November 20, 2020

ဝက်မွေးမြူရေးအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ

ထွန်းထွန်း(မွေး/ကု)

        မြန်မာနိုင်ငံ၏ လက်ရှိစားသုံးမှုကဏ္ဍတွင် ဒုတိယနေရာယူထားသည့် ဝက်မွေးမြူနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်မွေးမြူနည်းများ၊ အစာကျွေးမွေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု နည်းစနစ်များအား လေ့လာနိုင်ရန်နှင့် ဝက်မွေးမြူထုတ်လုပ်မှု ကဏ္ဍတိုးတက်ဖွံ့ဖြိုးလာစေခြင်းဖြင့် မွေးမြူရေးလုပ်ငန်းရှင်များ အကျိုးအမြတ် ပိုမိုရရှိလာစေရန် ရည်ရွယ်ရေးသားတင်ပြရခြင်းဖြစ်ပေသည်။

ဝက်အမျိုးအစားရွေးချယ်ခြင်း

        မွေးမြူမည့်ဒေသနှင့်သင့်လျော်၍ ဖြစ်ထွန်းနိုင်သောမျိုး၊ ထုတ်လုပ်မှုအရည်အသွေး ကောင်းသောမျိုး၊ ကြီးထွားနှုန်းကောင်းသောမျိုး၊ ရာသီဥတုဒဏ် ခံနိုင်ရည်မြင့်သောမျိုး၊ စျေးကွက်တွင် လွယ်ကူစွာ ရရှိနိုင်သောမျိုး၊ (ခြင်းနှင့်သယ်ယူလာပြီး အလွယ်တကူရရှိသောမျိုး မဖြစ်စေရ)၊ ပြန်လည်ရောင်းချမှု လွယ်ကူသောမျိုးများဖြစ်ရမည်။

မိရိုးဖလာ ဝက်မွေးမြူနည်းစနစ်များ

        အိမ်ခြံမွေးမြူနည်းစနစ်ဖြင့် မွေးမြူခြင်း၊ ဝက်လှောင်အိမ်၊ ခြံတည်ဆောက်၍ မွေးမြူခြင်း၊ လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူခြင်း၊ ကျေးလက်များတွင် ငုတ်စိုက်မွေးမြူခြင်းဖြင့် မပြုလုပ်သင့်ပါ။

နေရာ၊ ခြံအဆောက်အအုံပုံစံနှင့် အကျယ်အဝန်း

        ဝက်ခြံနေရာသည် နေရောင်ခြည်ရရှိ၍ ဆင်ခြေလျောရှိသောနေရာ ဖြစ်ရမည်။ ရေဝပ်သောနေရာ၊ အမြဲတမ်းစွတ်စိုသောနေရာ မဖြစ်စေရ။ သန့်ရှင်းသောရေ လုံလောက်စွာ ရရှိနိုင်သောနေရာ ဖြစ်ရမည်။ မြေကြီးအမာခံဖြစ်၍ လူနေအိမ်များနှင့် အလှမ်းဝေးလျှင် ပို၍ သင့်လျော်သည်။ အထူးသဖြင့် စီးပွားဖြစ်မွေးမြူသောဝက်ခြံများသည် သီးခြားမွေးမြူသင့်သည်။ အခြားတိရစ္ဆာန်များနှင့် ရောနှောမွေးမြူခြင်း မပြုသင့်ပါ။ ခြံတိုးချဲ့နိုင်ရန်အတွက် မြေအပို ရှိသင့်သည်။ 

        မွေးမြူရေးခြံဆောက်လရာတွင် နေရောင်ခြည်နှင့် လေကောင်းလေသန့် ကောင်းမွန်စွာရရှိရမည်။ အပူအအေး ရာသီဥတုဒဏ်ကို ကာကွယ်ပေးနိုင်ရမည်။ အညစ်အကြေးများကို လွယ်ကူစွာ သုတ်သင်ဆေးကြောနိုင်ရမည်။ ခြံထဲသို့ နံနက်ပိုင်း နေရောင်ခြည် ရရှိနိုင်စေရန် မျက်နှာစာကို အရှေ့ သို့မဟုတ် အရှေ့မြောက်ဘက်သို့ မျက်နှာမူ၍ ဆောက်လုပ်ရမည်။ ဝက်များ၏ နှုတ်သီးဖြင့် တွန်းထိုးခြင်းကို ခံနိုင်သောပစ္စည်းများဖြင့် ဆောက်လုပ်ရမည်။

ဝက်များလိုအပ်သော ဧရိယာအကျယ်အဝန်း

        ဝက်ကြီးတစ်ကောင်အတွက် ၂ဝ စတုရန်းပေ၊ ဝက်လတ်တစ်ကောင်အတွက် ၁၆ စတုရန်းပေ၊ ဝက်ငယ်တစ်ကောင်အတွက် ၁ဝ စတုရန်းပေ၊ သားခွဲဝက်ငယ် ၁၆ ကောင်အတွက် ၆ဝ စတုရန်းပေ၊ ဝက်မနှင့် သားငယ် ၁ဝ ကောင်အတွက် ၁ဝဝ စတုရန်းမှ ၁၆ဝ စတုရန်းပေ ထားပေးရမည်။

ဝက်ခြံနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး

        မွေးမြူရေးခြံ အတွင်း အပြင် ပတ်ဝန်းကျင်၊ အသုံးအဆောင်ပစ္စည်းများ၊ အစာခွက် ရေခွက်များ အမြဲသန့်ရှင်းမှု ရှိရမည်။ ဝက်ခြံထိန်းသိမ်းစောင့်ရှောက်သူများလည်း သန့်ရှင်းမှုရှိရန် လိုအပ်သည်။ ဝက်ခြံသည် သန့်ရှင်းခြောက်သွေ့၍ အရိပ်အာဝါသရှိအောင် ဆောင်ရွက်ပေးရမည်။ ခြံတွင်း ယင်နှင့် အနံ့အသက်များ လျော့နည်းစေရန် EM ဖျော်ရည် ပုံမှန်သုံးစွဲပေးရမည်။ ဝက်ငယ်များ မွေးပြီးရက်တွင် အနွေးဓာတ်ပေးခြင်း၊ မီးထွန်းပေးခြင်းများ ပြုလုပ်ပေးရမည်။ ဝက်ခြံတွင် ထိခိုက်ဒဏ်ရာရစေမည့်ပစ္စည်းများ မထားရ။ ရေစီးရေလာ၊ အညစ်အကြေးများ အလွယ်တကူစီးဆင်းနိုင်ရန် ခြံပတ်ဝန်းကျင်တွင် ရေနုတ်မြောင်းထားရှိရမည်။ အစာ၊ ရေနှင့် အားဖြည့်ဆေးဝါး၊ ဝက်များကိုကျွေးသော အစာတွင် ဒေသထွက်ပစ္စည်းများဖြင့် အာဟာရဓာတ်ပြည့်စုံစေရန် စီစဉ်ဆောင်ရွက်ရမည်။

ဓာတ်ပုံ - steemitimages

        ဝက်စာအဖြစ် မီးဖိုချောင်ထွက်ပစ္စည်းများ (ထမင်းဆိုင်များမှ စွန့်ပစ်ပစ္စည်း)ကျွေးမွေးပါက ကျိုချက်ကျွေးမွေးရမည်။ အစာကို အပိုအလိုမရှိ သင့်တင့်မျှတစွာ ကျွေးမွေးသင့်သည်။ သေးငယ်ကြုံလှီသော ဝက်ငယ်များကို သီးခြားအစီအစဉ်ဖြင့် ကျွေးရမည်။ အစာခွက်ကို အစာကျွေးတိုင်း သန့်ရှင်းပေးရမည်။ နို့စို့ဝက်ငယ်များကို သီးခြားစီ အစာခွဲကျွေးပါ။ ဝက်များအတွက် အဓိကကျသောအစာ အရင်ကျွေးပါ။ ပြီးမှ အစာစိမ်းကျွေးပါ။

        အစာတွင် ချို့တဲ့သောအာဟာရဓာတ်များအတွက် အစားထိုးဖြည့်စွက်ဆေးဝါးကျွေးရမည်။ သောက်သုံးရေသည် သန့်ရှင်းပြီး လိုအပ်လျှင် သောက်သုံးနိုင်ရန် အချိန်တိုင်းရရှိစေရမည်။ မွေးမြူထားသော ဝက်ကောင်ရေကို မူတည်ပြီး ရေသိုလှောင်ကန်များ၊ အသုံးပြုပစ္စည်းများ လုံလောက်မှု ရှိရမည်။ အခြောက်ကျွေးစနစ်ကို ကျင့်သုံးပါက သောက်ရေပိုမိုတိုက်ကျွေးရမည်။ ရေကို အစာခွက်ဖြင့် မထည့်ပါနှင့်။ သီးခြားရေခွက်ထားရှိရမည်။ ပလတ်စတစ်ပိုက်ရေခေါင်းနှင့် တပ်ဆင်ထားလျှင် ပိုကောင်းမွန်ပါသည်။ ရေခွက်အသုံးပြုပါက ရေထည့်တိုင်း သန့်ရှင်းပေးရမည်။ ရေခွက်များအသုံးပြုပါက ဝက်များဆင်းမအိပ်ရန် စီစဉ်ထားရမည်။ ဝက်များရေသောက်နှုန်းမှာ ပျမ်းမျှ ဝက်ငယ် တစ်နေ့ နှစ်လီတာ၊ ဝက်ကြီး တစ်နေ့ ၂ ဒသမ ၅ လီတာ၊ ကိုယ်ဝန်ရှိသောဝက်မ တစ်နေ့ သုံးလီတာ၊ ဝက်မနှင့် ဝက်လေး မိသားစု တစ်နေ့ ၁၆ လီတာမှ ၂ဝ လီတာခန့်ရှိသည်။ ဝက်များ၏တစ်နေ့ ရေသောက်နှုန်းသည် ၎င်းတို့ ပုံမှန်စားနေကြ အစာခြောက်၏ လေးဆဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှု

        ဝက်ခြံနှင့် ဝက်ခြံပတ်ဝန်းကျင်အား သန့်ရှင်းခြောက်သွေ့အောင် ထားရမည်။ ထုံးဖြူးပေးရမည်။ ရောဂါဖြစ်သောဝက်ကို တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ခြင်း မပြုရ။ ရောဂါဖြစ်နေသော ဝက်နှင့် အခြားဝက်များကို သီးသန့်ခွဲထားရမည်။ သေဆုံးသောဝက်ကို မီးရှို့ခြင်း သို့မဟုတ် ကျင်းနက်နက်တူး၍ မြေမြှုပ်ခြင်း ပြုလုပ်ရမည်။

ရောဂါဖြစ်သောဝက်ကို ဆေးကုခြင်း

        ကျန်းမာသောဝက်ကို ကာကွယဆေးထိုးပေးခြင်း ဆောင်ရွက်ရမည်။ ကပ်ပါးသန်ကောင်များ တွယ်ကပ်ပါက စနစ်တကျ သင့်တော်သည့် သန်ချဆေးများတိုက်ကျွေးရမည်။ ရောဂါရှိသောခြံများမှ လူအဝင်အထွက်ကန့်သတ်ရမည်။ ရောဂါဖြစ်၍ သေဆုံးသောခြံကို ပိုးသတ်ဆေးဖျန်း၍ နှစ်ပတ်ခန့်ကြာမှသာ ထပ်မံမွေးမြူပါ။ အသစ်ဝယ်ယူသောဝက်များသည် ကာကွယ်ဆေးထိုးပြီးသောဝက်များဖြစ်ရမည်။

စာရင်းဇယားမှတ်တမ်းများ

        မွေးမြူထားရှိသောကောင်ရေ၊ အထီး၊ အမ၊ ဝက်ငယ် ခွဲမှတ်ပါ။ ရင်းနှီးငွေ၊ ရောင်းချမှုမှတ်တမ်း၊ ဖွား၊ သေစာရင်း၊ သားစပ်ရက်၊ သားပေါက်ရက်၊ ကာကွယ်ဆေးထိုးရက်၊ အရင်း၊ အမြတ်၊ အရှုံးစာရင်းများ ပြုလုပ်ထားရမည်။

        မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများနှင့် မြို့ပြဆင်ခြေဖုံးနှင့် ကျေးလက်များတွင် ဝက်များကို တစ်ကောင်စ၊ နှစ်ကောင်စ တစ်နိုင်တစ်ပိုင်မွေးမြူကြသည်။ ဝက်သည် စားသုံးရသည့် အစာကို အသားအဖြစ် ပြောင်းလဲရာတွင် ပြောင်းလဲနှုန်း အလွန်ကောင်းသည့် တိရစ္ဆာန်မျိုးဖြစ်သည်။ ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်း၊ ထမင်းကျန်၊ ဟင်းကျန်များဖြင့် ရောနှောကာ ကျွေးမွေးရသည်။ အပိုဝင်ငွေရရှိရန်နင့် အိမ်တွင်းစီးပွားရေး မြင့်မားတိုးတက်စေရန်အတွက် ဝက်များမွေးမြူရာ၌ မွေးမြူရေးစနစ်မှန်ရန်နှင့် ဂရုတစိုက်မွေးမြူကြရန် ရည်ရွယ်၍ ရေးသားတင်ပြလိုက်ရပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၄)

No comments:

Popular Posts