November 1, 2020

ဒုတိယအရွယ် (၃၆)

လယ်တွင်းသားစောချစ်

        ကျောင်းအုပ်ကြီးက ဥက္ကဋ္ဌဖြစ်လာ၍ ကျွန်တော်က အတွင်းရေးမှူး တာဝန်ယူရသည်။ ကျန်သည့် အမှုဆောင်များကိုလည်း အသင်းဖွဲ့စည်းပုံအရ ရွေးချယ်တင်မြှောက်ကြသည်။ အသင်းဖွဲ့စည်းပြီးသောအခါ အများသဘောတူညှိနှိုင်း၍ အသင်းကြေး သတ်မှတ်ကြသည်။

        ရှေ့လုပ်ငန်းစဉ်များနှင့် ကျောင်း၏ တိုးတက်ရာတိုးတက်ကြောင်းကိစ္စများကို မိဘများက အကြံပြု တင်ပြ ကြသည်။ နောက်ဆုံးအစီအစဉ်မှာ ကျောင်းဖွင့်ပွဲအတွက် ဆွေးနွေးညှိနှိုင်းကြခြင်းဖြစ်သည်။ 

        ဖွင့်ပွဲအတွက် မဏ္ဍပ်ကို ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဦးခင်မောင်က တာဝန်ယူသည်။ ဦးခင်မောင်သည် ပန်းချီဆရာဖြစ်၍ မဏ္ဍပ်ကျက်တည်ထောင်ထားသူဖြစ်သည်။ ငွေကြေးဥစ္စာချမ်းသာပြည့်စုံသူလည်းဖြစ်သည်။

        သူ၏ တစ်ဦးတည်းသော သမီးလေးမှာ ကျွန်တော်တို့ကျောင်းတွင် ကျောင်းသူဖြစ်သည်။ ဦးခင်မောင်သည် ကျောင်းအပေါ်မှာ စေတနာရက်ရောသူဖြစ်သည်။ 

        အကျွေးအမွေးကို ရွာမှ တာဝန်ယူမည်။ ထမင်းကျွေးမည်။ ဟင်းကောင်း နှစ်ခွက်ပါမည်။ ပဲကုလားချဉ်ရည်၊ ငရုတ်သီးငပိကြော်နှင့် ကုလားပဲနှပ်တို့ ဖြစ်သည်။ ရွာမှ လူများအားလုံး ကျွေးချင်မွေးချင်စိတ်အား တက်ကြွနေကြသည်။

        ပြီးခဲ့သည့်နှစ်စာမေးပွဲကြီးမှာ ပထမ၊ ဒုတိယ၊ တတိယရသော ကျောင်းသားကျောင်းသူများနှင့် လေးတန်းမှာ တန်းလုံးကျွတ်အောင်သော ကျောင်းသား၊ ကျောင်းသူ ၂၈ ဦးကို ဆုပေးရန် တင်ပြကြသည်။ ယခင်နှစ်များတွင် သင်သော ဆရာမကို ဆုပေးခြင်း ရှိ/မရှိ မေးသောအခါ မည်သူမျှ မဖြေနိုင်ကြပါ။ မပေးခဲ့ကြပါ။ ဆရာမကို ပိုပေးသင့်ကြောင်း မိဘတစ်ဦးက တင်ပြသည်။ သဘောတူကြောင်း တညီတညွတ်တည်း ပြော၍ သဘောတူကြသည်။ ယခင်နှစ်များက မပေးခဲ့မိသည့်အတွက်ပင် ဆရာမကို အားနာနေကြသည်။

        ဆုပေးပွဲအတွက် ကုန်ကျမည့်ငွေကို မိဘများက အစည်းအဝေးမှာပင် စိတ်အားထက်သန်စွာ ထည့်ဝင်ကြသည်မှာ ပျော်စရာကောင်းလှသည်။


        ဆုပေးပွဲတွင် ကျောင်းသား ကျောင်းသူများ၏ အစွမ်းပြ အက၊ အဆို၊ တေးသရုပ်ဖော်အစီအစဉ်များ ပါဝင်တင်ဆက်ရန် ကိုလူအေးနှင့် ဆရာမသုံးယောက်က တာဝန်ယူကြသည်။

        “ပိုပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆရာကြီးကိုယ်တိုင် (ဆရာကြီးဆိုသည်မှာ ကျွန်တော့်ကို ရည်ညွှန်းကြခြင်း ဖြစ်ပါသည်။ ကျောင်းအုပ်ဆရာကြီး မရောက်မီ ကျွန်တော်က အသက်အကြီးဆုံးနှင့် တာဝန်အရှိဆုံးမို့ ဆရာကြီး ခေါ်လာခဲ့ကြခြင်းဖြစ်သည်။ ကျောင်းအုပ်ဆရာကြီး ရောက်လာသောအခါမှာ ဆရာကြီးကို ဆရာကြီးခေါ်သလို ကျွန်တော့်ကိုလည်း နှုတ်စွဲနေ၍ ကျောင်းသားကျောင်းသူများနှင့် မိဘများကပါ ဆရာကြီးဟု ဆက်ခေါ်နေကြပါသည်။) ဆရာကြီး ဦးဆောင်ပြီး အကောင်းဆုံးဖြစ်အောင် သင်ကြားပေးပါ”

        အားလုံးက လက်ခုပ်တီးကြသည်။ သူတို့ကလေးများကို အကောင်းဆုံးပွဲထုတ်ချင်ကြသည်။ ကိုလူအေးနှင့် ဆရာမများကပါ ရောပြီး တောင်းဆိုနေကြသည်။ ကျွန်တော်က ကတိပြုလိုက်၍ လက်ခုပ်သံများထွက်လာကြပြန်သည်။ ကျောင်းဆိုင်းဘုတ်အချိန်မီရရှိအောင် ဦးလှမင်းက တာဝန်ယူသည်။

        ဖွင့်ပွဲညတွင် ဗဟိုရုပ်ရှင်လာရောက်ပြသရန် အစီအစဉ်ကို ကျောင်းအုပ်ဆရာကြီးမှ တာဝန်ယူသည်။ ကုန်သွယ်ရေး(၁)စပါးအဝယ်ဒိုင်မှ ကိုနက်စိန်တို့အဖွဲ့က မန္တလေးမှ ခြင်းဝိုင်းတစ်ဝိုင်းနှင့် ခ်င်းမင်းသားများ ဖိတ်ခေါ်ပြီး ကူညီမည်။ လက်ခုပ်သံများ ထွက်လာပြန်၏။

        ဦးသေးတာက သူတစ်ယောက်တည်း တာဝန်ယူ အကုန်အကျခံ၍ ဖွင့်ပွဲညတွင် အငြိမ့်ထည့်ခွင့်ပြုရန် တင်ပြလာသည်။ လက်ခုပ်သံများ ဆူညံစွာ ထွက်လာသည်။ သို့သော် ကျွန်တော်က ဦးသေးတာ အကုန်အကျများမည်စိုး၍ ငြင်းပါသည်။ ဦးသေးတာက အတင်းထည့်ချင်၍ အကြိမ်ကြိမ်တောင်းဆိုသည်။အားလုံးကလည်း ထည့်ချင်နေကြသည်။ နောက်ဆုံးမှာ ကျွန်တော်က သဘောတူ၍ အားလုံးဝမ်းသာသွားကြသည်။

        ကျောင်းသန့်ရှင်းရေး၊ ဆေးသုတ်ဖို့ သစ်ပင်များထုံးသုတ်ဖို့ကို မိဘတစ်ဦးဖြစ်သူ ဦးချစ်က တာဝန်ယူသည်။ 

        ဦးညိုတုတ်နှင့် ရွာလူကြီးများအားလုံးမှာ ဧည့်သည်များဖိတ်ကြားရေးနှင့် ဖွင့်ပွဲနေ့မှာ ဧည့်သည်များ ကြိုဆိုဧည့်ခံရေး တာဝန်ယူကြသည်။ ဖွင့်ပွဲနှင့် ဆုပေးပွဲမတိုင်မီ တာဝန်ကိုယ်စီ ခွဲဝေထားသည့်အတိုင်း ပြင်ကြ၊ ဆင်ကြ၊ တက်ညီလက်ညီလုပ်ကြရသည်ကို အားလုံးပျော်နေကြသည်။ အချိန်မီရုံမက ကြို၍ပင် ပြီးနေကြသည်။

        ဖွင့်ပွဲနေ့သို့ ရောက်သောအခါ ကျောင်းဝင်းထဲတွင် ဦးခင်မောင်၏ မဏ္ဍပ်ကြီးမှာ ရွှေရောင်တဖိတ်ဖိတ် တောက်နေ၏။ “ကျောက်မီးရွာ အစိုးရအလယ်တန်းကျောင်းဖွင့်ပွဲနှင့် ဆုပေးပွဲ”ဟူသော စာလုံးကြီးများကို မဏ္ဍပ်၏ နဖူးစီးတွင် ထင်ရှားစွာ တွေ့ရသည်။

        ကျောင်းရှေ့တွင် လွှင့်ထူထားသော ပြည်ထောင်စုအလံမှာ လေအဟုန်တွင် တလွင့်လွင့်ဝင့်ကြွားနေသည်။

        ဖွင့်ပွဲစတင်ကျင်းပရန် သတ်မှတ်ထားသော နံနက်(၉)နာရီအချိန်တွင် မန္တလေးတိုင်းပညာဝန်၊ မန္တလေးခရိုင်ပညာဝန်၊ ပုသိမ်ကြီးမြို့နယ်ပညာရေးမှူးနှင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်များ စုံညီစွာ ရောက်ရှိနေကြပြီ။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၁)

No comments:

Popular Posts