မောင်ငြိမ်းအောင်(တန့်ဆည်)
မြန်မာ့ရေမြေဟာ သစ်သီးပင်များစွာ ဖြစ်ထွန်းနေသည့် အားသာချက် ပိုင်ဆိုင်ထားပါတယ်။ ပိုင်ဆိုင်ထားတဲ့အလျောက်လည်း သစ်သီးပင်များစွာကို ပြည်တွင်းစားသုံး၊ ပြည်ပလည်းတင်ပို့ဖို့အတွက် တိုးချဲ့ စိုက်ပျိုးလျက်ရှိကြတာ တွေ့ရပါတယ်။ အဓိကအားဖြင့် သရက်၊ ကျွဲကော၊ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ မာလကာသီး၊ ဆီး၊ ထောပတ်၊ မက်မန်း၊ လိုင်ချီး၊ ငှက်ပျော၊ တည်၊ သင်္ဘော၊ နဂါးမောက်သီး၊ အုန်း၊ ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး စတဲ့ သစ်သီးပင်စိုက်ပျိုးကြတာ တွေ့ရပါတယ်။
စိုက်ပျိုးတဲ့နေရာမှာလည်း ပြည်တွင်းဒေသမျိုးများအပြင် ယခုအခါ စျေးကွက်၏ တောင်းဆိုမှုအရ ပြည်ပမျိုးကောင်းမျိုးသန့်များကိုပါ တီထွင်ဆန်းသစ် စိုက်ပျိုးလာကြတာ တွေ့ရပါတယ်။ ဤသို့စိုက်ပျိုးရာတွင် စီးပွားရေးအရရော၊ စျေးကွက်အရပါ အပြိုင်အဆိုင်ထုတ်လုပ်လာကြပါတယ်။ ဒီအခါမှာ အရည်အသွေးကောင်း၊ သစ်သီးထုတ်လုပ်နိုင်တဲ့သူက ဈေးကွက်ယှဉ်ပြိုင်ရာမှာ နှာတစ်ဖျားသာသွားပြီး စျေးကောင်းလည်းရ၊ ရောင်းရလည်းသွက်တဲ့အကျိုး ခံစားရတာကို တွေ့ရပါတယ်။
သစ်သီးများဆိုတာဟာ မူရင်းမျိုးက ဘယ်လောက်ပင် မျိုးကောင်းမျိုးသန့် အရည်အသွေးကောင်းတဲ့မျိုးဖြစ်နေစေကာမူ ခြံပိုင်ရှင်က လိုအပ်ချက်ကို ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ခြင်း ပြုလုပ်မပေးရင် သူကလည်း အဆိုးတရားကိုသာ ပြ န်လည်တုံ့ပြ န်လေ့ ရှိပါတယ်။ စာရေးသူအနေနဲ့ သင့်ဥယျာဉ်ခြံမှ သီးလာသော သစ်သီးများ အရောင်အသွေးတောက်ပ၊ အနံ့အရသာနူးညံ့ချိုမွှေး မြင်သူတကာ မြင်လိုက်ရုံနဲ့ စွဲမက်သွားလောက်အောင် ဆွဲဆောင်မှုရှိပြီး မျက်နှာပန်းလှ စျေးကောင်းရစေရန် နည်းလမ်းကောင်းပေးလိုက်ပါသည်။
![]() |
ဓာတ်ပုံ - herbalife-blog.fr |
သင့်ဥယျာဉ်ခြံမှ သစ်သီးများ အရည်အသွေးကောင်းစေရန် အဓိက လိုအပ်ချက်မှာ ပိုတက်စီယမ်ဓာတ်၊ ကယ်လ်စီယမ်ဓာတ်နဲ့ ဆာလ်ဖာဓာတ်တို့ကို စနစ်တကျထည့်သွင်းပေးခြင်း ဖြစ်ပါတယ်။ ခြံပိုင်ရှင်အတော်များများဟာ သစ်သီးပင်များသည် နိုက်ထရိုဂျင်ဓာတ်နဲ့ ဖော့စ်ဖရပ်ဓာတ်တို့သာ အရေးပါသည်ဟု အယူအဆလွဲမှား၍ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဆာလ်ဖာတို့ကို မေ့၍ပင် ထားလေ့ရှိကြတာ တွေ့ရှိရပါတယ်။ အိန္ဒိယနိုင်ငံတွင် သစ်သီးခြံများ၌ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဆာလ်ဖာဓာတ်များ ချို့တဲ့မှုကြောင့် သီးထွက် ၂၆ ရာခိုင်နှုန်းထိ လျော့ကျသည့် ဒုက္ခနဲ့ ကြုံနေရတဲ့အပြင် အရည်အသွေးပါ ကျဆင်းခံရသည့် ပြဿနာနဲ့လည်း ရင်ဆိုင်ခဲ့ကြရပါတယ်။
ပိုတက်စီယမ်ဓာတ်ဟာ သစ်သီးများရဲ့ အရည်အသွေးကောင်းမှုကို လွှမ်းမိုးထားပါတယ်။ ၄င်းအပြင် သစ်သီးများအထားခံမှု၊ သယ်ယူပို့ဆောင်ရာတွင် ဒဏ်ရာရမှု၊ သစ်သီးရင့်မှည့်ချိန်ညီညာမှု၊ ပြင်ပအရောင်အသွေး တောက်ပမှုကိုအကျိုးပြုစေပါတယ်။ သစ်သီးပင်များတွင် လိုင်ချီးပင်ဟာ နိုက်ထရိုဂျင်အများဆုံး စုပ်ယူစားသုံးတယ်။ လိုင်ချီးတစ်တာက နိုက်ထရိုဂျင် ၁၂၀ ကီလိုဂရမ် စားသုံးတာ တွေ့ရပါတယ်။ စပျစ်ပင်ဟာ တစ်တာဖော့စပရပ်ဓာတ် ၃၂၀ ကီလိုဂရမ် စားသုံးပါတယ်။ သရက်တစ်တာဟာ ပိုတက်စီယမ်ဓာတ် ၁၀၀ ကီလိုဂရမ် စုပ်ယူစားသုံးတာ တွေ့ရပါတယ်။ သစ်သီးပင်များရဲ့ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်ဓာတ်စားသုံးမှု ပျမ်းမျှကြည့်ပါက (၆၀:၁၅:၉၀) ကီလိုဂရမ် စားသုံးတာ တွေ့ရပါတယ်။ ပိုတက်စီယမ်လိုအပ်မှုဟာ နိုက်ထရိုဂျင်လိုအပ်မှုထက် ၁ ဒသမ ၅ ဆ ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။
သစ်သီးဥယျာဉ်ခြံတည်ပြီဆိုရင် မူလကတည်းက စိုက်ကျင်းကို စနစ်တကျပြင်၍ သဘာ၀မြေဆွေး၊ နိုက်ထရိုဂျင်၊ ဖော့စပရပ်၊ ပိုတက်စီယမ်ဆာလ်ဖာဓာတ်များကို စိုက်ကျင်းတွင် မြေခံအဖြစ် ထည့်ပ်းရန် အရေးကြီးပါတယ်။ စိုက်ကျင်းတစ်ကျင်းတွင် နိုက်ထရိုဂျင်မြေသြဇာ နို့ဆီတစ်ဘူး၊ ဖော့စပရပ်မြေသြဇာနို့ဆီဘူး၀က်၊ ပိုတက်ဆီယမ်မြေသြဇာ နို့ဆီဘူး သုံးဘူးမှ လေးဘူး၊ ကျောက်မှုန့်မြေသြဇာ နို့ဆီဘူးသုံးဘူး ထည့်ပေးရန် ဖြစ်ပါတယ်။ နောင် အပင်သက်တမ်း တစ်စတစ်စကြီးလာတဲ့အခါ အဆိုပါ သဘာ၀မြေဆွေးနဲ့ ဓာတ်မြေသြဇာများကို သက်တမ်းအလိုက် အချိုးနှုန်းထားမြှင့်၍ အပင်ခြေနဲ့ သုံးပေ (သို့) လေးပေ (သို့) ခြောက်ပေ (သို့) ရှစ်ပေကွာ မြောင်းတူး၍လည်းကောင်း၊ ကျင်းတူး၍လည်းကောင်း၊ မိုးဦးကျ မေ၊ ဇွန်လမှာ တစ်ကြိမ်၊ မိုးနှောင်း နို၀င်ဘာ၊ ဒီဇင်ဘာလမှာ တစ်ကြိမ်ထည့်ပေးဖို့ လိုပါတယ်။ မိုးနှောင်းကာလမှာ ထည့်ပြီးရင် ရေသွင်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပိုတက်စီယမ်ဆာလ်ဖိတ် (သို့) ပိုတက်စီယမ်နိုက်ထရိတ် (KNO3 = ယမ်းစိမ်း) တို့ကို ပန်းမပွင့်မီ အပင်ကြီးတစ်ဧက တစ်ပိဿာနှုန်း၊ ရေဂါလန် ၄၀ နဲ့ရောနှောပြီး အရွက်များကို သုံးကြိမ် ဖျန်းပေးနိုင်ပါတယ်။
သရက်သီးအလုံးလှရန်၊ ညီညာရန်၊ အရသာနူးညံ့ချိုမွှေးပြီး အရောင်တောက်ပ၊ မျက်နှာပန်းလှစေရန်အတွက် အသီးယူနေသော သရက်ခြံဖြစ်ပါက တစ်နှစ်ဓာတ်မြေသြဇာ လေးကြိမ်ကျွေးပေးရန် လိုအပ်ပါတယ်။ နိုက်ထရိုဂျင်၊ ဖော့စပရပ်၊ ပိုတက်စီယမ်၊ ကျောက်မှုန့်၊ မြေသြဇာကို ပထမအကြိမ် (၃:၁:၁:၃) ဖြ င့် တစ်ပင်ကို တစ်ကီလိုဂရမ်နှုန်းဖြင့် ကျွေးရန်၊ ဒုတိယအကြိမ် (၁:၃:၃:၃)ဖြင့် တစ်ပင်လျှင် တစ်ကီလိုရမ်နှုန်းဖြင့် ကျွေးရန်၊ တတိယအကြိမ် (၃:၁၀:၁၀:၆) ဖြင့် တစ်ပင်လျှင် တစ်ကီလိုဂရမ်နှုန်းကျွေးရန်၊ စတုတ္ထအကြိမ်တွင် (၁၀:၁၀:၃၀:၂၀)ဖြင့် တစ်ပင်လျှင် တစ်ကီလိုနှုန်းဖြင့် ကျွေးရန်၊ အရွက်ဖျန်းမြေသြဇာအသုံးပြုမည်ဆိုပါက ၆၀ ဂရမ်မှ ၈၀ ဂရမ်ကို ရေ ၂၀ လီတာနဲ့ ရောစပ်၍ ဖျန်းပေးရန် လိုအပ်ပါတယ်။ ခြောက်သွေ့သောရာသီတွင် ရေသွင်းပေးရန် လိုအပ်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၃)
No comments:
Post a Comment