ဖေနှင်းငွေ
လက်ပ်တိုစပိုင်ရိုးစစ်ရောဂါသည် လက်ပ်တိုစပိုင်းရား (ခေါ်) ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသည့် တိရစ္ဆာန်များတစ်ဆင့်ကူးစက်တတ်သောရောဂါဖြစ်သည်။ ရောဂါကူးစက်ခံထားရသော အိမ်မွေးတိရစ္ဆာန်များအပါအဝင် အခြားသော ကြွက်၊ နွား၊ ဝက်၊ ခွေး၊ မြင်း၊ ကျွဲ၊ သိုး၊ ဆိတ် စသည့် တိရစ္ဆာန်များ၏ ကျင်ငယ်ရည်များ ရောနှောပါဝင်နေသော ရေနှင့် ရွှံ့မြေတို့နှင့် ထိတွေ့မိခြင်း၊ ရေနှင့် အစားအစာတို့အား စားသောက်မိခြင်းတို့မှတစ်ဆင့် ရောဂါကူးစက်ပြန့်ပွားနိုင်ပါသည်။ အထူးသဖြင့် မျက်လုံး၊ နှာခေါင်းတို့ကဲ့သို့ နူးညံ့သည့်အစိတ်အပိုင်းများ၊ အရေပြားတွင် ထိခိုက်ဒဏ်ရာရထားသည့်နေရာများနှင့် ထိတွေ့မိသည့်အခါ ကူးစက်ခြင်းခံရတတ်ပါသည်။
လက်ပ်တိုစပိုင်ရိုးစစ်ရားဘက်တီးရီးယားပိုး အမျိုးအစား ၁၃ မျိုးရှိသည်ဟု သိရသည်။ သို့သော်လည်း ကူးစက်မှုအများဆုံးမှာ Rodent မျိုးနွယ်ဝင်ဖြစ်သည့် ကြွက်များမှတစ်ဆင့် အများဆုံးကူးစက်ပါသည်။ ထို့ကြောင့် တချို့က ကြွက်သေးပန်းရောဂါဟု စကားဖြင့် ခေါ်ကြပါသည်။ အဓိကကူးစက်ခံရနိုင်သည့် လူများမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများ၊ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်းလုပ်ကိုင်နေသူများ၊အညစ်အကြေးများနှင့် ထိတွေ့လုပ်ကိုင်နေသူများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားပါသည်။ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါဖြစ်ပြီး စောစီးစွာကုသခြင်းမရှိပါက အသက်ဆုံးရှုံးနိုင်ပါသည်။
![]() |
ဓာတ်ပုံ - amcny |
ရောဂါစတင်ဝင်ရောက်ပြီး ၂ ရက်မှ ၃ဝ ရက်အတွင်း ဖျားခြင်း၊ ချမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ မျက်လုံးနီရဲခြင်း၊ အသားဝါခြင်း၊ အရေပြားတွင် အနီစက်၊ အနီကွက်များထွက်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရပါသည်။
လက်ပ်တိုစပိုင်ရိုးစစ်ရောဂါသည် အခြားသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ အူရောင်ငန်းဖျားရောဂါတို့နှင့် ရောဂါလက္ခဏာဆင်တူပါသည်။ ထို့ကြောင့် ရောဂါဖြစ်ပွားမှုကို အတည်ပြုနိုင်ရေးအတွက် ဆီးနှင့် သွေးတိုးအား ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးရန် လိုအပ်ပါသည်။ လက်ပ်တိုစပိုင်ရိုးစစ် ရောဂါသည် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနိုင်သောရောဂါဖြစ်သည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့ သမပိုင်းနှင့် အပူပိုင်းရာသီဒေသများတွင် ပို၍အဖြစ်များသည်။ ထို့ပြင် ဒုက္ခသည်စခန်းနေထိုင်သူများ ယာယီတဲများနှင့် ခရီးရှည် ပျော်ပွဲစားထွက်သူများ၊ ရေထဲရွှံ့ထဲ၌ အားကစားလုပ်သူများ၊ မြစ်ချောင်းများ၌ ရေကူးလေ့ရှိသူများ၊ ရေနှင့် ဆော့ကစားသူများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။
ရောဂါကူးစက်မှုမဖြစ်စေရန်အတွက် မိုးရာသီနှင့် ကောက်ရိတ်သိမ်းကာလများ၊ ရေလျှံသောနေရာများ၊ ရေအိုင်များ၌ ဆော့ကစားခြင်း၊ ရေချိုးခြင်း၊ ရေကူးခြင်း၊ မသန့်ရှင်းသောရေများအား သောက်သုံးခြင်းတို့အား ရှောင်ကြဉ်သင့်ပါသည်။
ထို့အတူ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ အညစ်အကြေးများနှင့် ထိတွေ့လုပ်ကိုင်နေသူများအနေဖြင့် လည်ရှည်ဖိနပ်များ၊ လက်အိတ်များ ဝတ်ဆင်အသုံးပြု၍ လုပ်ငန်းခွင်ဝင်သင့်သည်။
လက်ပ်တိုစပိုင်ရိုးစစ်ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ကျန်းမာရေးဌာနများသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှုခံယူပါ။ လက်ပ်တိုစပိုင်ရိုးစစ်ရောဂါသည် အချိန်မီသိရှိ၍ စောစီးစွာ ဆေးကုသမှုခံယူပါက ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည့်အတွက် ဂရုပြုကာကွယ်စောင့်ရှောက်နိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၃)
No comments:
Post a Comment