ဒေါက်တာလွင်သန့်
ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်စေကြောင်း (၁၉၃၉) ခုနှစ်များဆီကပင် စတင်တွေ့ရှိခဲ့ရပါသည်။ ဆရာဝန်အချို့နှင့် ဆေးလိပ်ကုမ္ပဏီကြီးများက လက်မခံခဲ့ပေ။ ၁၉၆ဝ ပြည့်နှစ်ရောက်မှ လေထုညစ်ညမ်းခြင်းကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားတတ်ကြောင်း တွေ့ရှိခဲ့သည့်အတွက် ဆေးလိပ်သောက်ခြင်းဖြင့် အဆုတ်ကင်ဆာဖြစ်နိုင်ကြောင်း အားလုံးလက်ခံလာကြပါသည်။
ဆေးရွက်ကြီး မီးစွဲလောင်လျှင် နီကိုတင်း၊ ကတ္တရာ၊ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်ငွေ့များ ပါဝင်သည်။ နီကိုတင်းသည် အဆိပ်ဓာတ်များကို သွေးထဲများပြားစေသည်။ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့သည် အဆုတ်ရှိ အောက်ဆီဂျင်ကို ခန္ခာကိုယ်အနှံ့ သွေးနီဥအတွင်းရှိ ဟေမိုဂလိုဘင်၏လုပ်ငန်းများထဲ ဝင်ရောက်နှောင့်ယှက်ခြင်းဖြင့် လုပ်ငန်းများ ပျက်စီးလျော့ပါးစေသည်။ ဆေးလိပ်သောက်ခြင်းဖြင့် သေဆုံးမှုအမြင့်ဆုံးရောဂါမှာ နှလုံးသွေးကြောကျဉ်းရောဂါ (Myocardia In-fact)ဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
![]() |
ဓာတ်ပုံ - thelocal.de |
ဆေးလိပ်သောက်ခြင်းသည် မိမိ၏စိတ်ကျန်းမာရေး ကောင်းမွန်စေရန် နှောင့်နှေးနိုင်သည့် တစ်ခုတည်းသော အကြီးမားဆုံးသောပြဿနာဖြစ်သည်။ ဆေးလိပ်ကြောင့် လူ့သက်တမ်း ၈ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်။ ဆေးလိပ်မှာ ကောင်းကျိုးလုံးဝမရှိဘဲ ဆိုးကျိုးအားလုံးပေးသည့် ဓလေ့ဆိုးဖြစ်ပါသည်။အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့၌ အနာများပိုမိုဖြစ်ပေါ်စေပါသည်။
ဆေးလိပ်ကို အလွန်အကျွံ နှစ်ပေါင်းများစွာ သောက်ပါက နာတာရှည် အဆုတ်ရောင်ရောဂါဖြစ်စေပြီး အဆုတ်ကျုံ့နိုင်၊ ဆန့်နိုင်သည့် သတ္တိများလျော့ပါးသည်။ အဆုတ်ရောင် (Emphysema) ချောင်းဆိုးရောဂါလည်းဖြစ်စေသည်။ ကျန်းမာရေးချို့တဲ့စေပြီး လှုပ်ရှားသွားလာမှုပြုပါက အမောဖောက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။
ဆေးလိပ်ကို ကိုယ်တိုင်မသောက်သော်လည်း အနီးတွင်ဆေးလိပ်သောက်သူရှိပါက ဆေးလိပ်သောက်သည်နှင့်မခြား အန္တရာယ်ရှိသည်။ နီကိုတင်း၊ ကတ္တရာနှင့် ကာဗွန်မိုနောက်ဆိုဒ်သည် နှလုံးရောဂါ၊ အဆုတ်ကင်ဆာရောဂါ၊ အဆုတ်ရောင်ရောဂါတို့ ဖြစ်စေနိုင်ပါသည်။ ပတ်ဝန်းကျင်ကို လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားစေသည်။ အစီခံတပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာဖြစ်ပေါ်မှုကို မလျော့နည်းစေနိုင်ပါ။ ဆေးလိပ်သောက်နည်း ပြောင်းသွားရုံဖြင့် အဆုတ်ကင်ဆာ လျော့မကျနိုင်ပါ။
မူးယစ်ဆေးဝါး၏အစမှာ ဆေးလိပ်ကဖြစ်၍ လူတိုင်း စိုးရိမ်ပူပန်သောကဖြစ်စေသည်။ လူထုကျန်းမာရေးအတွက် ဆေးလိပ်သောက်ခြင်းကို နှိမ်နင်းနိုင်ပါမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်မှ ကင်းဝေးနိုင်မည် ဖြစ်ပါသည်။ ဆယ်ကျော်သက်အရွယ်ကလေးများ၊ ကျောင်းသားများ ဆေးလိပ်စမ်းသောက်ခြင်း လုံးဝမပြုရန် တားမြစ်ထားရမည်။ နေ့စဉ် ဆေးလိပ်ငါးလိပ်မှ ၁ဝ လိပ်အထိ သောက်လျှင် စွဲလန်းသည်။ စီးကရက်သောက်ခြင်းမှ ဆေးပေါ့လိပ်၊ ဆေးပေါ့လိပ်မှ ကွမ်းထဲဆေးထည့်စားခြင်း၊ ဆေးငုံခြင်းတို့သည် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်သဖြင့် ဆေးလိပ်နှင့် ဝေးဝေးရှောင်ကြဉ်သင့်သည်။ အီးစီးကရက်သည် ဆေးလိပ်ဖြတ်ရန် တီထွင်ထားခြင်း ဖြစ်သော်လည်း နီကိုတင်း အခြေခံထားသောကြောင့် အမှန်မပြတ်ဘဲ အီးစီးကရက် သောက်သုံးသူများပိုမိုပေါ်ပေါက်စေသည်။ အောင်အောင်မြင်မြင် ဆေးလိပ်ဖြတ်လိုပါက တိကနဲဖြတ်ခြင်းလုပ်ရမည်။ နည်းနည်းချင်းလျှော့သောက်ခြင်းက အောင်မြင်မှုမရဘဲ အုပ်စုလိုက်ဆေးလိပ်ဖြတ်ခြင်းက အောင်မြင်စေသည်။ ဆေးလိပ်ကုမ္ပဏီများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြော်ငြာခြင်း၊ အားကစားပြိုင်ပွဲ၊ ရိုးရာပွဲများ၌ ကမကထ လုပ်ခြင်းနည်းများဖြင့် ပိုမိုအခြေချနိုင်ရေး ရည်ရွယ်လုပ်ကိုင်လာကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးလိပ်သောက်နှုန်းကျဆင်းသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြင့်မားဆဲဖြစ်သည်။
ဆေးလိပ်ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် အခြားကင်ဆာများ၊ အဆုတ်လေပြွန်ရောင်ခြင်း၊ လက်နှင့် ခြေထောက်ရှိ သွေးလွှတ်ကြောကြီးများ ပိတ်၍ ခြေချောင်း၊ လက်ချောင်း ပုပ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်း၊ လူစဉ်မမီခြင်း၊ ပန်းသေခြင်း၊ မိခင်ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးပေါင်မပြည့် လမစေ့မွေးခြင်း၊ ဉာဏ်ရည်မမီခြင်းတို့ဖြစ်စေသဖြင့် ကောင်းကျိုးတစ်ခုမျှမပေးပါ။ ငွေကုန်ကြေးကျများသဖြင့် ဆေးလိပ်ဖြတ်ခြင်းကို အခုပင်စသင့်သည်။
ကျန်းမာရေးလိုက်စားခြင်း၊ နေ့စဉ်နာရီဝက် အပြေးလမ်းလျှောက်ခြင်း၊ စက်ဘီးစီးပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ ကျန်းမာရေးကောင်းမွန်လာပါက ဆေးလိပ်ဖြတ်ရလွယ်သည်။ အားကစားလုပ်ပေးသင့်သည်။ ဆေးလိပ်သောက်သူသည် ယင်းသာမက ၄င်း၏ပတ်ဝန်းကျင်ရှိ ကလေးနှင့် မိခင်များပါ တစ်ဆင့်ခံရှူရှိုက်နေရကြောင်း သိရှိပြီးသကာလ မကောင်းသောအကျင့်ဆိုး၊ စရိုက်ဆိုးကို ပြုပြင်ယူခြင််ဖြင့် ကောင်းမွန်သော နေထိုင်မှုစနစ်တစ်ခု ရရှိနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၀)
No comments:
Post a Comment