရသည်။

ဘဲပလိပ်ရောဂါ သို့မဟုတ် ဘဲဗိုင်းရပ်စ် အူရောင်ရောဂါ

        ဤရောဂါသည် ဘဲကြီးများတွင် ကူးစက်ဖြစ်ပွားလေ့ရှိသည်။ ရံဖန်ရံခါ ဘဲငယ်များတွင်လည်း ဖြစ်ပွားတတ်သည်။ ရောဂါဖြစ်ပွားသောဘဲများသည် လှုပ်ရှားမှုနှေးကွေးလျက် အမွေးစောင်းခြင်း၊ စိမ်းဝါရောင် ဝမ်းသွားခြင်း၊ သွေးပါလာတတ်ခြင်း၊ ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ သွေးသွန်၊ သွေးကွက်များတွေ့ရမည်။ လည်ချောင်းအမြှေးပါးနှင့် အူအမြှေးပါးပျက်စီးသည့်လက္ခဏာများ အဓိကဖြစ်သည်။ စအိုဝအမြှေးများပေါ်တွင် ကလာပ်စည်းများပျက်စီးနေသည့်လက္ခဏာများ တွေ့ရသည်။ သေဆုံးမှု ရာနှုန်းဆက်တိုက်ဖြစ်မည်။ ဘဲကြီးများတွင်အဖြစ်များသည်။ ရောဂါဖြစ်ချိန် ၃ ရက်မှ ၇ ရက်အတွင်းတွေ့ရပြီး အစာစားနှုန်းကျခြင်း၊ ရေပိုသောက်ခြင်း၊ အလင်းရောင်ကြောက်ခြင်း၊ ဒယီးဒယိုင်ဖြစ်၍ နှာရည်ကျခြင်း၊ ရေများပြီး သွေးပါသည့်ဝမ်းသွားခြင်း၊ ခေါင်း၊ လည်ပင်း၊ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်ခြင်းများ တွေ့ရမည်။ ကုသရန် ဆေးမရှိပါ။ကာကွယ်ဆေးပုံမှန်ထိုးခြင်းဖြင့် ကာကွယ်နိုင်သည်။

မှိုအဆိပ်သင့်ရောဂါနှင့် အစာအဆိပ်သင့်ရောဂါ

        ဘဲများသည် မှိုအဆိပ်သင့်ရောဂါခံနိုင်ရည် အားနည်းသည့်အတွက် ၎င်းတို့အစားအစာတွင် မှိုမပါစေရန် ဂရုစိုက်ရပါမည်။ ပြောင်း၊ ပဲဖတ်၊ နှမ်းဖတ်တို့တွင် မှိုများ တွယ်ကပ်ပါသည့်အတွက် အထူးဂရုစိုက်ရမည်။ အချဉ်ပေါက်သော အစားအစာများ စားမိပါက Botulism ခေါ် အစာအဆိပ်သင့်ရောဂါများ ဖြစ်တတ်သည်။ သန့်ရှင်းလတ်ဆတ်သော အစာကျွေးပါ။ အစာခွက်၊ ရေခွက် သန့်ရှင်းမှုရှိပါစေ။ ဘဲခြံများ ဇီဝလုံခြုံရေး အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

ဆေးဝါးနှင့် ကာကွယ်ဆေးအစီအစဉ်

        အသက် တစ်ရက်မှ ခုနစ်ရက်တွင် ပဋိဇီဝဆေး သို့မဟုတ် ဆာဖာကို သောက်ရေဖြင့် ကြိုတင်တိုက်ကျွေးပေးခြင်းဖြင့် ဘက်တီးရီးယားပိုးများ ကာကွယ်ပါသည်။ အသက် ၈ ရက်နှင့် ၁၄ ရက်တွင် ပဋိဇီဝဆေးနှင့် အားဆေးတို့ကို ဘဲငယ်များအား တိုက်ကျွေးခြင်းဖြင့် ဘက်တီးရီးယားပိုးများဒဏ်ကို ခံနိုင်ရည်စွမ်းအားမြှင့်တင်နိုင်မည်ဖြစ်ပါသည်။ အသက် ၂၁ ရက် မှ ၂၈ ရက်တွင် ဗိုက်တာမင်အားဆေး တိုက်ကျွေးခြင်းဖြင့် ဘဲငယ်များ ကိုယ်ခံစွမ်းအား မြှင့်တင်နိုင်မည်ဖြစ်သည်။

        ထို့အတူ အသက် နှစ်လတွင် ပဋိဇီဝနှင့် အားဆေးတိုက်ကျွေးခြင်းဖြင့် ရာသီဥတု အပြောင်းအလဲဒဏ် ခံနိုင်မည်ဖြစ်သည်။ အသက်လေးလတွင် ဝမ်းကျကာကွယ်ဆေးကို အပတ်စဉ်ထိုးနှံရန် လိုအပ်မည်ဖြစ်သည်။

        ဥပေးကာလ ပဋိဇီဝဆေးနှင့် အားဆေးတို့ကို လိုအပ်သောအချိန်တွင် တိုက်ကျွေးပေးခြင်း ပြုလုပ်သင့်ပြီး ဆာဖာဆေးများပေးရာတွင်လည်း လိုအပ်မှသာ ပေးရန်နှင့် မွေးမြူရေးခြံတွင် ဇီဝလုံခြုံရေး အလေးထားပါကကူးစက်ရောဂါကာကွယ်နိုင်မည်ဖြစ်ပါကြောင်း မွေးမြူရေးသမားများ သိရှိစေရန် ရေးသားတင်ပြလိုက်ရပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၄)

No comments:

Popular Posts