November 26, 2020

ဆောင်းသီးနှံစိုက်ပျိုးရာ တစ်ဧကရှိရမယ့် အပင်အရေအတွက် ပြည့်ဝအောင်စိုက်ပါ

မောင်ငြိမ်းအောင် (တန့်ဆည်)

        မကြာမီ မိုးစပါးနှင့် ယာသီးနှံများ ရိတ်သိမ်းပြီး ဆောင်းသီးနှံ သီးထပ်ဖြစ်တဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ နွေစစပါးသီးနှံတွေ တစ်ရှိန်ထိုးစိုက်ပျိုးကြတော့မှာ ဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးကြတဲ့နေရာမှာ တောင်သူလယ်သမားကြီးများ သတိမမူ ဂူမမြင်ဆိုသကဲ့သို့ အလေးမထားကြတာကတော့ တစ်ဧကရှိရမယ့် သီးနှံအလိုက် အပင်အရေအတွက် ပြည့်ပြည့်ဝဝရရှိနိုင်အောင် မဆောင်ရွက်ကြတဲ့ အားနည်းချက်ပါပဲ။

        စာရေးသူဟာ နိုင်ငံ့တာဝန်ထမ်းဆောင်စဉ်က ပြည်ပနိုင်ငံများသို့ ရောက်တဲ့အချိန်မှာ သီးနှံစိုက်ခင်းများကို ကြည့်ရှုခဲ့ရပါတယ်။ ဘယ်သီးနှံကိုပဲ စိုက်ကြည့်ကြည့် တစ်ဧကရှိရမယ့် အပင်အရေအတွက်ကို ကန်သင်းတိုက်သည်ထိ ပြည့်ပြည့်ဝဝရှိအောင် ဂရုတစိုက်ဆောင်ရွက်ထားတာကို လေ့လာခဲ့ရပါတယ်။ မြန်မာနိုင်ငံအတွင်း အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိချိန် ပဲမျိုးစုံစိုက်ခင်းများ၊ ဆီထွက်သီးနှံစိုက်ခင်းများ၊ စပါးသီးနှံစိုက်ခင်းများကို ကြည့်ရတဲ့အခါ ဟိုနားကွက်ပြီး အပင်ပျောက်နေ၊ ဒီနားကွက်ပြီး အပင်ကွက်လပ်ဖြစ်နေ၊ ကန်သင်းထောင့်နေရာတွေမှာ အပင်မရှိတာတွေ၊ ကန်သင်းပတ်ပတ်လည် ကန်သင်းနားကပ်လျက် နှစ်ပေ၊ သုံးပေလောက်မှာ အပင်မပေါက်တာတွေ တွေ့မြင်နေခဲ့ရပါတယ်။ တစ်နည်းအားဖြင့် သီးနှံအလိုက် တစ်ဧကရှိရမယ့် အပင်အရေအတွက် ပြည့်ပြည့်ဝဝမရှိဘူးဆိုတာ သက်သေပြနေခြင်းပါပဲ။

        နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအဖွဲ့က သီးနှံတစ်ဧကအထွက်နှုန်းတိုးဖို့အတွက် ဂရုပြုဆောင်ရွက်ရမယ့် အထွက်နှုန်းမိတ်ဆက်ချက်တွေကို စနစ်တကျ တွက်ချက်သတ်မှတ်ထားပါတယ်။ အဲဒီ အထွက်မိတ်ဘက်အချက်တွေကတော့ (၁) တစ်ဧကရှိရမယ့် အပင်အရေအတွက်၊ (၂) တစ်ဧကရှိရမယ့် အနှံအရေအတွက်၊ ကိုင်းအရေအတွက်၊ အတောင့်အရေအတွက်၊ (၃) တစ်နှံမှာရှိရမယ့်အစေ့ (အောင်စေ့)အရေ အတွက်၊ တစ်တောင့်တစ်သီးမှာရရှိမယ့် အောင်စေ့အရေအတွက်၊ (၄) အစေ့ ၁၀၀ သို့မဟုတ် အစေ့ ၁၀၀၀ ၏ အလေးချိန်တို့ပဲ ဖြစ်ပါတယ်။ ဒီအထွက်နှုန်း မိတ်ဖက်အချက် တစ်ချက်ခြင်းဟာ သီးနှံတစ်မျိုးချင်းစီရဲ့ အထွက်နှုန်းကို လွှမ်းမိုးထားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် တောင်သူလယ်သမားကြီးများဟာ ဘာသီးနှံကိုပဲစိုက်စိုက် မိမိသီးနှံအထွက်နှုန်းကောင်းအောင် အထက်ပါ အထွက်ရဲ့ မိတ်ဖက်အချက် တစ်ချက်ခြင်းစီကို စွမ်းရည်အပြည့်အဝရအောင် ဂရုတစိုက်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဓာတ်ပုံ - ak.picdn.net

        ဒီအထွက်ရဲ့ မိတ်ဖက်အချက်ထဲမှာ တစ်ဧကရှိရမယ့် အပင်အရေအတွက် ပြည့်ပြည့်ဝဝရရှိအောင် ဂရုတစိုက်ဆောင်ရွက်ခြင်းကို အလေးပေးဆွေးနွေးချင်ပါတယ်။ ဗမာစကားပုံရှိပါတယ်။ “အိမ်ထောင်မှုဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ နောင်ပြင်ရန်ခက်သည့်အမျိုး” ဆိုသလို “အစကောင်းမှ အနှောင်းသေချာမည်”ဟုလည်း သတိပြုမိကြဖို့ ဆိုထားပါတယ်။ တစ်ဧကရှိရမယ့် အပင်အရေအတွက် အပြည့်အဝရရှိအောင် ဆောင်ရွက်ခြင်းဟာ သီးနှံစိုက်ခင်း စတင်တင်ချင်း အုတ်မြစ်ချသကဲ့သို့ ကနဦးလုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်ပါ။ ဒီလုပ်ငန်းစဉ်ဟာလည်း စတင်စိုက်ပျိုးတဲ့ အချိန်တိုလေးအတွင်းမှာပဲ ဆောင်ရွက်ခွင့်ရှိတာ ဖြစ်ပါတယ်။ အစမကောင်းခဲ့လို့ မှားခဲ့ရင် နောင်မှ လိုက်ပြင်ရန် ခက်ခဲတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီလို အစမကောင်းခဲ့လို့ အနှောင်းမသေချာရတဲ့ အဖြစ်ဟာ သီးနှံစိုက်ခင်းမှာ ဘာလုပ်ငန်းမှ မလုပ်ရသေးဘူး။ ဒီထဲက အထွက်ကျရန် သေချာနေပြီဖြစ်ပါတယ်။ သီးနှံတစ်ခုချင်းရဲ့ တောင်သူလယ်သမားကြီးများကို နမူနာပြ ဆွေးနွေးပါ့မယ်။

        စပါးသီးနှံမှာ သက်လျင်မျိုးဆိုရင် တစ်ဧကအနှံပေါင်း ၁၂ သိန်းမှ ၁၃ သိန်း ရှိဖို့လိုပါတယ်။ သက်လတ်မျိုးဆိုရင် တစ်ဧကအနှံပေါင်း ၁၀ သိန်းမှ ၁၂ သိန်းရှိဖို့ လိုပါတယ်။ သက်ကြီးမျိုးဆိုရင် တစ်ဧကအနှံပေါင်း ရှစ်သိန်းမှ ကိုးသိန်းရှိဖို့ လိုပါတယ်။ သက်လျင်၊ သက်လတ်မျိုတွေဟာ ဒီသတ်မှတ်ထားတဲ့ အနှံအရေအတွက်ပြည့်မှ တစ်ဧက တင်း ၁၀၀ ထွက်ရှိမှာ ဖြစ်ပါတယ်။ တစ်ဧကမှာ အနှံပေါင်း ၁၀၀၀၀ လျော့သွားရင် စပါးတစ်တင်းလျော့သွားမှာ ဖြစ်ပါတယ်။

        မြေပဲသီးနှံဆိုရင် တစ်ဧက တင်း ၅၀ ထွက်ရန်အတွက် တစ်ဧက အပင်ဦးရေ ရိတ်သိမ်းပင် တစ်သိန်းတင်းတင်းရရှိအောင် စိုက်ပျိုးရမှာဖြစ်ပါတယ်။ တစ်ဧကအပင်တစ်သောင်းလျော့သွား၍ မြေပဲ ငါးတင်းလျော့သွားမှာဖြစ်ပါတယ်။ နှမ်းသီးနှံဟာ တစ်ဧက ၁၀ တင်းမှ ၁၅ တင်းထွက်ဖို့အတွက် တစ်ဧကအပင်ဦးရေ ရိတ်သိမ်းပင်တစ်သိန်း ပြည့်ပြည့်ဝဝရရှိအောင် ဂရုစိုက်ဖို့ လိုပါတယ်။ တစ်ဧက အပင်ငါးထောင်လျော့သွားရင် နှမ်းတင်းဝက်လျော့သွားမှာ ဖြစ်ပါတယ်။ နေကြာသီးနှံဟာဆိုရင် တစ်ဧက ၂၅ တင်းမှ တင်း ၃၀ ထွက်ဖို့ဆိုရင် တစ်ဧကရှိရမယ့် အပင်ဦးရေ ရိတ်သိမ်းပင် ၂၉၀၀၀ ပင်ရရှိအောင် ပြုစုထိန်းသိမ်းဖို့ လိုပါတယ်။ နေကြာအပင် ၂၉၀၀ ပင်လျော့သွားပါက တစ်ဧက နေကြာငါးတင်းလျော့သွားမှာ ဖြစ်ပါတယ်။

        ပဲမျိုးစုံသီးနှံအနေနဲ့ မတ်ပဲတစ်ဧက ၁၀ တင်းထွက်ဖို့ဆိုရင် တစ်ဧကအပင်ဦးရေ ရိတ်သိမ်းပင် ၁၃၀၀၀၀ အပြည့်အဝရရှိအောင် ဆောင်ရွက်ဖို့လိုပါတယ်။ တစ်ဧကမှာ မတ်ပဲအပင်တစ်သောင်းလျော့သွားရင် အထွက် နှစ်တင်းခွဲ လျော့သွားမှာ ဖြစ်ပါတယ်။ ပဲတီစိမ်းသီးနှံ တစ်ဧက ၁၀ တင်းမှ ၁၂ တင်း ထွက်ဖို့ဆိုရင် တစ်ဧကအပင်ဦးရေ ရိတ်သိမ်းပင် ၁၃၀၀၀၀ ပြည့်ပြည့်ဝဝရရှိဖို့ လိုပါတယ်။ တစ်ဧကအပင်တစ်သောင်းလျော့သွားရင် အထွက်နှစ်တင်းခွဲ လျော့သွားမှာဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်းသီးနှံဟာ တစ်ဧက တင်း ၅၀ ထွက်ဖို့ဆိုရင် အပင်ဦးရေ ရိတ်သိမ်းပင် ၁၇၀၀၀ မှ ၂၀၀၀၀ အပြည့်အဝရရှိအောင် ပြုစုထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ပြောင်းပင်တစ်ဧကမှာ ၂၀ ရာခိုင်နှုန်း လျော့သွားခဲ့ရင် အထွက် ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းထိ အထွက်ကျသွားမှာ ဖြစ်ပါတယ်။ ဒါဟာ အဓိကအရေးကြီးတဲ့ သီးနှံများကိုသာ နမူနာပေးခြင်းဖြစ်ပါတယ်။

        ဒီလိုဆိုရင် သီးနှံအလိုက် တစ်ဧကရှိရမယ့် အပင်ဦးရေ ပြည့်ပြည့်ဝဝရရှိအောင် ဘယ်လုပ်ငန်းတွေကို ဂရုစိုက်ရမလဲ။ (၁) အပင်ပေါက် ၈၅ ရာခိုင်နှုန်းရှိတဲ့ မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ပါ။ (၂) အစိုဓာတ်မိအောင် စိုက်ပျိုးချိန်ကို အချိန်မီစိုက်ပါ။ (၃) အစိုဓာတ်ထိန်းရန် ကြမ်းတုံးသေချာအုပ်ပါ။ (၄) သီးနှံမျိုးစေ့အလိုက် မစိုက်ပျိုးမီ သတ်မှတ်နာရီကြာချိန်ထိ ရေစိမ်ပြန်အခြောက်ခံပြီး စိုက်တဲ့စနစ်ကျင့်သုံးပါ။ (၅) ပဲမျိုးစုံဖြစ်ပါက ပဲမြစ်ဖုမြေ ဩဇာသုံးပါ။ (၆) သီးနှံများကို ပိုးမွှားရန်ကာကွယ်ရန် ဖျူရာဒန်ဆေးဖြင့် လူးနယ်စိုက်ပျိုးပါလို့ အကြံပြုလိုက်ပါရစေ ခင်ဗျာ။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၂၁)

No comments:

Popular Posts