ဒေါက်တာမြင့်သန်းထွန်း
အစာကို ကောင်းစွာမျိုမချနိုင်ခြင်းသည် ပါးစပ်ထဲမှ အစားအသောက်များကို အစာအိမ်ထဲသို့ ရောက်ရှိရန် ခက်ခဲခြင်း၊ အစာမျိုလိုက်သောအခါ နာကျင်ခြင်း သို့မဟုတ် အစာကို လုံးဝမမျိုနိုင်ခြင်းများ ဖြစ်တတ်ပါသည်။အစားအသောက်ကို ခပ်မြန်မြန်စားသောက်ခြင်းနှင့် ကြေညက်စွာ မဝါးခြင်းကြောင့်လည်း အစာမျိုရခက်တတ်ပါသည်။ အစာကို ကောင်းစွာ မျိုမချခြင်းသည် ခေတ္တခဏသာဖြစ်ခြင်းမှာ အရေးမကြီးသော်လည်း အချိန်ကြာရှည်စွာနှင့် ကောင်းစွာ မျိုမချနိုင်ခြင်းကို မပေါ့ဆသင့်ပါ။
အစာမျိုရခက်ခဲသော အချက်များ
ကလေးများတွင် အချိန်မတိုင်မီ မွေးဖွားခြင်း (လမစေ့မွေးဖွားခြင်း)ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း အပါအဝင် ဖွံ့ဖြိုးမှုဆိုင်ရာပြသနာများဖြစ်ပြီး အစာမျိုရ ခက်ခဲတတ်ပါသည်။ အသက်ကြီးလာသောအခါတွင်လည်း အစာရေမျိုပြွန် ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကြောင့် အစာမျိုရ ခက်ခဲတတ်ပါသည်။ အာရုံကြောစနစ်ဆိုင်ရာ ပြသနာများကြောင့် အစာမျိုရခက်ခဲတတ်ပါသည်။
ရောဂါလက္ခဏာများ
ကလေးငယ်များတွင် အစာမျိုရခက်ခဲသော လက္ခဏာများ ရှိတတ်ပါသည်။ နို့တိုက်ရခက်ခဲခြင်း၊ အစားအသောက်ငြင်းဆိုခြင်း၊ ပါးစပ်ထဲမှ အစာနှင့် ရေများ စိမ့်ထွက်လာခြင်း၊ အစားအသောက်ပေါ်တွင် စိတ်ဝင်စားမှုမရှိခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အစာစားချိန်သည် မိနစ် ၃ဝ နှင့်အထက် ကြာခြင်း၊ အစားအသောက်စားနေစဉ် ချောင်းဆိုးခြင်း၊ ဆို့နင့်ခြင်း၊ အန်ချခြင်း၊ ကြီးထွားနှုန်းနှေးခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်ပါသည်။
လူကြီးများတွင် အစားအစာမျိုချရခက်ခဲသော လက္ခဏာများမှာ အစားအစာမျိုချရသောအခါတွင် နာကျင်ခြင်း၊ အစားအသောက်ကို မမျိုချနိုင်ခြင်း၊ လည်ချောင်းဆီသို့ အစာအိမ်မှ အစာချေရည် (ဟိုက်ဒရိုကလိုရစ်အက်ဆစ်ပျော့)နှင့် အစားအစာ ပြန်ဆန်တက်ခြင်း၊ အစားအသောက် မျိုချသောအခါ သီးခြင်း၊ သွားရည်ကျခြင်း၊ အစာပြွန်အန်ထွက်ခြင်း၊ အသံပြာခြင်း၊ မကြာခဏ ရင်ပူခြင်း၊ လည်ချောင်း၊ ရင်ဘတ် စသော နေရာများတွင် အစာနင်သော ခံစားမှုရရှိခြင်း၊ ချောင်းဆိုးခြင်းနှင့် ရုတ်တရက် ကိုယ်အလေးချိန် လျော့ကျခြင်းတို့ဖြစ်ပါသည်။
![]() |
ဓာတ်ပုံ - unlockfood |
နောက်ဆက်တွဲပြဿနာများ
အစာမျိုရခက်ခဲခြင်း၊ အချိန်ကြာမြင့်လာသည်နှင့်အမျှ အသက်ရှူလမ်းကြောင်း ရောဂါများ၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် အာဟာရချို့တဲ့ခြင်း စသည့် နောက်ဆက်တွဲပြသနာများ ဖြစ်ပေါ်တတ်ပါသည်။
အစားအစာနှင့် ရေများသည် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်း စသည်တို့ဖြစ်စေတတ်ပါသည်။ အစာမျိုရခက်ခဲခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သောအစာရေစာများ မရသဖြင့် အာဟာရချို့တဲ့ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
အစာကို ခက်ခဲစွာ မျိုချခြင်းကြောင့် အစာရေမျိုပြွန်ကင်ဆာကဲ့သို့သော ပြင်းထန်လှသည့် ကျန်းမာရေးပြသနာများ ဖြစ်ပေါ်တတ်ပါသည်။
ကုသခြင်း
အစာစားရင်း အသက်ရှူရခက်ခဲခြင်းနှင့် အစာရေပြွန်ကင်ဆာများ ဖြစ်ပေါ်ပါက မပေါ့ဆသင့်ပါ။ ဆရာဝန်ထံ ချက်ချင်းပြသပြီး ထိရောက်စွာ ကုသမှုခံယူရပါမည်။ အစာကို ကောင်းစွာမျိုချနိုင်ရန် ဖြည်းဖြည်းစားသောက်ရပါမည်။ အစာမျိုရခက်ခဲခြင်းလက္ခဏာများ ရှိလာပါက မပေါ့ဆဘဲ အစာအိမ် အူလမ်းကြောင်းဆရာဝန်များ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်များကို ပြသရပါမည်။ ကလေးများတွင်ဖြစ်ပါက ကလေးအထူးကုဆရာဝန်များထံ ပြသင့်ကြောင်း အကြံပြုအပ်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၃)
No comments:
Post a Comment