November 23, 2020

သရက်သီးအရည်အသွေးကောင်းစေရန် အိတ်စွပ်ခြင်းနှင့် သတိပြုရမည့်အချက်များ

မောင်ငြိမ်းအောင်(တန့်ဆည်)

        ယခုခေတ်မှာ သရက်သီးအရည်အသွေးကောင်းစေရန်အတွက် အသီးကို အိတ်စွပ်ခြင်း ရေပန်းစားလာပါတယ်။ အိတ်စွပ်ခြင်း ရည်ရွယ်ချက်ကတော့ အသီးအရည်အသွေးကောင်းမွန်ပြီး ပြည်တွင်း၊ ပြည်ပစျေးကွက်မှာ စျေးကွက်ဝင်၊ ရောင်းပန်းလှ၊ စျေးကောင်းရစေရန် ဖြစ်ပါတယ်။ ပိုးမွှားဖျက်ဆီးမှုဒဏ်မှ ကာကွယ်ပေးရန် (သီးထိုးယင်)၊ အသီးသန့်ရှင်းလှပစေရန်၊ စားသုံးသူအန္တရာယ်ကင်းစေရန်၊ မိုးဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်မှ ကာကွယ်ရန်၊ အရောင်အသွေးတောက်ပ၍ အရသာ နူးညံ့ချိုမွှေးစေရန်အတွက်လည်း ရည်ရွယ်ပြီး အိတ်စွပ်တာဖြစ်ပါတယ်။ အိတ်စွပ်တဲ့အခါမှာ သတိပြုရမယ့်အချက်တွေကို ဂရုပြုလိုက်နာရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Kanbawza

အိတ်မစွပ်မီ သတိပြုရမယ့်အချက်များ

        ပန်းပွင့်ခြွေပြီး ၁၅ ရက်မှ ၂၀ ရက် အသီးကင်းအရွယ် လက်မခန့်မှာ မှိုသတ်ဆေးတစ်ကြိမ် ဖျန်းပေးရပါမယ်။ နောက် လေးရက်မှ ငါးရက်ကြာပါက ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဖျန်းပေးရန် လိုအပ်ပါတယ်။ ပိုးသတ်ဆေးဖျန်းပြီး တစ်ရက်၊ နှစ်ရက်ရှိပါက အိတ်စတင်စွပ်ရန်ဖြစ်ပါတယ်။ လုံးပိန်လုံးညှပ်များကို ကြိုတင်ဖယ်ရှားရန်နဲ့ လုံးပိန်လုံးညှပ်အသီးများကို အိတ်မစွပ်မိစေရန် သတိပြုရမှာ ဖြစ်ပါတယ်။ အိတ်စွပ်မည့် အသီးနားတစ်ဝိုက် ရှုပ်နေသောကိုင်းများကို ရှင်းပေးရန် လိုအပ်ပါတယ်။ ဆေးဖျန်းပြီး လေးရက်မှ ခုနစ်ရက်အတွင်း အိတ်မစွပ်ရသေးပါက နောက်ထပ်တစ်ကြိမ် ဆေးဖျန်းရန်လိုအပ်ပါတယ်။ အသီးများ ရေငွေ့၊ ရေနှင့် စွတ်စိုနေ ပါက အိတ်မစွပ်သေးရန်နှင့် အသီးများကို လက်ဖြင့် ကိုင်တွယ်ခြင်း မပြုမိရန် သတိပြုရမှာ ဖြစ်ပါတယ်။ အိတ်စွပ်တဲ့အခါ အပေါ်ပိုင်းမှ အောက်ပိုင်းသို့စွပ်ပေးရန် ဖြစ်ပါတယ်။ သရက်သီးအရွယ်၊ ကြက်ဥအရွယ်မတိုင်မီ အိတ်မစွပ်ပေးရန်နဲ့ ပန်းပွင့်ချိန်မတူညီပါက စွပ်အိတ်အရောင် နှစ်ရောင်မှ သုံးရောင် ခွဲခြားစွပ်ပေးသင့်ပါတယ်။ အသီးအညှာထိပ်နားတွင် အဝါရောင်ပိုးကောင်များရှိပါက ပင်လုံးပြန့်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းပေးရန် လိုပါတယ်။

အိတ်စွပ်နေစဉ် သတိပြုရမည့်အချက်များ

        အသီးများပူးနေပါက တစ်လုံးချင်းသာ အိတ်စွပ်ရန်၊ သေချာအောင် ဂရုစိုက်စွပ်ရန်၊ အမြင့်ထိပ်ရှိ အသီးများကို စွပ်ချိန်တွင် သွပ်နန်းကို သေချာစွာထည့်ရန်၊ စွပ်ပြီးအိတ်များကို ခိုင်မြဲမှု ရှိ၊ မရှိ လိုက်လံစစ်ဆေးရန် လိုအပ်ပါတယ်။

သရက်စွပ်အိတ်များကို စစ်ဆေးခြင်းအချက်များ

        အပြင်စက္ကူသားကို စစ်ဆေး၍ ရေစိမ့်ဝင်မှုမရှိအောင် စစ်ဆေးရန်၊ ရေစိမ့်ပါက သရက်သီးပုပ်စေပါတယ်။ စက္ကူ၊ ကာဗွန်စက္ကူ၊ အဖြူရောင်ဆီစိမ်စက္ကူပါသောအိတ်ဟာ သုံးထပ်အိတ်ဖြစ်ပါတယ်။ အိတ်အရွယ်အစားကို သေချာစွာ စစ်၍ အသုံးပြုသင့်ပါတယ်။ စိန်တလုံးသရက်အတွက် (၂၅ x ၂၀ cm)၊ (၂၅ x ၁၉ cm)၊ (၂၈ x ၁၈ cm)၊ (၃၀ x ၂၀ cm) အိတ်များကို သုံးသင့်ပါတယ်။

        ရွှေသင်္ဘော၊ နန်းတော်မှိုင်း၊ ရင်ကွဲသရက်များအတွက် (၂၈ x ၁၈ cm)၊ (၃၀ x ၁၇ cm) အရွယ်အိတ်များကို သုံးသင့်ပါတယ်။ သရက်အလုံးကြီးသော ဟင်္သာမျိုးများကို (၃၀ x ၂၀ cm) အိတ်များ အသုံးပြုသင့်ပါတယ်။

တစ်ထပ်အိတ်နှင့် နှစ်ထပ်အိတ် ကွာခြားမှု

        တစ်ထပ်အိတ်ကို မိုးများသောဒေသများမှာ မသုံးသင့်ပါ။ အိတ်စွပ်ချိန် ၂၈ ရက်မှ ၃၅ ရက်ခန့် ကြာတတ်ပါတယ်။ အသီးအရောင်တောက်ပမှု နှေးကွေးပါတယ်။ အသီးအရေအတွက်များသော ခြံများမှာ သုံးသင့်ပါတယ်။

        နှစ်ထပ်အိတ်မှာ မိုးဒဏ်၊ လေဒဏ်ခံနိုင်၊ အတွင်းသား ကာဗွန်ဖယောင်းကဲ့သို့ ပြောင်ချောနေတဲ့အတွက် အသီးအရောင်ပို၍ တောက်ပလှပစေ၏။ အိတ်စွပ်ပြီး တစ်ရက်၊ နှစ်ရက်မတိုင်မီ အရောင်တက်စေပြီး ၂၀ ရက်ကျော်ပါက ရောင်းတန်းဝင်အဆင့်သို့ အမြန်ရောက်စေပါတယ်။

        သုံးထပ်အိတ်မှာ အသီးအရောင်ကာလာတက်မှု ကြာစေပါတယ်။ အသီးမခူးမီ အိတ်ချွတ်ပေးရတဲ့အတွက် အဆင်မပြေမှု ရှိပါတယ်။ အသီးအရောင်အသွေး၊ အသား နူးညံ့စေပါတယ်။ အသီးကို ရက်ကြာကြာထိန်းထားနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၇)

No comments:

Popular Posts