လယ်တွင်းသားစောချစ်
"တောင်ငူရောက်မှတော့ အမေ့အိမ် ဝင်အိပ်လိုက်ဦးမယ်"
ကျွန်တော်ပြောလေ့ရှိသောစကား။
တောင်ငူမှာ အမေ ရှိ၍မဟုတ်။ အမေ့အိမ်လည်း မရှိ။ ရှိသည်က အမေ့အိမ်ဟိုတယ်။
မန္တလေးမြို့မှတစ်ဆင့် ထန်းတစ်ပင်သို့ကူးပြီး စာပေဟောပြောရာတွင် ကြားမှာ တစ်ရက်အားနေသည်။ ရန်ကုန်ထိပြန်ပြီးမှ ထန်းတစ်ပင်ပြန်လာလျှင် ညရောက် မနက်ပြန်ထွက်ရမည်။ ခရီးပန်းသည်။
ထို့ကြောင့် ထန်းတစ်ပင်မှ စာပေမိတ်ဆွေများကို ဟောမည့်နေ့ မနက်ကျမှ တောင်ငူ အမေ့အိမ်လာကြိုရန် မှာကြားလိုက်သည်။
ကျွန်တော် မန္တလေးမှ ကားဖြင့်လိုက်ပါပြီး တောင်ငူဆင်းသည်။ အမေ့အိမ်ဟိုတယ်မှာတည်းသည်။ အမေ့အိမ်ဟိုတယ်သည် တောင်ငူမြို့ အလယ်ခန့်မှာရှိသည်။ စည်ကားသောနေရာဖြစ်သည်။ ရန်ကုန် - မန္တလေး လမ်းမကြီးဘေးမှာ ဖြစ်သည်။ တည်းခိုနားနေရသည်မှာ အဆင်ပြေသည်။ စားသောက်ဆိုင်လည်းရှိ၍ အပြင်ထွက်စားစရာမလို။ ဟိုတယ်မှာပင် ကောင်းကောင်းစား၍ရသည်။ ဝန်ထမ်းများကလည်း ဆက်ဆံရေးကောင်းသည်။
ကျွန်တော်ရောက်သွားတော့ အခန်းတစ်ခန်းယူပြီး နားသည်။ ဟိုတယ်ဝန်ထမ်းများကို ပိုင်ရှင်ဦးမြင့်ညိုအား မပြောရန်မှာထားသည်။ သိလျှင် တည်းခိုခမယူမှာစိုး၍ ဖြစ်သည်။
သို့သော် ညနေပိုင်းကျတော့ ဦးမြင့်ညိုရောက်လာပြီး ထမင်းစားရန်ခေါ်သည်။
"ဟာ ကလေးတွေကို မပြောပါနဲ့ မှာထားတာပဲဗျာ"
ကျွန်တော်က ဦးမြင့်ညိုကို အားနာသည်။
"ကလေးတွေ မပြောပါဘူးဗျ။ ကျွန်တော့်ဘာသာ ဧည့်သည်အဝင်စာရင်းကိုကြည့်ပြီး သိတာပါ"
"ထမင်းစားတာတော့ ကျွန်တော်ပေးမယ်ဗျာ"
"မဟုတ်တာဗျာ။ ထုံးစံမရှိတာ။ လာပါ။ စကားပြောရတာပေါ့"
စားသောက်ဆိုင်မှာမဟုတ်။ ဧည့်သည်ကျွေးသည့် သီးသန့်ခန်းမှာ ပြင်ဆင်ထားသည်။ စားဖွယ်အစုံအလင်နှင့်အတူ သောက်စရာ ဝီစကီဆော်ဒါ၊ ရေခဲပါ အဆင်သင့်။
"ကျွန်တော် မသောက်တော့ဘူးဗျ"
"ကောင်းတာပေါ့"
ဦးမြင့်ညိုက အတင်းမတိုက်။ သူကိုယ်တိုင်လည်း လုံး၀မသောက်။
"ဆရာရောက်လာတာနဲ့ အတော်ပဲ။ ဆရာ့ကို ပြောချင်တာရှိတယ်"
ဦးမြင့်ညိုက စကားစသည်။
"ပြောဗျာ"
ထမင်းစာရင်း စကားပြောကြသည်။
"ဆရာရေးတဲ့ အမေ့ထိုင်ခုံကို ကျွန်တော် မဂ္ဂဇင်းထဲမှာ ဖတ်ပြီးပြီ။ ဆရာက အမေ့အကြောင်းပဲရေးနေ တာကိုဗျ။ အဖေ့အကြောင်းလည်း ရေးပါဦး"
ကျွန်တော်ပြုံးလိုက်မိသည်။
အမေနေ့ လုပ်သလို အဖေနေ့ လုပ်စေချင်သူတစ်ဦးနှင့် တွေ့ရပြန်ပြီဟု တွေးမိ၍ဖြစ်သည်။
"သားသမီးတွေ အပေါ်မှာ အမေ့ကျေးဇူးတွေ ရှိတယ်ဆိုတာ ဟုတ်ပါတယ်"
ဦးမြင့်ညိုက ဆက်ပြောသည်။
"ဒါပေမဲ့ အဲ့ဒီအမေ အပါအဝင် သားသမီးတွေပါ စားဖို့၊ ဝတ်ဖို့၊ နေဖို့၊ ပညာသင်ဖို့၊ ရှာရတာ အဖေဗျ။ မီးဖိုထဲက ဆန်ပုံး ဆန်ဖြည့်ရတာ၊ ဆီအိုးဆီပြည့်အောင်ဖြည့်ရတာ အဖေဗျ"
ကျွန်တော် ခေါင်းညိတ်ပြလိုက်ပါသည်။
"တချို့အဖေတွေက ရှာရဖွေရတာ အခက်အခဲမရှိ အဆင်ပြေပေမယ့် တချို့အဖေတွေ ကျတော့ မညှာမတာ မောက်မာတဲ့ အထက်လူကြီးတို့ လုပ်ငန်းရှင်တို့နဲ့တွေ့ရင် အဆဲခံရ၊ အဆိုခံရ ဒါကိုပြောတာကွ၊ ငတုံးရ ဒါလေးတောင် မသိဘူးလား။ ငါ နားရင်းရိုက်လိုက်ရ။ အသုံးမကျတဲ့ကောင်။ အဲ့ဒီလိုအပြောခံရတာဆရာ"
ကျွန်တော်ခေါင်းညိတ်ရပြန်သည်။
ဦးမြင့်ညိုပြောသောအဖြစ်မျိုး ကိုယ်တိုင်လည်း များစွာကြုံရမြင်ရ ကြားခဲ့ရပါသည်။
"ဒါပေမဲ့ အဲဒီလို အပြောခံရ၊ အဆဲဆိုခံရတာကို ဘယ်အဖေမှ မိသားစုကို ပြန်မပြောကြဘူးဆရာ။ မိသားစုရှေ့ရောက်ရင် ကိုယ်ရှာဖွေရလာတဲ့ငွေလေးနဲ့ ပေးလို့ ကျွေးလို့ စားကြစားကြ ၀အောင်စားကြနဲ့ ပြုံးပြုံးရွှင်ရွှင် ကျွေးကြတာ။ ကိုယ်တိုင်သာ မိသားစုကွယ်ရာမှာ မျက်နှာငယ်ခံခဲ့ကြတာ။ ဘယ်အဖေမှ ငါဘယ်လိုအပြောခံရတာ၊ မျက်နှာငယ်ခံပြီး ရှာခဲ့ရတာလို့ မိသားစုကို ပြန်မပြောကြဘူး"
"ဟာ ကောင်းလှချည်လား။ ဦးမြင့်ညို အခုပြောတာကိုပဲ ရေးဖို့ကောင်းနေပြီ။ ဦးမြင့်ညိုပြောတာ ကိုယ်တွေ့ခံရဖူးသလိုပဲ"
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၅)
No comments:
Post a Comment