November 19, 2020

နေကြာအထွက်နှုန်းအပေါ် ပျားများ၏ အကျိုးပြုမှု

မောင်ငြိမ်းအောင် (တန့်ဆည်)

        မြန်မာ့ဆီထွက်သီးနှံများတွင် နေကြာသည် ၁ ဒ သမ ၅၈ သန်းခန့်စိုက်ပျိုးပြီး ဆီထွက်သီးနှံများအနက် တတိယနေရာတွင် အထောက်အကူပြုလျက်ရှိသည်။ နေကြာကို တစ်ဧကအထွက်နှုန်းတင်း ၅၀ မျှော်မှန်း၍ စိုက်ပျိုးလျက်ရှိသည်။ သို့သော် ရေကောင်း၊ မြေကောင်း၊ စိုက်ပျိုးနည်းစနစ်မှန်၊ မျိုးရွေးချယ်မှုမှန်ကန်သော လယ်သမားများသည် တစ်ဧက တင်း ၅၀ ကျော် ထွက်ရှိနေသည်ကို တွေ့ရသည်။ နိုင်ငံ၏ ပျမ်းမျှထွက်နှုန်းမှာမူ တစ်ဧက တင်း ၂၀ ခန့်သာထွက်ရှိနေသေးသည်ကို တွေ့ရှိရသည်။

        နေကြာအထွက်တိုးရန်မှာ တစ်ဧကရှိရမည့် အပင်အရေအတွက် (အပွင့်အရေအတွက်)၊ တစ်ပွင့်မှာရှိရမည့် အောင်စေ့အရေအတွက်နှင့် အစေ့ ၁၀၀ အလေးချိန်တို့အပေါ် မူတည်နေသည်။ နောက်ပိုင်းတွင် နေကြာအထွက်ကို တစ်ပွင့်မှာရှိရမည့် အစေ့အရေအတွက်၊ အစေ့နှင့် အခွံ အချိုးနှင့် ဆီပါဝင်မှုနှုန်းဖြင့် တွက်ချက်လာကြသည်။ နေကြာတစ်ဧကတွင် အပွင့်ပေါင်း ၂၉၀၀၀မှ ၃၀၀၀၀ ကျော် ရရှိအောင် စိုက်ပျိုးရန် လိုအပ်ပါသည်။

        နေကြာတစ်ပွင့်တွင် အောင်စေ့ ၅၀၀ မှ ၆၀၀ ရရှိမှသာ တစ်ဧကတင်း ၅၀ကျော် ထွက်နိုင်သည့်နေကြာသည် ပင်တည်းဝတ်မှုန်ကူးမှုနည်းပြီး ပင်ခြားဝတ်မှုန်ကူးမှုများသည် ယခုနောက်ပိုင်းတွင် စပ်မျိုးနေကြာများ ပေါ်လာသဖြင့် ပင်တည်းဝတ်မှုန်ကူးသည့်မျိုးများ ဖြစ်လာသည်။ ပင်ခြားဝတ်မှုန်ကူးရာတွင် နေကြာဝတ်မှုန်များသည် လေး၍စေးကပ်သဖြင့် လေဖြင့် ဝတ်မှုန်ကူးရန် အခွင့်အလမ်း အလွန်နည်းသည်။ ပျား၊ ပိတုန်း၊ လိပ်ပြာ၊ ယင်စသည့် အင်းဆက်များ၏ အကူအညီဖြင့်သာ ဝတ်မှုန်ကူး သန္ဓေအောင်ကြသည်ကို တွေ့ရသည်။ ရှရှားနိုင်ငံတွင် နေကြာအထွက်အပေါ် ပျားများ၏ အကျိုးသက်ရောက်မှုကို သုတေသနပြု စမ်းသပ်ခဲ့သည်။

ဓာတ်ပုံ - pixabay.com

        မြန်မာနိုင်ငံတွင်လည်း ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာတွင် စမ်းသပ်မှုသုံးမျိုးကို ဆောင်ရွက်ခဲ့သည်။ သံဇကာအစိပ်ဖြင့် အလုံကာ၍ နေကြာစိုက်ပျိုးစမ်းသပ်ချက်နှစ်ခု ပြုလုပ်သည်။ ကျန်တစ်နေရာတွင် သံဇကာမကာဘဲ ပုံမှန်သဘာဝအတိုင်း နေကြာစိုက်ပျိုးစမ်းသပ်သည်။ သံဇကာအလုံကာထားသော နေကြာစိုက်ခင်း(၁)တွင် နေကြာပန်းပွင့်ချိန်၌ ပျားအုံကို ထည့်ပေးသည်။ စမ်းသပ်ချက် (၂)တွင် ပျားအုံထည့်မပေးဘဲထားပါသည်။

        အချို့နိုင်ငံများတွင် နေကြာစိုက်ခင်းအတွင်း ပျားအုံတွဲဖက်မွေးမြူသည့်စနစ် ကျင့်သုံးကြသည်။ နေကြာတစ်ဧကလျှင် ပျားအုံတစ်အုံမှ နှစ်အုံချပေးရန် လိုအပ်သည်။ ပျားအုံသည် ပန်းပွင့်ချိန် နှစ်ပတ် သုံးပတ်အတွက် သာ လိုအပ်သည်။ သို့ပါ၍ နေကြာစိုက်ခင်းအားလုံး တစ်ပြေးညီပွင့်စေရန် အထူးဂရုပြုရန် လိုအပ်သည်။ အချို့နိုင်ငံများတွင် ပင်ခြားဝတ်မှုန်ကူးသော သစ်သီးမျိုးစိုက်ခင်းများတွင်လည်း ပျားအုံများကို အသုံးပြုကြသည်။

        နေကြာစိုက်ခင်းတွင် ပိုးကျရောက်ပါက ညနေ ၄ နာရီမှ ၅ နာရီ နောက်ပိုင်းမှသာ ဆေးဖျန်းသင့်သည်။ ပျားများသည် နံနက်ပိုင်းအချိန်သာ ပျံသန်း၍ နေကြာပွင့်မှ ဝတ်ရည်ကို စုပ်ယူရင်း ဝတ်မှုန်ကူးပေးကြသည်။ ပြည်ပနိုင်ငံများတွင် ပျားများအတွက် အန္တရာယ်မရှိသော ပိုးသတ်ဆေးများကို အသုံးပြုလျက်ရှိသည်။ ဤသို့ဖြင့် ပျားများက နေကြာအထွက်နှုန်းတိုးရေးကို အကျိုးပြုနေကြပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၆)


No comments:

Popular Posts