November 29, 2020

နေအရောင်မှာ တပြောင်ပြောင် တလက်လက်

လယ်တွင်းသားစောချစ်

        ကဆုန်လပြည့်နေ့ ဖြစ်သည်။ ဝန်းသိုရွာတစ်ရွာလုံး ဝတ်ကောင်းစားလှများ ဝတ်ဆင်၍ လှုပ်လှုပ်ရှားရှားစည်ကားလျက်ရှိသည်။ ရွာ၏ အနောက်တောင်ထောင့်မှာရှိသော ရွှေကူကြီးမြတ်စွာဘုရားတွင် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပသောနေ့ဖြစ်သည်။ နှစ်စဉ် ကျင်းပမြဲ ဘုရားပွဲတော်ဖြစ်၏။

        နေ့လယ်ကတည်းကစပြီး ရွာထဲမှာ တီးသံမှုတ်သံ ခြိမ့်ခြိမ့်ညံနေသည်။ မိန်းကလေးများ ဖြီးလိမ်းဝတ်ဆင်၊ လှလှပပ ပြင်နေကြသည်။ ညနေစောင်းသည်နှင့် ရွာလယ်ဝတ်တော်စင်မှာ စုရုံးကြသည်။ အချို့က ဆွမ်းတော်ကြီးပွဲများ ရွက်လာသည်။ အချို့က ညောင်ရေအိုးများ ရွက်လာကြသည်။

        လူငယ်ယောက်ျားလေးများကလည်း လှလှပပဝတ်ဆင်၍ စက်ဘီးနှင့်တစ်မျိုး လှည်းဖြင့်တစ်သွယ်၊ ခြေလျင်တစ်နည်း ဘုရားသို့သွားရန် လှုပ်ရှားနေကြပြီ။

        လူကြီးလူငယ်တစ်ရွာလုံး အားခဲထားသော ဘုရားပွဲဖြစ်၍ သွားကြလာကြ လှုပ်ရှားပျော်ရွှင်နေကြသည်။

        ထိုအချိန်တွင် ရွာအရှေ့ပိုင်းမှ ဦးအောင်စတစ်ယောက် ရွာလယ်လမ်းအတိုင်း ရွာတောင်ပိုင်းဆီသို့ လျှောက်လာနေသည်။ ညိုမောင်းသော သူ့ကိုယ်အထက်ပိုင်းမှာ အင်္ကျီမပါ ဗလာနတ္ထိ။ မဝတ်နိုင်၍ မဟုတ်။ သူ့မှာ လယ်များစွာရှိ၍ ငွေကြေးပြည့်စုံသည်။


        ဦးအောင်စလျှောက်လှမ်းလာပုံက ထော့ကျိုးထေ့ာကျိုးနှင့် ဖြစ်သည်။ သူ့ခမျာ ခြေတစ်ဖက်မသန်။ အိမ်ထောင်ကျပြီး သားကြီးငယ်စဉ်မှာ နှမ်းရိတ်ရင်း ဒူးခေါင်းကို နှမ်းရိုးငုတ်ထိုးမိသည့်ဒဏ်ရာမှ အနာကြီးဖြစ်ပြီး ဆေးရုံတက်ခဲ့ရသည်။ အသက်မသေ၊ ခြေမဖြ တ်ရသော်လည်း ဒူးခေါင်းတစ်ဖက်ပျက်စီးပြီး ခြေထောက်ကွေး၍ ဆန့်၍ မရတော့ပါ။ ထို့ကြောင့် လမ်လျှောက်လျှင် ဒူးတစ်ဖက်ရှေ့ထွက်၍ ထော့ကျိုး ထော့ကျိုးနှင့် ခြေဖျားထောက်ပြီး လျှောက်ရသည်။

        ထိုခြေထောက်ဖြင့်ပင် ဦးအောင်စ ထယ်သည်။ ထွန်သည်။ လယ်ယာလုပ်ငန်းများ လုပ်ကိုင်၍ မိသားစုကို ပြည့်ပြည့်စုံစုံရှိအောင် ကျွေးမွေးစောင့်ရှောက်နိုင်ခဲ့သည်။

        ရွာလယ်လမ်းအတိုင်း လျှောက်လှမ်းလာသော ဦးအောင်စသည် ဘုရားသို့ သွားရန်မဟုတ်။ ရွာ၏တောင်တံခါးအနီးသို့ ရောက်သောအခါ လမ်း၏ ညာဘက်မှာရှိသော သူ့အစ်ကို ဦးအောင်မြ အိမ်ဝင်းထဲသို့ ဝင်သွားသည်။

        ဦးအောင်မြအိမ်ရှေ့မှ ကုတင်လေးပေါ်မှာ ထိုင်လိုက်သည်။ ဤကုတင်ပေါ်မှ ထိုင်ကြည့်လျှင် ဘုရားသွားသူအားလုံးကို မြင်နိုင်သည်။ သူအကြည့်ချင်ဆုံး၊ အမြင်ချင်ဆုံးမှာ ဝတ်ကောင်းစားလှများဝတ်ဆင်၍ ဘုရားကိုသွားကြမည့် သူ့သားနှစ်ယောက်နှင့် သူ့သမီးနှစ်ယောက်ဖြစ်သည်။

        မကြာမီပင် ရွာတောင်တံခါးဆီသို့ ဘုရားသွားမည့်သူများ ထွက်လာကြပြီ။ လှည်းဖြင့်သွားသူများ၊ စက်ဘီးဖြင့် သွားသူများ၊ ခြေလျင်သွားသူများကို တွေ့မြင်နေရသည်။

        "ဟော ဟိုမှာလာနေပြီ"

        ဆိုင်ကယ်သုံးစီးမှာ တစ်စီးက ကိုအောင်စ၏ သားကြီးဖြစ်သည်။ တက္ကသိုလ်ကျောင်းသား ဘောင်းဘီအဖြူ၊ အင်္ကျီအဖြူနှင့် နေကာမျက်မှန် တပ်ထားသည်။ ဆိုင်ကယ်အရောင်၊ လက်ပတ်နာရီအရောင်၊ လက်စွပ်အရောင်၊ နေကာမျက်မှန်အရောင်တို့သည် နေအရောင်မှာ တပြောင်ပြောင် တလက်လက်။

        သားကြီးကိုကြည်၍ ကိုအောင်စ ကျေနပ်ပီတိဖြစ်နေမိသည်။

        ခဏအကြာမှာ ကိုးတန်းကျောင်းသားအရွယ်သားငယ် သူ့အပေါင်းအသင်းများနှင့်အတူ စက်ဘီးစီး၍ ထွက်လာကြသည်။ စက်ဘီးအသစ်နှင့် ဖြစ်သည်။ လျှာထိုးဦးထုပ်ကလေးဆောင်းထား၏။ စက်ဘီးအရောင်၊ လက်ပတ်နာရီအရောင်တို့က နေအရောင်မှာ တပြောင်ပြောင် တလက်လက်နှင့်ဖြစ်၏။ သားအငယ်ကို လှမ်းကြည့်ရင်း ဦးအောင်စ ကျေနပ်ပီတိဖြစ်လျက်။

        အိုးစည်သံ၊ ဒိုးပတ်သံများ ရွာတောင်တံခါးဆီသို့ လာနေကြပြီ။ ဆွမ်းတော်ကြီးပွဲရွက်သောမိန်းကလေးများ၊ ညောင်ရေသွန်းအိုးရွက်သော မိန်းကလေးများလည်း တန်းစီလျက်ထွက်လာကြပြီ။ ဦးအောင်စနှင့်အတူ တန်းလျားမှာ လာထိုင်၍ ကြည့်သူတို့လည်း များနေပြီ။

        ဦးအောင်စ အားလုံးကို လှမ်းကြည်ရ့င်း လူတန်းထဲမှာ သူ့သမီးနှစ်ယောက်ကို ရှာနေသည်။ တွေ့ပါပြီ။ သမီးအကြီးက ဆွမ်းတော်ပွဲကို ရွက်လျက်။ ဝတ်ဆင်ထားသော ရွှေလက်ကောက်၊ ရွှေဆွဲကြိုး၊ ရွှေနားကပ်တို့က နေအရောင်မှာ တပြောင်ပြောင်တလက်လက်။

        နောက်ဘက်တွင် ညောင်ရေသွန်းအိုး ရွက်လာသော သမီးငယ်ကလည်း ရွှေဘယက်၊ ရွှေလက်ကောက်များနှင့် နေအရောင်မှာ တပြောင်ပြောင်တလက်လက်။

        ဦးအောင်စ ကျေနပ်ပီတိဖြစ်လျက်။

        လှလှပပဝတ်ဆင်ထားသည့် သားသမီးများကို ကြည့်မြင်လိုက်ရ၍ ဦးအောင်စ ကျေနပ်နှစ်သက် ဖြစ်နေသည်။

        ဘုရားသွားသည့် လူတန်းကြီး ကုန်သွားပြီ။ နောက်ဆုံးမှ လိုက်ပါသော တီးဝိုင်းအဖွဲ့ပင် ရွာတံခါးမှ ထွက်သွားလေပြီ။ ကြည့်သူတို့ပြန်ကြပြီ။

        ဦးအောင်စလည်း ထော့ကျိုးထော့ကျိုးနှင့် အိမ်သို့ ပြန်လာခဲ့၏။ အင်္ကျီမပါ ဗလာနတ္ထိဖြစ်သော သူ့ကျောပြင် ညိုမှောင်မှောင်သည် နေအရောင်မှာ တပြောင်ပြောင် တလက်လက်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၃)

No comments:

Popular Posts