November 11, 2020

ငရုတ်ပင်စိုက်ပျိုးမည်ဆိုလျှင်

ကျော်စွာမြင့်

        ငရုတ်ကို မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။ နုန်းတင်မြေနုသည် ငရုတ်စိုက်ရန် အကောင်းဆုံးဖြစ်သည်။ ငရုတ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ရေဝပ်ခြင်းကိုမူ မကြိုက်။ ငရုတ်စိုက်ပျိုးရန်အတွက် ပထမဦးစွာ ပျိုးထောင်ရသည်။ ပျိုးခင်းမြေကို ထယ်တစ်စပ်၊ နှစ်စပ်နှင့် ထွန်ရှစ်စပ်ဝင်ပြီးသော် ထွန်ရေးကောင်းရလာသည်။ ထိုအခါ ကြမ်းတုံးရိုက်ပြီးနောက် အနံသုံးပေ၊ အမြင့်ခြောက်လက်မခန့်၊ အလျားသင့်လျော်သလိုထားပြီး ပျိုးပေါင်များဖော်ရသည်။ ပျိုးပေါင်တစ်ခုနှင့်တစ်ခုကြားတွင်လူသွားလမ်းအတွက် တစ်ပေခြားထားရသည်။ ထို့နောက် ပျိုးပေါင်ပေါ်တွင် နွားချေးမှုန့်မြေဆွေးတို့ကို ဆန်ခါဖြင့်ချပြီး ပျိုးပေါင်အပေါ်ယံမြေနှင့် သမအောင်ရောမွှေပေးရသည်။

ဓာတ်ပုံ - Yara

        ပျိုးပေါင်ပေါ်သို့ ငရုတ်မျိုးစေ့များကို သဲအခြောက် သို့မဟုတ် မီးဖိုပြာနှင့် ရော၍ ညီညာစွာ ကြဲရသည်။ ငရုတ်စေ့ကို အဝတ်ပါးပါးဖြင့် ထုပ်၍ တစ်ညရေစိမ်ပြီးမှ အစိုကြဲရသည်။ ထို့အပြင် ငရုတ်စေ့များကို ဂုန်နီအိတ်ပေါ်ကြဲပြီး အခြားဂုန်နီအိတ်ကို ရေဆွတ်ကာ အပေါ်မှ အုပ်ထားခြင်းဖြင့် ငရုတ်စေ့များ အညှာပေါက်လာသောအခါ ပျိုးပေါင်ပေါ်တွင် ကြဲရသည်။ ပျိုးပေါင်ပေါ်တွင် ငရုတ်စေ့များ ကြဲပြီးနောက် မြေမှုန့်ပါးပါးဖြူးပေးကာ ကောက်ရိုးအုပ်ရသည်။ အပင်ကလေးများထလာသောအခါ ကောက်ရိုးဖယ်ရသည်။

        ငရုတ်တစ်ဧကစိုက်လျှင် မျိုးစေ့ ၄၀ ကျပ်သားခန့် ပျိုးထောင်ရသည်။ ပျိုးခင်းကို ရေသင့်ရုံ မှန်မှန်လောင်းပေးရသည်။ မိုးသည်းထန်စွာရွာက အပေါ်အမိုး မိုးပေးရသည်။ ငရုတ်ပင်များ ၄၀ ရက်သား၊ ၅၀ ရက်သားတွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ရသည်။ ပျိုးထောင်ထားစဉ် စိုက်ခင်းမြေကို ထယ်နှစ်စပ်၊ ထွန်တစ်စပ်ဝင်ကာ မြေဆီဩဇာကောင်းသော မြေမှလွဲ၍ ကျန်မြေမျိုးများတွင် တစ်ဧကလျှင် နွားချေးလှည်း ၁၀ စီးမှ ၂၀ စီးခန့်၊ ယူရီးယား ၁၀ ပိဿာ၊ တီစူပါ ၁၅ ပိဿာ၊ ပိုတက် သုံးပိဿာခန့် ညီညာစွာ ကြဲပက်ပေးပြီး သမအောင် ထွန်မွှေပေးရသည်။ ထို့နောက် တစ်တန်းနှင့်တစ်တန်း နှစ်ပေ ၊ တစ်ကျင်းနှင့်တစ်ကျင်း တစ်ပေခွဲနှုန်းဖြင့် စိုက်ကြောင်းများဖော်ပြီး ပျိုးနုတ်ထားသည့် အပင်များကို တစ်ကျင်းလျှင် နှစ်ပင်စိုက်ရသည်။

        ပျိုးနုတ်မည့်နံနက်တွင် ပျိုးခင်းကို ရေလောင်းပေးက ပျိုးနုတ်ရာတွင် လွယ်ကူစေသည်။ နုတ်ပြီး ပျိုးပင်များ၏ အမြစ်များကို ရေစင်ကြယ်စွာ ဆေးပြီးနောက် အပင်အဖျားပိုင်းကို နှစ်လက်မ၊ သုံးလက်မအထိ ဓားဖြင့်ဖြတ်၍ စိုက်ကြသည်။ ငရုတ်စိုက်ပြီးပြီးချင်း ရေတစ်ကြိမ်လောင်းရသည်။ မိုးစိုက်ငရုတ်ကို ရေအထူးအထွေလောင်းခြင်း၊ ရေသွင်းခြင်းပြုရန်မလို။ သို့သော် ဆောင်းစိုက်ငရုတ်အတွက်မူ ရေသွင်းပေးခြင်းကို တစ်လ တစ်ကြိမ် နှစ်ကြိမ်ခန့် မြေအစိုဓာတ်ကို ကြည့်၍ ပြုလုပ်ရသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၅)

No comments:

Popular Posts